ဉာဏ်ရည်တု

ဉာဏ်ရည်တု (သို့တည်းမဟုတ်) တုပဉာဏ်ရည် (အင်္ဂလိပ်: artificial intelligence, အတိုကောက်: AI) သည် ကွန်ပျူတာ သိပ္ပံပညာရပ်၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး စက်ကိရိယာများတွင် လူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို တုပထည့်သွင်းရန် ရည်ရွယ်သည့် ပညာရပ်ဖြစ်သည်။ AI ဖတ်စာအုပ်များတွင် ၎င်းအား "အသိဉာဏ်ရှိသော ကိုယ်စားလှယ်များ (intelligent agents) ကို ဒီဇိုင်းထုတ်ခြင်းကို လေ့လာခြင်း" ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ အသိဉာဏ်ရှိသော ကိုယ်စားလှယ် ဆိုသည်မှာ ပတ်ဝန်းကျင်ကို နားလည်သိမြင်ပြီး အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်အတွက် လုပ်ဆောင်နိုင်သည့် စနစ်များဖြစ်သည်။ ဤအသုံးအနှုန်းကို စတင်သုံးနှုန်းခဲ့သူ ဂျွန် မက်ကာသီ (John McCarthy) က ဉာဏ်ရည်တုအား "ဉာဏ်ပညာရှိသော စက်များ ဖန်တီးနိုင်မည့် သိပ္ပံနှင့် အင်ဂျင်နီယာပညာ" ဟု ဖွင့်ဆိုခဲ့သည်။
အမျိုးအစားများ
[ပြင်ဆင်ရန်]ဉာဏ်ရည်တုကို ကွဲပြားခြားနားသော အမျိုးအစား သုံးမျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ-
- ခွဲခြမ်းစိတ်ဖြာ AI (Analytical AI): ၎င်းတွင် သိမြင်မှုဆိုင်ရာ ဉာဏ်ရည် (cognitive intelligence) ၏ ဝိသေသလက္ခဏာများ ပါဝင်သည်။ ကမ္ဘာကြီး၏ သိမြင်မှုဆိုင်ရာ ကိုယ်စားပြုမှုကို ဖန်တီးနိုင်ပြီး အနာဂတ် ဆုံးဖြတ်ချက်များအတွက် အတိတ်အတွေ့အကြုံများအပေါ် အခြေခံ၍ သင်ယူနိုင်သည်။
- လူ့-လှုံ့ဆော်မှု AI (Human-Inspired AI): ၎င်းတွင် သိမြင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် (emotional intelligence) ရှိသည်။ လူ့စိတ်ခံစားမှုများကို နားလည်နိုင်စွမ်းရှိပြီး ဆုံးဖြတ်ချက်ချရာတွင် ၎င်းတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။
- လူ့ AI (Human AI): ၎င်းတွင် အရည်အသွေးအမျိုးမျိုး (ဆိုလိုသည်မှာ သိမြင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ဉာဏ်ရည်များ) ၏ ဝိသေသလက္ခဏာများ ပါဝင်သည်။ မိမိကိုယ်ကို သတိပြုမိနိုင်ပြီး အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် မိမိကိုယ်ကို သိရှိနေနိုင်သည်။
သက်ရောက်မှုများနှင့် အသုံးချမှုများ
[ပြင်ဆင်ရန်]သိပ္ပံနှင့် နည်းပညာ မြင့်မားလာသည့် လူမှုအသိုက်အဝန်းတွင် AI နည်းပညာသည် သစ်ဆန်းသည့် ဝန်ဆောင်မှုများစွာကို ပေးစွမ်းသည်။ နည်းပညာ မျိုးဆက်သစ်များသည် ခေတ်မီကမ္ဘာ၏ ရှုပ်ထွေးမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ အထူးသဖြင့် မြန်မာ့လူငယ်မျိုးဆက်သစ်များသည် AI (ဉာဏ်ရည်တု လူသားမိတ္တူ) နည်းပညာကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ဆင့်ကမ်းလာသည့် ပညာရေးစနစ်သည် လူမှုအသိုက်အဝန်း၏ အမှန်တကယ်ပုံရိပ်ကို သိမြင်နားလည်နိုင်စွမ်းကို ရောထွေးစေနိုင်သဖြင့်၊ မျိုးဆက်သစ်များ IT ခေတ်၏ စိန်ခေါ်မှုများကို မြင်နိုင်စွမ်းရှိစေမည့် ပညာရေးစနစ်ကို မရှိမဖြစ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။
AI သည် လူသားတို့၏ အလုပ်အကိုင်များစွာကို အစားထိုးလာသည်။ နည်းပညာ၊ ကျန်းမာရေး၊ ဘဏ္ဍာရေး ကဲ့သို့သော လုပ်ငန်းအမျိုးမျိုးတွင် AI ၏ အရေးပါမှု မြင့်မားလာသည်။ AI သည် ခေတ်မီ နယ်ပယ်များအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစွာကို ဖန်တီးပေးထားပြီး စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းများကို ပေးစွမ်းသည်။ AI နည်းပညာ၏ တိုးတက်မှုသည် အလုပ်အကိုင်ဈေးကွက်အပေါ် သိသိသာသာ သက်ရောက်မှုရှိသည်။ ၎င်းသည် လက်ရှိအလုပ်အကိုင်အချို့ကို နေရာယူသော်လည်း အလုပ်အကိုင်အခွင့်အလမ်းအသစ်များကိုလည်း ဖန်တီးပေးသည်။
လုပ်ငန်းငယ်များတွင် AI နည်းပညာ အစားထိုးဝင်ရောက်လာသောအခါ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် အခြားနယ်ပယ်အသီးသီးတွင် အလုပ်အကိုင်အသစ်များ ဖန်တီးပေးသည်။ Software နှင့် အင်ဂျင်နီယာ နယ်ပယ်တွင် AI နည်းပညာသည် ဆင့်ကဲပြောင်းလဲလျက်ရှိသည်။ AI ကျွမ်းကျင်ပညာရှင်များအတွက် တိုးတက်ပြောင်းလဲနေသည့် နည်းပညာနယ်ပယ်အတွင်းသို့ ကူးပြောင်းရန် အခွင့်အလမ်းများ ပွင့်လျက်ရှိသည်။ AI အင်ဂျင်နီယာများ၊ စက်ရုပ်ကျွမ်းကျင်သူများနှင့် ကျင့်ဝတ်ပညာရှင်များ (ethicists) ကဲ့သို့သော လုပ်ငန်းအမျိုးမျိုးတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသည်။
လိုအပ်သော ကျွမ်းကျင်မှုများ
[ပြင်ဆင်ရန်]AI နည်းပညာဖြင့် အသက်မွေးလိုသူများအတွက် သင်္ချာ၊ ကွန်ပျူတာ သိပ္ပံနှင့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ စွမ်းရည်များအပြင် ဆက်သွယ်ရေးနှင့် စီမံခန့်ခွဲမှု စွမ်းရည်များပါ တတ်မြောက်နားလည်ရန် လိုအပ်သည်။ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများဖြစ်သည့် သင်္ချာ၊ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာနှင့် ပရိုဂရမ်ရေးသားခြင်း ဘာသာရပ်များတွင် ခိုင်မာသော အခြေခံအုတ်မြစ်ရှိသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသည်။
ဆက်လက် ဖတ်ရှုရန်
[ပြင်ဆင်ရန်]| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |