ဇီဝိတဒါန သံဃာ့ဆေးရုံကြီး (နန်းရှေ့)

ဝီကီပီးဒီးယား မှ
ဇီဝိတဒါန သံဃာ့ဆေးရုံကြီး (နန်းရှေ့)
ပထဝီဝင်ဆိုင်ရာ
တည်နေရာ၆၂လမ်းနှင့် ၁၄လမ်းထောင့်၊ ၆၂လမ်းနှင့် ၁၅လမ်းထောင့် နန်းတော်ရှေ့၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး (နန်းရှေ့)သည် မန္တလေးမြို့ နန်းတော်ရှေ့ရှိ သံဃာ့ဆေးရုံတစ်ခုဖြစ်သည်။ မင်းကွန်းဆရာတော်ဘုရားကြီးမှ ဦးဆောင်လျက် ၁၉၈၆ခုနှစ်တွင် တည်ဆောက်ခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မန္တလေးမြို့ လေးပြင်လေးရပ်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်ကပင် ကျောင်းတိုက်ကြီးများ တည်ရှိခဲ့သည်။ ထိုကျောင်းတိုက်များရှိ ရဟန်းသံဃာ သီလရှင်များအတွက် သီးသန့်ဆေးရုံဆေးခန်း ရှားပါးသည်။ မန္တလေးပြည်သူ့ဆေးရုံကြီးတွင်မူ သံဃာအဆောင်ကို သီးသန့်ထားရှိသည်။ ထို့ကြောင့် မင်းကွန်း တိပိဋကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသမှ ဦးစီး၍ မန္တလေးမြို့ အရှေ့ပြင်အရပ်တွင် သံဃာ့ဆေးရုံတစ်ခု တည်ထောင်ခဲ့သည်။ မြေနေရာအတွက် စိန်တုံးကျောင်းတိုက်နှင့် မတ္တရာကျောင်းတိုက်တို့မှ ပေးလှူခဲ့သည်။

တည်ဆောက်ခြင်း[ပြင်ဆင်ရန်]

ဆေးရုံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဆောက်လုပ်လှူဒါန်းရေးအဖွဲ့ဖြစ်သော ဒေါက်တာသာလှ ဦးဆောင်သည့် ၁၆ဦးကော်မတီကို ၁၉၈၅ခုနှစ် ဩဂုတ် ၃၅ရက်နေ့တွင် တည်ထောင်ခဲ့သည်။ စက်တင်ဘာလ၂၂ရက်နေ့တွင် ပြင်ပလူနာဌာနကို စတင်ဆောက်လုပ်သည်။၁၉၈၆ခုနှစ် မတ်လ၃၁ရက်နေ့တွင် အတွင်းလူနာဌာန ပင်မခွဲစိတ်နှင့် ဖျားနာဆောင်ကို စတင်ဆောက်လုပ်ခဲ့သည်။၁၉၈၆ခုနှစ် ဩဂုတ်လ၂၂ရက်နေ့တွင် ပြင်ပလူနာဌာနကို ဖွင့်လှစ်ကာ စတင်ကုသပေးခဲ့သည်။ ဆေးရုံအရပ်ရပ်နှင့် ပတ်သက်၍ ၁၉၈၉ခုနှစ် နိုဝင်ဘာလ၉ရက်နေ့တွင် မဟန (၄၇)ပါးအဖွဲ့ဖြင့် လှူဒါန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ၁၉၉၀ပြည့်နှစ် ဩဂုတ် ၂၇ရက်နေ့တွင် (၁၆) ခုတင်ဆံ့ဆေးရုံအဖြစ် သတ်မှတ်ကာ အတွင်းလူနာများ စတင်လက်ခံခဲ့သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

မင်းကွန်းဆရာတော်ကြီး၏ တိပိဋကနိကာယ ဥပဌာကအဖွဲ့၏ သာသနာပြုလုပ်ငန်းသုံးသွယ်တွင်ပါဝင်သော ဤဆေးရုံကြီးကို ထိုအဖွဲ့က အုပ်ချုပ်ရေး၊ဘဏ္ဍရေး၊ကုသရေး လုပ်ငန်းများကို ဦးဆောင်ခဲ့သည်။၁၉၉၄ မတ်လ၁၅ရက်နေ့တွင် မင်းကွန်းဆရာတော်ကြီးမှ ဆေးရုံကြီးအား နိုင်ငံတော်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ ထိုမှစ၍ စီမံအုပ်ချုပ်ရေးအဖွဲ့အသီးသီးက အုပ်ချုပ်ခဲ့ရာ ၂၀၀၂ခုနှစ်တွင် မြို့မိမြို့ဖများက အစဉ်အဆက် တာဝန်ယူခဲ့သည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နန်းတော်ရှေ့ ဒေါနဘွားရပ်ကွက်တွင် တည်ရှိသည်။ ပြင်ပလူနာဌာနမှာ ၆၂လမ်း ၁၅လမ်းထောင့် မတ္တရာကျောင်းတိုက်မြေနေရာ ၁.၅၄ဧကတွင်လည်းကောင်း၊ အတွင်းလူနာဌာနမှာ ၆၂လမ်း ၁၄လမ်းထောင့် စိန်းတုံးကျောင်းတိုက်၏ မြေနေရာ ၂ဧကတွင်လည်းကောင်း တည်ဆောက်ထားရှိသည်။ ဆေးရုံကြီး၏ မြောက်ဘက်တွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ အနောက်မြောက်ဘက်တွင် အတုမရှိကျောင်းတိုက်နှင့် ကုသိုလ်တော်ဘုရားတို့ တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]