ဇလဗေဒဌာနခွဲ

ဝီကီပီးဒီးယား မှ

ဇလဗေဒဌာနခွဲ[ပြင်ဆင်ရန်]

၁။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲသည် ၁၉၆၆ ခုနှစ်မှစတင်၍ မြစ်ရေဆိုင်ရာ တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နေ့စဉ် မြစ်ရေခန့်မှန်းချက်များထုတ်ပြန်ပေးခြင်း၊ မြစ်ရေကြီးခြင်း သတိပေးချက်နှင့် အခြေအနေသတင်းထုတ်ပြန်ချက်များ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ပေး၍ ဇလဗေဒဆိုင်ရာ သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးကို ကာကွယ်ပေးလျက်ရှိသည်။ ၁၉၇၈ ခုနှစ်မှ စတင်၍ သင်္ချာပုံစံပြု Model များဖြင့် မြစ်ရေခန့်မှန်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် UNDP/WMO Project ဖြင့် ကွန်ပျူတာများနှင့် သင်္ချာပုံစံပြု Model များအား အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် JAXA ၏ အထောက်အပံ့ဖြင့် မြစ်သေးများနှင့် မြစ်အထက် ပိုင်းဒေသများအတွက် Satellite Rainfall ကို အခြေခံပြီး Integrated Flood Analysis System (IFAS) ကို အသုံးပြု၍ Flood Simulation များ ဆောင်ရွက်နိုင်ရန် ခန့်မှန်းရေးဆိုင်ရာ နည်းပညာများကို မြှင့်တင်နိုင်ခဲ့သည်။

၂။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲသည် မြန်မာနိုင်ငံ၏ မြစ်ကြီးများဖြစ်သော ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဌ၀တီမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ ငဝန်မြစ်တို့တွင် စခန်းပေါင်း (၃၀) စခန်းအတွက် မြစ်ရေဆိုင်ရာခန့်မှန်းချက်၊ သတိပေးချက် များကို ထုတ်ပြန်ပေးလျက်ရှိသည်။

၃။ နိုင်ငံတော်အစိုးရမှ သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို ထိရောက်အကျိုးရှိစေရန်အတွက် Geographic Information System နည်းပညာကို အသုံးပြုလျက် ရေလွှမ်းဧရိယာ ပြမြေပုံ ဖော်ထုတ်နိုင်ရန်နှင့် မြစ်ရေခန့်မှန်းရေးလုပ်ငန်းများတွင် အသုံးပြုရန် TNTmips GIS Software ကို နိုင်ငံတော် ဘက်ဂျက်ဖြင့် တပ်ဆင်ပေးခဲ့သည်။ ယင်း Software ကို အသုံးပြု၍ မြစ်ရေခန့်မှန်းရေဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန် ဇလဗေဒဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်လျက်ရှိသည်။

ဇလဗဒေဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၅။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲ၏ ဇလဗေဒဌာနခွဲ လက်အောက် တွင် မြစ်ရေ ခန့်မှန်းရေးဌာနစု၊ ကွန်ပျူတာဌာနစု၊ တိုင်းတာရေးဌာနစု၊ ဇလဗေဒဓာတ်ခွဲခန်းတို့ကို ဖွဲ့စည်း ထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။

၆။ မြစ်ရေခန့်မှန်းရေးဌာနစုသည် ဌာနလက်အောက်ခံ ဇလဗေဒစခန်းများ၊ မိုးလေဝသနှင့် ဇလဗေဒ စခန်းများမှ နေ့စဉ်တိုင်းတာရရှိသည့် မြစ်ရေမှတ် တိုင်းထွာချက်များကို လက်ခံရယူခြင်း၊ စိစစ်ခြင်း၊ တိုင်းတာချက်များကို စခန်းများအလိုက် ဂရပ်ရေးဆွဲခြင်း၊ တွက်ချက်ခြင်းနှင့် ခန့်မှန်းချက် ထုတ်ပြန်ခြင်း များကို နေ့စဉ်ဆောင်ရွက်ကြရသည်။ မြစ်ရေကြီးမည့်ခန့်မှန်းချက်၊ မြစ်ရေ အခြေအနေသတင်း၊ ထူးခြား မြစ်ရေ အခြေအနေသတင်း၊ ရေနည်းသတိပေးချက်တို့ကို ကြိုတင် ထုတ်ပြန်ပေးပါသည်။ မြန်မာနိုင်ငံ မြစ်ကြီးများ၏ မြစ်ရေအခြေအနေများကို ဆန်းစစ်လေ့လာ၍ လစဉ်နှင့်နှစ်စဉ် အစီရင်ခံစာပြုစု တင်ပြ ပေးပါသည်။ မြစ်ရေကြီးမှုဖြစ်ပေါ်ခြင်းအတွက် အစီရင်ခံစာများကို ပြုစုရေးသားတင်ပြရသည်။

၇။ ကွန်ပျူတာဌာနစုဝန်ထမ်းများသည် မြစ်ရေခန့်မှန်းရေးဌာနစုမှ လက်ခံရှိသည့် ဇလဗေဒ အချက် အလက် မှတ်တမ်းများကို ကွန်ပျူတာတွင် ထည့်သွင်းခြင်း၊ သရုပ်ခွဲလေ့လာခြင်း၊ သင်္ချာပုံစံများဖြင့် စမ်းသပ်တွက်ချက်ခြင်းများ ဆောင်ရွက်ကြရသည်။ နှစ်အလိုက် ဇလဗေဒ နှစ်ချုပ်စာအုပ် ပြုစုထုတ်ဝေ နိုင်ရေးအတွက် ဇလဗေဒစခန်းများ၊ မိုးလေဝသနှင့်ဇလဗေဒစခန်းများအားလုံး၏ နေ့စဉ် ဇလဗေဒ အချက် အလက်များကို သတ်မှတ်ပုံစံဖြင့် ကွန်ပျူတာတွင်ပြည့်စုံစွာ ထည့်သွင်းခြင်း၊ စိစစ်ခြင်း၊ ဂရပ်ပုံများ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ကြရသည်။ GIS နည်းပညာကို အသုံးပြု၍ ရေကြီးမှုဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မြစ်များ၏ရေလွှမ်းဧရိယာပြမြေပုံရေးဆွဲ ထုတ်ပြန်နိုင်ရန် ဂြိုဟ်တုမြေပုံများ အသုံးပြုဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။

၈။ တိုင်းတာရေးဌာနစုသည် ဇလဗေစခန်းသစ်ဖွင့်လှစ်ခြင်း၊ စခန်းတွင် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ခြင်း၊ နှစ်စဉ် စခန်းရွေးချယ်လျက် စခန်းများ၏ ရေစီးနှုန်း၊ မြစ်အောက်ခြေကန့်လန့်ဖြတ် ပုံစံ၊ သဲနုံးထုထည်စီးဆင်းမှု၊ ရေထုထည်စီးနှုန်း ပြောင်းလဲမှုအခြေအနေ စစ်ဆေးတိုင်းတာခြင်းတို့ကို ဆောင်ရွက်ကြရသည်။ စီမံကိန်းလုပ်ငန်းများအတွက် ဇလဗေဒ အထူးတိုင်းထွာရေးလုပ်ငန်းများ ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးရသည်။

၉။ နိုင်ငံတော်နှင့်ပြည်သူများအနေဖြင့် သန့်ရှင်းသောရေကို အသုံးပြုနိုင်/သောက်သုံးနိုင်ရန် အလွန်အရေးကြီးသည့်အလျောက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲ သည် မြန်မာနိုင်ငံ မြစ်ကြီးများ၏ ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဇလဗေဒ ဓာတ်ခွဲခန်းတွင် ရေအရည်အသွေးတိုင်းတာခြင်း၊ မြစ်ရေတွင် သဲနုံးပါဝင်မှု တိုင်းတာခြင်းများနှင့် အက်ဆစ်ဖြစ်ထွန်းမှုစောင့်ကြည့်တိုင်းတာရေး အစီအစဉ်အရ လက်ခံရရှိသော တိုင်းတာရေး ကိရိယာများ ဖြင့် မိုးရေတွင် အက်ဆစ်ပါဝင်မှု၊ အိုင်းယွန်းပါဝင်မှု၊ ရေသန့်စင်မှု ပမာဏများ တိုင်းတာခြင်း၊ တိုင်းတာချက် မှတ်တမ်းများ ထိန်းသိမ်းခြင်း၊ ဆန်းစစ်လေ့လာတွေ့ရှိချက်များအပေါ် အစီရင်ခံစာ ပြုစုတင်ပြခြင်းများကို ဆောင်ရွက်ကြရသည်။


ဇလဗေဒတိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ

၁၀။ ဇလဗေဒဆိုင်ရာ တိုင်းတာရေးစခန်း/ရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ဇလဗေဒစခန်း (၃၀) စခန်း

(ခ) မိုးလေ၀သနှင့် ဇလဗေဒစခန်း (၃၉) စခန်း


ဇလဗေဒဆိုင်ရာတိုင်းတာချက်များ

၁၁။ တိုင်းတာရေးစခန်းများမှ တိုင်းတာချက်များကို တိုင်းတာရယူပြီး ရုံးချုပ်သို့ပေးပို့ရသည်။ တိုင်းတာ ရေးစခန်းများအလိုက်တိုင်းတာသည့်တိုင်းတာချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြစ်ရေမှတ် တစ်နေ့ (၃) ကြိမ်

(ခ) ရေငွေ့ပျံနှုန်း တစ်နေ့ (၁) ကြိမ်

(ဂ) မြစ်ရေအပူချိန် တစ်နေ့ (၃) ကြိမ်

(ဃ) ရေစီးနှုန်း (နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

(င) မြစ်ရေထုထည်စီးနှုန်း - ။ -

(စ) သဲနုန်း ထုထည်စီးနှုန်း - ။ -

(ဆ) မြစ်အောက်ခြေ ကန့်လန့်ဖြတ် ပုံစံ - ။ -


ဇလဗေဒ ဆိုင်ရာ ခန့်မှန်းချက်/သတိပေးချက်/အခြေအနေသတင်းများ

၁၂။ ဇလဗေဒဌာနခွဲမှ ထုတ်ပြန်ပေးသည့် ခန့်မှန်းချက်/သတိပေးချက်နှင့် အခြေအနေသတင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က) ခန့်မှန်းချက်များ

(၁) နေ့စဉ် ဇလဗေဒ ခန့်မှန်းချက်

(၂) (၁၀)ရက်ပတ် ဇလဗေဒ ခန့်မှန်းချက်

(၃) လအလိုက် ဇလဗေဒ ခန့်မှန်းချက်

(၄) မိုးရာသီ ယေဘုယျ ဇလဗေဒခန့်မှန်းချက်

(၅) မိုးဦး/မိုးလယ်/မိုးနှောင်း ဇလဗေဒ ခန့်မှန်းချက်


(ခ) သတိပေးချက်များ

(၁) မြစ်ရေကြီးမည့် သတိပေးချက်

(၂) ရေနည်းမည့် သတိပေးချက်


(ဂ) အခြေအနေသတင်းထုတ်ပြန်ချက်

(၁) မြစ်ရေကြီးမှုအခြေအနေသတင်းထုတ်ပြန်ချက်

(၂) ထူးခြားမြစ်ရေ အခြေအနေသတင်းထုတ်ပြန်ချက်

(၃) ရေနည်းမည့် အခြေအနေသတင်းထုတ်ပြန်ချက်