ဆောင်ကြာမြိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆောင်ကြာမြိုင် ဝေါဟာရအသစ် ဖြစ်ပေါ်ခေတ်စားခဲ့သည်မှာ ပဒေသရာဇ် ခေတ်နှောင်းပိုင်းမှာပင် ဖြစ်သည်။ မင်းတုန်းမင်းခေတ်မှသည် ကိုလိုနီခေတ် ဖက်ဆစ်ဂျပန်တို့ စိုးမိုးချယ်လှယ်သော အချိန်တို့တွင် သုံးနှုန်းခဲ့ကြသည်။ ဆောင်ကြာမြိုင်ဟူသည် ပြည့်တန်ဆာတို့ အလုပ်လုပ်ရာ အိမ်ဟု မြန်မာအဘိဓာန်ကျမ်းတွင် အနက်ဖွင့်ဆိုသည်။

ဆောင် ၏အနက်၌ အဘိဓာန်ကျမ်းတွင် နန်းတော်၊ အိမ်၊ ကျောင်း စသည့် အဆောက်အဦတို့တွင် ပါဝင်သော အမိုးသီးခြားရှိသည့် အစိတ်အပိုင်း၊ အဆောင်ဟု ဖွင့်ဆိုထားသည်။ ဤ၌ နန်းတော် အိမ်တော်၏ အဆောင်ကိုပင် ဆိုလိုရင်း ဖြစ်ပါသည်။

ကြာ ကိုအနက်ဖွင့်ရာတွင် အဘိဓာန်ကျမ်းတွင် ရေတွင်ပေါက်သော အပွင့်ဖြူ၊ နီ၊ ညို ပွင့်တတ်သည့် အပင်တစ်မျိုးဟု အဓိပ္ပါယ်ဖွင့်သည်။ သို့သော် ဆင့်ပွားကြာကို မန္တလေးခေတ်အခါ၌ မိန်းကလေးများကို ရိပ်စားသုံးနှုန်းကြရာမှ (ကြာမျက်လုံး၊ ကြာကြည့်၊ ကြာခို၊ ကြာခြည်၊ ကြာခြည်လှစ်) စသည့်စကားပွားများ ဆင့်ကဲခဲ့ကြသည်။ အရှင်းဆိုရသော် ကြာပန်းအမူအရာနှင့် ကြည့်သောသူ၊ သူတစ်ပါး၏မယား၊ ဇနီးကို တိတ်တဆိတ်ပေါင်းသင်းနေထိုင်တတ်သူကို ကြာခိုသူ၊ ကာရံထားသော ခြည်ထောင်အား လှစ်ဟဖွင့်ကြည့်သူကို ကြာခြည်လှစ်သည် စသည်ဖြင့် ထီးရိပ်နန်းပါ စကားဆိုခဲ့ကြသည်။

နန်းဓလေ့မှတ်တမ်းနှင့် ရွှေဘုံနိဒါန်းတို့တွင် ဆောင်ကြာမြိုင်ဟူသည်မှာ နန်းတော်၊ အိမ်တော်၊ မိဖုရားများ၏ အဆောင်များနှင့် သက်ဆိုင်သော ကဏ္ဍတစ်ရပ်ဟု ဖွင့်ဆိုသည်။ လှိုင်ထိပ်ခေါင်တင် ရေးဖွဲ့သော စိန်ခြူးကြာညောင် ဘောလယ်တွင် စိန်များဖြင့် ခြယ်သထားသော ခြူးပန်း၊ ခြူးနွယ်များဖြင့် တန်ဆာဆင်အပ်သော သလွန်ညောင်စောင်းတွင် ကြာပန်းများနှင့် ညောင်ရွက်ပုံများလည်း အလှအပအဖြစ် ထွင်းထုဆင်ယင်ထားကြောင်း ရာဇဝင်ဓလေ့ထုံးတမ်းအဖြစ် တွေ့မြင်ရပေသည်။

မြန်မာတို့၏ ယဉ်ကျေးမှုအဖြစ် ပန်းပုလက်ရာများတွင် ကြာနှင့် ကနုတ်များ ပါလေ့ရှိကြောင်း ရှေးဟောင်းပစ္စည်းများတွင် ယနေ့တိုင် မြင်တွေ့နိုင်သေးသည်။ ဇာတ်ကြောင်းများ၊ ရှေးရာဇဝင်နိပါတ်တော်များကို သရုပ်ဖော်ရာတွင် ကြာရွက်၊ သလွန်၊ ညောင်ရွက်များ တပ်ဆင်ရေးခြယ်ကြကြောင်း တွေ့ရသည်။

မြန်မာ့ရိုးရာ အနုပညာရပ်များတွင် ကြာ၏ သဘောကို ဘာသာရေးဆိုင်ရာ အဆောက်အဦများတွင် တွေ့ရသည်။ အိန္ဒိယပြည်မှ ဆင့်ပွားပြန့်နှံ့လာကြောင်း တွေ့ရပြီး မြင့်မြတ်သိမ်မွေ့သော အရာဌာနနှင့် အဖြစ်အပျက်တို့တွင်လည်း ဆောင်ကြာမြိုင် ဟူသော စကားကို သုံးနှုန်းလေ့ရှိသည်။

ဆောင်ကြာမြိုင်ဟူသော အသုံးအနှုန်းသည်ယခင်က ထီးရိပ်နန်းရိပ်တွင်သာ သုံးစွဲခဲ့ကြသောလည်း စစ်မဖြစ်မှီ စစ်ကြိုခေတ်နှင့် ဂျပန်ခေတ်ရောက်သည့် အခါတွင် ပြည့်တန်ဆာများနေရန် ဖွင့်လှစ်ထားသည့် အိမ်အဖြစ် လူသိများ ရေပန်းစားခဲ့သည်။ ယခုခေတ်တွင်ကား ဆောင်ကြာမြိုင်ဟူသည့် စကားသည် (ပြည့်တန်ဆာအိမ်)ဟု ယဉ်ကျေးသိမ်မွေ့စွာ ပြောင်းလဲခေါ်ဝေါ်ထားကြောင်း သိကြသည်။

ဖြစ်ရခြင်း အကြောင်းတရား[ပြင်ဆင်ရန်]

စစ်ပြီးခေတ် အမျိုးသမီး ကယ်ဆယ်စောင့်ရှောက်ရေးအသင်း၏မှတ်တမ်းများ၌ ဆောင်ကြာမြိုင်မင်းသမီး ဖြစ်ရခြင်း အကြောင်းတရားတို့ကို သုံးသပ်တင်ပြထားသည်။

  1. ဆင်းရဲမှုနှင့် အတူ ဝမ်းစာရေးကြောင့် ဖြစ်ရခြင်း။
  2. မိန်းမထိန်း (အဆွယ်)များ၏ သွေးဆောင်ဖြားယောင်းမှုကြောင့် ဖြစ်ရခြင်း။
  3. အုပ်ထိန်းဆောင့်ရှောက်မှုချွတ်ယွင်းကင်းမဲ့၍ ဖြစ်လာရခြင်း။
  4. အခြေခံပညာမဲ့၍ ဟီရိဩတ္တပ္ပတရားကို နားမလည် စိတ်ဓာတ်ညံ့ဖျင်း၍ ဖြစ်ရခြင်း။
  5. အဝတ်အစား လျပ်ပေါ်လော်လီ၍ အပျော်အပါး လိုက်စားလွန်း၍ ဖြစ်ရခြင်း။
  6. ကာမဂုဏ်အရာတွင် ဝါသနာထုံ နစ်မျော၍ ဖြစ်ရခြင်း။
  7. စီးပွားဖြစ် ငွေရလိုမှုကြောင့် ဖြစ်ရခြင်း။ ဤကား ဆောင်ကြာမြိုင်မင်းသမီး ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်ပါသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းထွန်း(လှည်းကူး) ရေး ဂျပန်ခေတ် ရန်ကုန်ဆောင်ကြာမြိုင်မှတ်တမ်းနှင့် သမိုင်းပုံရိပ်၊ ၂၀၁၈၊ ဒီဇင်ဘာ၊ စာ -၂၄