ပြည့်တန်ဆာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပြည့်တန်ဆာဟူသည် လိင်ဆက်ဆံမှုကိစ္စများအတွက် အဖိုးအခ ရယူ၍ လုပ်ကိုင်ဆောင်ရွက်သူ လိင်လုပ်သား ဖြစ်သည်။ commercial sex worker ဟူ၍လည်းခေါ်သည်။

ပြည်ကြီးတန်ဆာ ဟူသော ပြည့်တန်ဆာဟူသည်မှာ ယဉ်ကျေးသော မြန်မာအသုံးအနှုန်းဖြင့် ခေါ်တွင်စေခဲ့သော (မိန်းမရွှင်) (ညဉ့်ငှက်)ဟူ၍ ဖြစ်သည်။ ပါဠိအဘိဓာန်တွင် ပြည့်တန်ဆာ ပရိယာယ်ကို (၆)မျိုးပြဆိုရာ နာဂရသောဘိနိပုဒ်ကို အကြောင်းပြု၍ မြန်မာလိုပြည့်တန်ဆာဟူသည့် ယဉ်ကျေးဖွယ်ရာ ဝေါဟာရဖြစ်ထွန်းလာသည်ဟု ဆိုရပေမည်။

နာဂရံပြည်ကို၊ သောဘိနီ....တင့်တယ်စေတတ်၏။ (သို့) တန်ဆာဆင်တတ်၏။ ဣတိ...ထို့ကြောင့် နာဂရံဘိနီ ...ပြည့်တန်ဆာမည်၏ဟု ဝိဂြိုဟ်ပြုကြသည်။ ယနေ့ခေတ်တွင် ဇိမ်မယ်၊ အပြာမယ် ဟူသော ဝေါဟာရသစ်ဖြင့် ရန်ကုန်မြို့လူထုက အသိအမှတ်ပြုရ သကဲ့သို့ ယဉ်ကျေးခြင်း မပြည့်တင်းဘဲ အဓိပ္ပါယ်လည်း မငုံမိချေ။ မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၌ ဤသို့ အရေးတယူ ဖော်ပြထားကြောင်း တွေ့ရပေသည်။ (ရတနာပုံခေတ် ရှေ့ရုံးတော် အရာရှိတို့ ဆောင်ရွက်ရသော ဝတ္တရားများတွင် ပြည့်ကံကျွေး သွေးမစွန်း၊ စဏ္ဍာဠ၊ အစုများမှာ နေရာတကျရှိအောင် ဆောင်ရွက်ဆင့်ဆိုရသော အမှုထမ်းလည်း ပါရှိလေကြောင်း သိရှိရသည်။

ပြည့်ကံကျွေး ဆိုသည်မှာ ဤနေရာ၌ ပြည့်တန်ဆာမကို ဆိုလိုသည်။ ပြည့်တန်ဆာဆိုသည်မှာလည်း နှစ်မျိုးနှစ်စား ရှိသေးသည်။ ပထမမျိုးမှာ သတ်မှတ်ထားသောနေရာတွင် ပြည့်တန်ဆာဟူ၍ အတိအလင်း ထင်ရှားစွာ ပြည့်တန်ဆာ လုပ်သူဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ သတ်မှတ်ထားသောနေရာတွင် မနေဘဲ မြို့တွင်း၊ ရွာတွင်းမှာနေပြီး မထင်မရှား ပြည့်တန်ဆာလုပ်သူ အားလုံးကို ဆိုလိုသည်။ သတ်မှတ်နေရာတွင် အထင်အရှား ပြည့်တန်ဆာလုပ်သူကို ဇိမ်မယ် ဟူ ၍၎င်း၊ မိန်းမသွမ်း ဟူ၍၎င်း ခေါ်ဝေါ်၍ သတ်မှတ်ထားသောနေရာတွင် မနေဘဲ တိတ်တိတ်ပုန်း ပြည့်တန်ဆာလုပ်၍ ၍ငွေရှာသော မိန်းမများကို ကွိတ် ဟူ၍၎င်း၊ မိန်းမပေါ့ ဟူ၍၎င်း ခေါ်ဆိုကြသည်။

ပြည့်တန်ဆာ အလုပ်သည်လည်း စီးပွားရေးကြပ်တည်းသဖြင့် ယခုမှ ပေါ်ပေါက်လာသော အလုပ်မဟုတ်ဘဲ၊ အလွန်ရှေးကျသော ခေတ်အခါကပင် ကမ္ဘာ့အနှံ့အပြား၌ တည်ရှိခဲ့သော အလုပ်မျိုးဖြစ်ပေသည်။ သို့သော် ကျေးလက်တောရွာတို့၌ကား ပြည့်တန်ဆာလုပ်ငန်းကို မတွေ့ရပေ။ ဆိုးရွားလှသော ဂျပန်ခေတ်ကာလပင် တောရွာဒေသများ၌ ပြည့်တန်ဆာများ မရှိသလောက် ရှားပါးခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ မြန်မာတို့ ကိုးကွယ်သော ဘာသာတရား၏ အဆုံးအမကြောင့်၎င်း၊ မိသားစုစိတ်ဓာတ်၊ ဆွေမျိုးဉာတိစိတ်ဓာတ် စသည်တို့ မွေးမြူနိုင်ခဲ့ပြီး ပေါင်းသင်းဆက်ဆံမှု ကောင်းကြသဖြင့်၎င်း၊ အဝတ်အစား လော်လည်မှုကင်းပြီး ရိုးသားစွာ နေတတ်ကြသော ဓလေ့ကြောင့်၎င်း ဖြစ်တန်ရာ၏။[၁]

အမ်စတာဒမ်၌ ဈေးစကားပြောနေသည့် ပြည့်တန်ဆာတစ်ဦးအား တွေ့ရစဉ်

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းထွန်း(လှည်းကူး) ရေး ဂျပန်ခေတ် ရန်ကုန်ဆောင်ကြာမြိုင်မှတ်တမ်းနှင့် သမိုင်းပုံရိပ်၊ ၂၀၁၈၊ ဒီဇင်ဘာ၊ စာ -၅၇