ဆီးချိုအမျိုးအစား-၂

ဝီကီပီးဒီးယား မှ
ဆီးချိုအမျိုးအစား-၂
Universal blue circle symbol for diabetes.[၁]
အထူးပြုFamily medicine, endocrinology Edit this on Wikidata

ဆီးချိုအမျိုးအစား-၂ သည် အင်ဆူလင်ကိုခုခံခြင်း*¹နှင့် အင်ဆူလင်မတိုးခြင်း*² ကြောင့်ဖြစ်သည်။ ယင်းနှင့်အတူ အင်ဆူလင်ထုတ်လုပ်ခြင်း လည်း အနည်းငယ် ကျဆင်းလာတတ်သည်။ အချို့လူနာများတွင်မူ အင်ဆူလင် လုံးဝ မထုတ်လုပ်နိုင်တော့ သည်လည်း ရှိသည်။ မည်သည့် အချက်က ချို့ယွင်းသည်ဟူ၍ အတိအကျ ဆိုနိုင်သေးသည်တော့ မဟုတ်။ သိရှိရသလောက် ချို့ယွင်းချက်များကို တူရာတူရာစု၍ ဆီးချိုအမျိုးအစား ခွဲခြားထားရခြင်းဖြစ်သည်။ ဆီးချိုအမျိုးအစား-၂ မှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်သည်။

ဆီးချို-၂၏ အစောပိုင်း အဆင့်တွင် ရောဂါဖြစ်စေသော အဓိက ချို့ယွင်းချက်မှာ အင်ဆူလင်သတ္တိမတိုးခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းအဆင့်တွင် သွေးအတွင်းရှိ အင်ဆူလင် ပမာဏသည် များ၍နေသည်။ ဤအဆင့်၌ သွေးအတွင်း သကြားဓာတ်ပမာဏကို လျှော့ချရန်အတွက် အင်ဆူလင်အပေါ်တုံ့ပြန်မှု တိုးစေရန် (တနည်း- အင်ဆူလင်တိုးစေရန်) ရည်ရွယ်ချက်ဖြင့် ဖြစ်စေ အသည်း*³မှ ဂလူးကိုစ့်ဓာတ် ထုတ်လုပ်မှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ဆေးဝါးများပေးကြသည်။ ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာသောအခါ အင်ဆူလင် ထုတ်လုပ်မှု ပါ ကျဆင်းလာသည်။ ထိုအခါ အင်ဆူလင်ကုထုံး**¹ ပါ လိုအပ်လာရလေ့ရှိသည်။

ဆီးချို-၂ ဖြစ်စေသော ရောဂါ အကြောင်းရင်းနှင့် ရောဂါဖြစ်စဉ်အပေါ် သုံးသပ်ထားသော သီအိုရီ မြောက်မြားစွာ ရှိသည်။ ဝမ်းဗိုက်ပိုင်းအဆီများခြင်း**² (ခါး ပတ်ဝန်းကျင်နှင့် ကိုယ်တွင်းကလီစာများ အဆီဖုံးခြင်း ) သည် “အင်ဆူလင်ကို ခုခံခြင်း” ဖြစနိုင်စွမ်း**³ ရှိသည်။ ဝမ်းဗိုက် အဆီပြင်သည် အဒီပိုကိုင်းစ်***¹ ဓာတုပစ္စည်းကို ထုတ်လုပ်နိုင်စွမ်းရှိသည်။ အဒီပိုကိုင်းစ်သည် ဂလူးကိုစ့်ထိန်းသိမ်းရေးစနစ် ကို ကျဆင်းစေသည်။ အဆီများ အဝလွန်ခြင်းကို ဆီးချိုအမျိုးအစား-၂ ဖြစ်သူများ၏ ၅၅ ရာခိုင်နှုန်းတွင် တွေ့ရသည်။ အခြား ဖြစ်နိုင်စွမ်း အချက်များတွင် အသက်အရွယ် ကြီးလာခြင်းလည်း ပါဝင်သည်။ ( မြောက်အမေရိကရှိ အသက်ကြီးသူများ၏ ၂၀ရာခိုင်နှုန်းတွင် ဆီးချိုရှိသည်။) ထို့ပြင် မိသားစုရောဂါ ရာဇဝင် လည်းပါဝင်သည်။ (အမျိုးအစား-၂ သည် ဆွေမျိုး အရင်းအခြာအတွင်း ဆီးချိုရောဂါ ရှိမှုနှင့် အတော်လေး ပတ်သက်ဆက်နွှယ်မှုရှိသည်။)

နောက်ဆုံးဆယ်စုနှစ်အတွင်းတွင် ဆီးချိုအမျိုးအစား-၂ သည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင်ပါ အဖြစ်များလာသည်ကို တွေ့ရသည်။ ဖြစ်နိုင်ချေရှိသည်မှာ အချို့နေရာများရှိ ကလေးငယ်များ ဤဆယ်စုနှစ် အတွင်း အဝလွန်လာခြင်းကြောင့် ဖြစ်ပေမည်။ သဘာဝ ပတ်ဝန်းကျင် ကလည်း ဆီးချို လတ်တလော အဖြစ်များလာရခြင်းအပေါ် သက်ရောက်မှု ရှိမည်။ ဆီးအတွင်း ဘစ်ဖီနော အေ***³ တွေ့ရှိရခြင်း နှင့် ဆီးချို-၂ ဆက်စပ်မှုကို တွေ့ရသည်။

ဆီးချိုအမျိုးအစား-၂ကို ရှေးဦးစွာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း (တိုက်တွန်းထားသော အားကစားများနှင့် တားမြစ်ထားသော အားကစားများကို ကြည့်ရန် ဤနေရာကို နှိပ်ပါ။)ကစီဓာတ်- ကာဘိုဟိုက်ဒရိတ်ဓာတ် စားသုံးမှု လျှော့ချခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း များဖြင့် ကုသသည်။ ၎င်းတို့က အင်ဆူလင်တိုးမှု (တနည်း- အင်ဆူလင်သတ္တိကို ခုခံမှု လျော့နည်းစေခြင်း ဟုလည်းဆိုနိုင်မည်)ကို ပြန်လည်ထိန်းသိမ်းပေးသည်။ တခါတရံ၌ ဤသို့ထိန်းသိမ်းယုံမျှနှင့် ကျေနပ်ဖွယ် သကြားဓာတ်ပမာဏကို ရရှိကောင်း ရရှိနိုင်သည်။ သို့ရာတွင် အင်ဆူလင်ခုခံမှု ဖြစ်နိုင်စွမ်းမှာ လျော့ကျမသွား။ ထို့ကြောင့် အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်လျှော့ခြင်း များကို ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ နောက်တစ်ဆင့်မှာမူ (လိုအပ်ပါက) ဆီးချိုသောက်ဆေးများ ပေးခြင်းဖြစ်သည်။

အမျိုးအစား-၂ တွင် အင်ဆူလင်ထုတ်လုပ်မှုသည် အနည်းငယ်သာ ကျဆင်းတတ်သဖြင့် (အင်ဆူလင် ကုထုံးကို မသုံးသေးဘဲ ) ပန်ကရိယ၏ ဘီတာဆဲလ်မှ အင်ဆူလင်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန် အားပေးသော သောက်ဆေးမျိုး( ဥပမာ ဆာဖွန်နိုင်းယူရီးယား- sulfonyluria) ပေးနိုင်သည်။ သို့မဟုတ် အသည်းမှ ဂလူးကိုစ့်-သကြားဓာတ် ထုတ်လုပ်မှုကို ထိန်းသိမ်းပေးပြီး အင်ဆူလင်ခုခံမှု ကိုလျှော့ချပေးသော သောက်ဆေး(ဥပမာ မက်ဖော်မင်-metformin) ပေးနိုင်သည်။ သို့မဟုတ် အင်ဆူလင်ခုခံမှုကို အတော်များများ လျှော့ချပေးနိုင်သော သောက်ဆေး(ဥပမာ သိုင်ရာဇိုလီ ဒိုင်နီဒီအုန်း- thiazolidinediones) ကိုပေးနိုင်သည်။

သောက်ဆေးပေးပြီးကုသခြင်းသည် ရောဂါနှောင်းပိုင်းတွင် အင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်များ ထပ်မံပျက်စီးခြင်းကြောင့် လူနာအပေါ် ဆေး၏ သက်ရောက်မှု ကျဆင်းလာမည်။ ထိုအချိန်တွင် သကြားဓာတ်ပမာဏကို ပုံမှန်သို့မဟုတ် ပုံမှန်နီးပါး ထိန်းသိမ်းနိုင်ရန် အင်ဆူလင်ကုထုံးကို သုံးရမည်ဖြစ်သည်။

အောက်ခြေမှတ်စု[ပြင်ဆင်ရန်]

အင်ဆူလင်ကိုခုခံခြင်း*¹insulin resistance အင်ဆူလင်မတိုးခြင်း*²reduced insulin sensitivity အသည်း*³liver အသည်းသည် ကာဘိုဟိုက်ဒရိတ် ( ကစီဓာတ်) မက်တာဘိုးလစ် ဖြစ်စဉ် နှင့် ပရိုတင်း( အသားဓာတ်)မက်တာဘိုးလစ်ဖြစ်စဉ် အတွက် အရေးကြီးသည်။ အင်ဆူလင်ကုထုံး**¹insulin theraphy ဝမ်းဗိုက်ပိုင်းအဆီများခြင်း**²central obesity အဝလွန်ခြင်းတွင် ဝမ်းဗိုက်ပိုင်းအဆီများခြင်းနှင့် တကိုယ်လုံး အဆီများခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဖြစ်နိုင်စွမ်း**³risk ရောဂါကို အားပေးအားမြောက်ပြုသည့် အချက်။ ဤအချက်သည် ရောဂါကို မုချမသွေဖြစ်စေသော အချက်ကားမဟုတ်။ ရောဂါကို ဖြစ်မည်ဆိုက ဖြစ်နိုင်အောင် အားပေးသော အချက်သာလျှင်ဖြစ်သည်။ အဒီပိုကိုင်းစ်***¹adipokines ဘစ်ဖီနော အေ***³bisphenol A[၂]

မူရင်း ရင်းမြစ်[ပြင်ဆင်ရန်]

  1. Diabetes Blue Circle Symbol။ International Diabetes Federation (17 March 2006)။ 5 August 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2020 တွင် ပြန်စစ်ပြီး။
  2. ဆီးချိုနှင့်ဆက်စပ်ရောဂါများ | Diabetes Mellitus—is a condition in which the body either does not produce enough, or does not properly respond to, insulin, a hormone produced i...