အင်ဆူလင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အင်ဆူလင် (အင်္ဂလိပ်: insulin ) ဟူသည် သရက်ရွက် (ပန်ခရိယ) မှထုတ်သော ဟော်မုန်းတမျိုးဖြစ်ပြီး သွေးတွင်းရှိ သကြားဓာတ် (ဂလူကို့) ပမာဏကို ထိန်းသည်။

ခန္ဓာကိုယ်မှ လုံလောက်အောင် အင်ဆူလင်မထုတ်နိုင်လျှင် သွေးတွင်း၌ သကြားဓာတ်များကာ ဆီးချိုသွေးချိုဖြစ်တော့သည်။ သွေးတွင်း၌ သကြားဓာတ်မလောက်လျှင် လူ့ခန္ဓာကိုယ်က ကိုယ်တွင်းသကြားဓာတ်ထုတ်ယူခြင်း (glycogenolysis) နည်းဖြင့် အသည်းနှင့် ကြွက်သားများတွင် သိမ်းထားသော ကလိုင်ကိုဂျင် (glycogen) ကို ဓါတုနည်းဖြင့် ဖြိုခွဲကာ သကြားဓာတ်ထုတ်သည်။ သွေးတွင်း၌ သကြားဓာတ်များလျှင် အထက်နည်းဖြင့်ပင် ဖော်ပြရာအစိတ်အပိုင်းတို့၌ သိမ်းသည်။ သိမ်းရမည်အချိန်ကို အချက်ပြသည်မှာ အင်ဆူလင်တည်း။ ခန္ဓာကိုယ်အတွက် အခြားလုပ်ဆောင်ချက်များ ရှိသေးရာ သွေးကြောအကျဉ်းအကျယ်ကိုထိန်းသည်လည်း အဝင်အပါဖြစ်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

၁၉၁၆ ခု၌ ရိုမေးနီးယားသား ခန္ဓာဗေဒပါမောက္ခ နီကိုလာရေ့ပေါလက်စကူ (Nicolae Paulescu) က ဘူချာရက်ရှိ ဆေးပညာနှင့်ဆေးဝါးတက္ကသိုလ်တွင် အင်ဆူလင်ကို ပထမဆုံး ခွဲခြားထုတ်ယူနိုင်ခဲ့သည်။ ယင်းကို ပန်ခရီယင် (pancrein) ဟု အမည်ပေးသည်။ ပန်ခရိယမှထုတ်သောအရည်ကို ဆီးချိုရှိသောခွေးကို ထိုးပေးရာ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ကြောင်း တွေ့ရှိခြင်းတည်း။ ပထမကမ္ဘာစစ်ကြောင့် စမ်းသပ်ချက် ဆက်မလုပ်နိုင်။ ၁၉၂၁ အစောပိုင်းတွင် ဘူချာရက်၌ သူလုပ်ခဲ့သော စမ်းသပ်ချက်အကြောင်း စာတမ်း ၄ စောင် ရေးသည်။ နောက်နှစ်တွင် အထက်စာတမ်းများကို အစာရယူခြင်း၌ပန်ခရိယ၏အခန်းကဏ္ဍကိုလေ့လာချက် အမည်ဖြင့် စာတမ်းရှည် ရေး၏။ ယင်းကို ၁၉၂၁ ခု၊ ဇွန်လ ၂၂ ရက်တွင် ခန္ဓာဗေဒဆိုင်ရာနိုင်ငံတကာပိဋကတ်တိုက် (Archives Internationales de Physiologie) တွင် ထည့်သွင်းသိမ်းဆည်းခဲ့သည်။ [၁][၂]

ကနေဒါရှိ အနောက်ပိုင်းအွန်တာရီယိုတက္ကသိုလ်မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဖရက်ဒရစ် ဘန်တင်း (Frederick Banting) နှင့် သူ၏လက်ထောက် ချားဘက် (Charles Best) တို့သည်လည်း အလားတူစမ်းသပ်မှုမျိုးကို ကျန်းမာသောခွေးတွင် စမ်းသည်။ ဆီးချိုရောဂါကြောင့် သေအံ့ဆဲဆဲလူနာ အသက် ၁၄ နှစ်အရွယ် လီယိုနာ့ သွန်ပဆင် (Leonard Thompson) ကို အင်ဆူလင် စထိုးပေးကာ လူသားတွင် အသုံးပြုနိုင်ကြောင်း သိရသည်။ [၃] ဆေးထိုးခြင်းကြောင့် အသက်ဆန့်နိုင်ခဲ့၏။ အင်ဆူလင်ကို ရှာတွေ့ခြင်းကြောင့် ဘန်တင်းသည် အလားတူနည်းအားတွေ့သူ ဂျွန် မက္ခလောက် (John Macleod) နှင့်အတူ ၁၉၂၃ ခု၌ ဆေးပညာဆိုင်ရာနိုဘယ်ဆု ရသည်။

မျိုးရိုးဗီဇပြုပြင်နည်းဖြင့် ထုတ်သော လူလုပ် အင်ဆူလင်ကို ၁၉၇၇ ခုတွင် အီးကိုလီ (E. coli) ခေါ် ဘက်တီးရီးယားတမျိုးမှ ဟားဘတ် ဘွိုင်ယာ (Herbert Boyer) က ထုတ်ယူနိုင်ခဲ့သည်။ [၄][၅]

စာဟောင်း[ပြင်ဆင်ရန်]

ဆီးချို-၁နှင့် ဆီးချို-၂ တို့တွင် ဆီးချိုဖြစ်ရသည်မှာ အင်ဆူလင် ထုတ်လုပ်မှုကျဆင်းခြင်း သို့မဟုတ် အင်ဆူလင်၏အစွမ်းသတ္တိကို ခန္ဓာကိုယ်က ခုခံခြင်းမျိုး နှင့် ဆက်စပ်သည်။ အင်ဆူလင် ထုတ်လုပ်မှုလည်း မကျဆင်း ခန္ဓာကိုယ်ကလည်း အင်ဆူလင်အစွမ်းသတ္တိကို မခုခံပါဘဲလျက် ဆီးချိုဖြစ်နိုင်ပါသလား? ဖြစ်နိုင်ပါ၏။ ပန်ကရိယ ဘီတာဆဲလ်က ထုတ်လုပ်လိုက်သော အင်ဆူလင်ကိုယ်နှိုက်က အရည်အသွေးမကောင်း လျှင် ဖြစ်နိုင်သည်။ ဤကိစ္စတွင် အင်ဆူလင်စွမ်းရည် အပြည့်အဝ မဖော်ဆောင်နိုင်သဖြင့် ဆီးချိုဖြစ်ရသည်။ ၎င်းကိုလည်း အခြားဆီးချိုအမျိုးအစားများ ထဲတွင် ထည့်သည်။

ဆီးချို-၁ ရောဂါသည် ပြင်ပမှ အင်ဆူလင်ကို အဓိက မှီခိုနေရသော ရောဂါဖြစ်သည်။ ဆေးကုသရန် လိုအပ်သည့် အခြေအနေဖြစ်ပါက အင်ဆူလင် ထိုးဆေးဖြင့်သာ ကုသနိုင်ပြီး၊ ဆီးချိုကျသောက်ဆေးများကို အသုံးမပြုနိုင်ပေ။ ဤနေရာတွင် မှတ်ထားရမည်မှာ အင်ဆူလင် သောက်ဆေးဟူ၍ မရှိခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အင်ဆူလင်မှာ အမိုင်နိုအက်ဆစ်များဖြင့် ဖွဲ့စည်းထားသဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းထဲတွင် အစာချေ အင်ဇိုင်းများ၏ ချေဖျက်မှုဒဏ်ကို ခံရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကုသရမည့် ရောဂါအခြေအနေ အပေါ်မူတည်၍ အင်ဆူလင်ကို သွေးပြန်ကြော မှတဆင့် လည်းကောင်း၊ အရေပြားအောက် မှတဆင့် လည်းကောင်း ပေးရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Paulesco, N.C. (1921, August 31), "Recherche sur le rôle du pancréas dans l'assimilation nutritive.", Archives Internationales de Physiologie, 17: 85–103
  2. Lestradet, H. (1997), "Le 75e anniversaire de la découverte de l'insuline.", Diabetes & Metabolism, 23 (1): 112
  3. "Leonard Thompson Biography". dLife. Archived from the original on 2009-02-10.
  4. "First Successful Laboratory Production of Human Insulin Announced". News Release. Genentech. 1978-09-06.
  5. Tof I (1994). "Recombinant DNA technology in the synthesis of human insulin". Little Tree Publishing.