ဆာ ပက်ချာတာ

ဝီကီပီးဒီးယား မှ

ဆာ ပက်ချာတာ(Sar Patchata)သည် ကမ္ဘောဒီးယားနိုင်ငံရှိ ခမာနီခေါင်းဆောင် ပိုပေါ့၏ သမီးဖြစ်သည်။ ပိုပေါ့သည် ကွန်မြူနစ်ဝါဒကို လွှမ်းမိုးအောင်လုပ်ရင်းက ကမ္ဘောဒီးယားနိုင်ငံတွင် အကြွင်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်သွားသူ တစ်ဦးဖြစ်သည်။ သူ့လက်ထက်တွင် လူပေါင်း တစ်သန်းကျော် သေဆုံးခဲ့မည်ဟု ခန့်မှန်းကြသည်။ ၁၉၉၈-ခုနှစ်တွင် ပိုပေါ့ကွယ်လွန်ပြီး အာဏာရှင် ဟစ်တလာ ကဲ့သို့ ရွံရှာမုန်းတီးမှုကို ခံခဲ့ရသူဖြစ်သည်။ သူ၏ သမီးငယ် ဆာ ပက်ချာတာ တစ်ယောက်လည်း ဖခင်၏ အရိပ်မည်းကြီး လွှမ်းမိုးမှုကို တစ်သက်လုံးခံခဲ့ရသူ ဖြစ်သည်။

ဖခင်ကို လူသတ်သမားအဖြစ် စွဲချက်တင်နေချိန်မှာ ဆာပက်ချာတာ နှင့် သူ၏ မိခင်တို့သည် သာမန်အရပ်သူများအဖြစ်ပုန်းအောင်းကာ နေထိုင်ကြရရှာသည်။ ဘဝတစ်လျှောက်လုံး ဖခင်နှင့်အတူ တောတောင်ထဲတွင် ရှင်သန်ခဲ့ရဘူးသည်။ ဖခင်ကွယ်လွန်သည်အထိ ပုန်းအောင်းကာ မထင်မရှား နေထိုင်ခဲ့ရာက ၂၀၁၄-ခုနှစ်၊ အသက်၂၄-နှစ်အရွယ်တွင် လက်ထပ်သူ ရှိနေမှန်း လူတွေသိခဲ့ကြခြင်း ဖြစ်သည်။

သူ့ကို သိရှိသွားခြင်းမှာ ဖေ့ဘုတ်ကြောင့်ဖြစ်သည်။ သူ့မင်္ဂလာဆောင်ပုံများ ဖေ့ဘုတ်ပေါ်တင်လိုက်၍ တစ်ကမ္ဘာလုံး စိတ်ဝင်စားသွားကာ Like ပေးသူ အများအပြား ဖြစ်လာခဲ့သည်။့


သူမအသက် ၁၃-နှစ်တွင် ဖခင်ဖြစ်သူ ပိုပေါ့သည် တောထဲတွင် တစ်ဦးတည်း နေထိုင်နေရာက သူ့ကိုယ်သူ သတ်သေသွားသည်ဟု ဆိုကြသည်။ ဖခင်ကွယ်လွန်သည့် ၁၉၉၈-ခုနှစ်လောက်ကတည်းက သူမသည် တောထဲတွင်ပင် ပုန်းအောင်းကာ နေထိုင်ရှာသည်။ အမည်အမျိုးမျိုးပြောင်း၊ နေရာဒေသ အတည်မနေနိုင်၊ နယ်စပ်တစ်ဝိုက်တွင် လှည့်လည်ကာ နေထိုင်ရသည်။ ဆာ ပက်ချာတာသည် အသက် ၁၂-နှစ် အရွယ်အထိ မယ်ဆစ်ဟူသော အမည်ဖြင့်နေထိုင်ခဲ့သည်။ သူ့ဖခင်ကွယ်လွန်ကြီး အသက် ၁၃-နှစ်အရွယ်မှ ဆာ ပက်ချာတာဟု အမည်ပြောင်းခဲ့သည်။ မှတ်တမ်း ဓာတ်ပုံများတွင် မိခင်၏ လက်မောင်းကို ကိုင်၍ ဖခင်၏ ရုပ်အလောင်းကို ကြည့်ကာ ငိုနေပုံများကိုလည်း တွေ့ရသည်။

ပိုပေါ့သေဆုံးပြီးနောက် မိခင်သည် ခမာတီတပ်မှ ခွန်နယ်ခေါ် အင်ဂျင်နီယာတစ်ယောက်နှင့် လက်ထပ်သည်။ ခွန်နယ်သည် အသက် ၁၃-နှစ်အရွယ် ဆာ ပက်ချာတာကိုလည်း သမီးအရင်းကဲ့သို့ စောင့်ရှောက်ခဲ့၏။ ယခုအခါ ခွန်နယ်သည် မာလိုင်းပြည်နယ် အစိုးရအုပ်ချုပ်ရေးမှူး တာဝန်ကို ယူထားရသည်။ သူက မယ်ဆစ်ကို ဆာ ပက်ချာတာဟု အမည်ပြောင်းပေးပြီး ၂၀၀၂-ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်ပိုင်းရှိ အထက်တန်းကျောင်းကို တက်စေခဲ့သည်။

၂၀၀၄-ခုနှစ် အင်တာဗျူးတစ်ခုတွင် ကျောင်းတက်ခဲ့သည့် ဘဝများအကြောင်း၊ ဖခင်နှင့် တောထဲက အဖြစ်အပျက်များကို အမြဲ ပြန်သတိရမိကြောင်း ပြောရှာသည်။ ဆာ ပက်ချာတာ မင်္ဂလာဆောင်စဉ် ယခင် ခမာနီခေါင်းဆောင်ဟောင်း ခီယူဆမ်ဖန်က သတို့သား၊ သတို့သမီးတို့ အနီးတွင် ထိုင်ကာ ဂုဏ်ပြုပေးခဲ့သည်။ သူမ၏ မွေးစားဖခင် ခွန်နယ်က ကျွန်တော်တို့ သမီးကို မင်္ဂလာပွဲလုပ်ပေးတာ ထင်ပေါ်ချင်လို့ မဟုတ်ဘူး၊ ရိုးရာအစဉ်အလာအတိုင်း လုပ်ပေးတာ၊ ပွဲသေးသေးလေးပဲ လုပ်တာပါ။ ဟု ကမ္ဘောဒီးယား နေ့စဉ်သတင်းစာတွင် ပြေကြားခဲ့သည်။

ဆာ ပက်ချာတာ၏ ခင်ပွန်းသည် ဗစ်ချကာ ဖြစ်ပြီး မလေးရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သူ ဖြစ်သည်။ မင်္ဂလာဆောင်ကို ကဘက်စပင်းရွာတွင် ကျင်းပခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်ညွန့် ရေး ကမ္ဘာကျော် သားတော်သမီးတော်များ၊ ပထမအကြိမ်၊ ၂၀၁၇၊ဇူလိုင်လ၊ စာ-၁၆၄