ဆပ်ပြာ
လူတိုင်း၌ သန့်ရှင်းမှုသည် အလွန်အရေးကြီး၏။ လူ၏ ကိုယ်ခန္ဓာဖြစ်စေ၊ ဝတ်ဆင်ထားသည့် အဝတ်များဖြစ်စေ သန့် ရှင်းမှသာလျှင် လူ၏စိတ်သည် ကြည်လင်သန့်ရှင်း၍၊ ကိုယ် ခန္ဓာလည်း ကျန်းမာလျက် ရှိပေလိမ့်မည်။ သန့်ရှင်းစွာ ဝတ်စား နေထိုင်ခြင်းသည် ရောဂါကို ကာကွယ်ဟန့်တားပေးနိုင်သော အကြောင်းတရားဖြစ်သည်။ ထိုကြောင့် ကျန်းမာရေးတွင် ကိုယ် ခန္ဓာသန့်ရှင်းမှုသည် အရေးကြီးဆုံးအချက် တစ်ရပ်ဖြစ်သည်။
ကိုယ်ခန္ဓာ သန့်ရှင်းမှုပြုလုပ်ရာ၌ ဆပ်ပြာသည်အဓိက
အရေးကြီးဆုံး ပစ္စည်းတစ်ခုဖြစ်ပေသည်။ ဆပ်ပြာ
ကို ဖောဖောသီသီ အသုံးပြုနေနိုင်စဉ်တွင် ဆပ်ပြာ
အကျိုးအာနိသင်ကို ဂရုမပြုမိတတ်ကြချေ။ ဆပ်ပြာ
အလွန်ရှားပါးနေသည့်အချိန်ကျခါမှ ဆပ်ပြာကို အထူး
တောင့်တမိတတ်ကြသည်။
ဆပ်ပြာ သန့်ရှင်းစေတတ်ပုံ၊ ချေးကျွတ်စေတတ်ပုံမှာဤသို့ဖြစ် ၏။ လူ၏ ကိုယ်ခန္ဓာပေါ်ရှိ ချွေးပေါက်ငယ်များမှ ပြန့်ထွက် လာသော အဆီတို့သည် အညစ်အကြေး၊ ဖုံမှုန့်တို့နှင့် ငြိတွယ် ပေါင်းစပ်၍ အဝတ်အစား၌၎င်း၊ ကိုယ်ခန္ဓာ၌၎င်း ချေးညေှာ်ဖြစ် စေတတ်၏။ ဆပ်ပြာနှင့် ပွတ်တိုက်လိုက်သောအခါ ဆပ်ပြာ မြှုပ်မှ ဖက်တီးအက်ဆစ်သည် လူ့ကိုယ်ခန္ဓာမှထွက်လာသော အဆီနှင့် ပေါင်းမိရာ၊ ဆေးကြောရာ၌ အဆီသည် ရေနှင့်ရော၍ ပါသွားပေသည်။ ဖုံမှုန့်နှင့် အညစ်အကြေးတို့မှာလည်း ဆပ်ပြာ မြှုပ်များထဲတွင် ကပ်ငြိပေါင်းစပ် ခြင်းဖြင့် စင်ကြယ်သွားကြ ရသည်။
ထိုသို့ ဆပ်ပြာသည် သန့်ရှင်းမှု၌ အရေးကြီးသည့် ပစ္စည်း တစ်ရပ်ပင် ဖြစ်ငြားသော်လည်း၊ ခရစ်မပေါ်မီက ဆပ်ပြာကို အသုံးပြုခဲ့သည်ဟူ၍ အမှတ်အသားများ မတွေ့ခဲ့ဘူးချေ။ သို့ရာ တွင် ရှေးအလွန်ကျသော အချိန်များ၌ သံလွင်ဆီ၊ သစ်ဆီနှင့် သဲဆပ်ပြာတို့ကိုမူ ဆပ်ပြာသဘောမျိုးဖြင့် သုံးစွဲခဲ့ကြကြောင်း ကိုကား သိရပေသည်။ အေဒီပထမရာစုနှစ်အတွင်း ရောမပညာ ရှိကြီး ပလင်နီ ရေးသားချက်အရ၊ ပထမဆုံးပြုလုပ်ခဲ့သည့် ဆပ်ပြာမှာ ဆိတ်အဆီနှင့် ကော့စတစ်ဓာတ်ပါသော သစ်သား မှရသည့် ပြာကို ရောနှော၍ ကျိုချက်ယူသော ဆပ်ပြာဖြစ်သည် ဟုဆိုသည်။ ဆပ်ပြာလုပ်ငန်းသည် ၁၃ ရာစုနှင့် ၁၄ ရာစု နှစ်တို့တွင် အီတလီနှင့် ဂျာမနီတို့မှ ပြင်သစ်နှင့် အင်္ဂလန် ပြည်များသို့ ပြန့်ပွားသွား၍၊ အမေရိကတိုက်တွင် ၁၈ဝဝ ပြည့် နှစ်ခန့်လောက်အထိ အိမ်တွင်းလုပ်ငန်းအဖြစ် အိမ်တိုင်းလိုလို တွင် လုပ်ကိုင်ခဲ့ကြသည်ဟူ၍ အမှတ်အသားများရှိလေသည်။ ၁၈၂၃ ခုနှစ်တွင် ပြင်သစ် ဓာတုဗေဒပညာရှင် ရှက်ဗရယ်သည် တိရစ္ဆာန်တို့၏ အဆီများမှာ ဖက်တီးအက်ဆစ်နှင့် ဂလစ်ဆရင်း တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု တွေ့ခဲ့လေသည်။ ထို့ပြင် အယ်လကာလီနှင့် အဆီတို့ အပြန်အလှန်ဓာတ်ဖက်ကြခြင်းဖြင့် ဆပ်ပြာဖြစ်လာပုံကိုလည်း ပြခဲ့သည်။ ရှက်ဗရယ်၏ တွေ့ရှိချက် များနှင့် ၁၇၉၁ ခုနှစ်တွင် လာဗလန်း တီထွင်ခဲ့သော ဆားရည် မှ ဆိုဒါထုတ်ယူနည်းများကို အခြေပြု၍၊ ဆပ်ပြာလုပ်ငန်းသည် ယခင်ရှေးဟောင်းအခြေမှ လုံးဝပြောင်းလဲ တိုးတက်လာခဲ့လေ သည်။
ဆပ်ပြာသည် အမှန်အားဖြင့် ဖက်တီးအက်ဆစ်အချို့မှ ဖြစ်သော သတ္တုဓာတ်ဆားဖြစ်သည်။ ဖက်တီးအက်ဆစ်မှဖြစ် သော ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ အမ်မိုးနီးယမ် ဓာတ်ဆားများ သည် သန့်ရှင်းစေတတ်သော သတ္တိရှိ၍၊ ရေထဲတွင် ပျော်ဝင်နိုင် ကြသည်။ ဆေးဖက်တွင် သုံးစွဲသော ခဲဆပ်ပြာသည် ရေထဲ၌ အရည်မပျော်နိုင်သဖြင့် ချေးချွတ်ရာ၌ အသုံးမကျချေ။ ဆပ်ပြာ တွင် အမာအပျော့မျိုးဖြစ်၍၊ ဆိုဒီယမ်ဆပ်ပြာမှာ အမာမျိုးဖြစ် သည်။
ဆပ်ပြာချက်လုပ်ငန်းတွင် အများအားဖြင့် ဆူပွက်အောင် ကျိုချက်သည့်နည်းကို အသုံးများကြ၏။ ဆပ်ပြာကို ကျိုချက် ရာ၌ အသုံးပြုသော ဒယ်အိုးကြီးများမှာ အလွန်ကြီးမား၍ အောက်ခြေ၌ ကတော့ပုံသဏ္ဌာန်ရှိသည်။ ဒယ်အိုးကြီးများကို ဘေးပတ်လည်မှ ရေးနွေးငွေ့ဖြင့် အပူတိုက်ပေးရသည်။ ထို ဒယ်အိုးကြီးများထဲသို့ အရည်ပျော်သောအဆီကို ထည့်ပြီးနောက်၊ ကော့စတ်စဆိုဒါအရည်ကို တဖြည်းဖြည်းလောင်းထည့်ရ၏။ ထိုအခါ ဓာတ်နှစ်မျိုးသည် ဆာပွန်နီဖီကေးရှင်းခေါ် အပြန် အလှန်ဓာတ်ဖက်မှုဖြစ်ခြင်းအားဖြင့် ဆပ်ပြာနှင့် ဂလစ်ဆရင်း တို့ကို သီးခြားဖြစ်လာစေသည်။ ဆပ်ပြာသည် အပေါ်၌နေ၍၊ ဂလစ်ဆရင်းသည် အောက်သို့ ထိုင်ကျသွားသည်။ ဂလစ်ဆရင်း သည် ဆားရည်၌ ပျော်ဝင်နိုင်၍ ဆပ်ပြာမှာ မပျော်ဝင်နိုင်သဖြင့် ဆားရည် လောင်းထည့်ခြင်းဖြင့် ဂလစ်ဆရင်းကို ဆပ်ပြာမှ ခွဲထုတ်ပစ်နိုင်လေသည်။ ဂလစ်ဆရင်းကို မစွန့်ပစ်ရချေ။ အခြားနေရာများ၌ အသုံးပြုနိုင်သည်။ အချို့ဆပ်ပြာချက်ရုံတို့ တွင် ဖက်တီးအက်ဆစ်ကို တိုက်ရိုက်အသုံးပြု၍ ချက်လုပ်ရ သောကြောင့် ဂလစ်ဆရင်းကို ဘေးထွက်ပစ္စည်းအဖြစ် မရရှိ ချေ။
ဆပ်ပြာကို အထပ်ထပ်ဆူပွက်နေအောင် ကျိုထားပြီး
နောက် အအေးခံရသည်။ ထိုလုပ်ငန်းမှာ ရက်သတ္တပတ်နှစ်ပတ်
မျှကြာ၏။ ထိုနောက် ဆပ်ပြာကို ကရတ်ချာခေါ် စက်သို့ပို့၍
ထိုစက်ထဲတွင် လိုအပ်သည့် အမွှေးနံ့များ၊ အရောင်တင်ဆေး
များ စသည်တို့ကို ထည့်ပေးရသည်။ ကရတ်ချာ၏ အလယ်အူ
တိုင်တွင် ဒလက်များတပ်ဆင်ထားရာ ထိုဒလက်များဖြင့် ဆပ်
ပြာကို ချောမွှတ်လာသည်အထိ မွှေပေးရလေသည်။ ထိုနောက်
အခြောက်ခံသည့် အခန်းသို့ပို့၍၊ ပုံစံခွက်ကြီးများထဲတွင် ထည့်
ထားလျက် အခြောက်ခံထားရသည်။ ဆပ်ပြာမာလာသောအခါ
ဆပ်ပြာတုံးကြီးများကို ဈေး၌ရောင်းသည့် အရွယ်အမျိုးမျိုးရ
အောင် ဖြတ်တောက်ယူ၍၊ ဈေးသို့တင်ပို့ရောင်းချရန် သက်ဆိုင်
ရာဌာနများသို့ ပို့ပေးလေသည်။
ဆပ်ပြာမွှေးများကို ချက်လုပ်သောအခါ ကရတ်ချာသို့မပို့ ဘဲ၊ တိုက်ရိုက်အခြောက်ခံပြီးလျှင် ကြိတ်စက်ရုံ သို့ပို့ပေးရ သည်။ ထိုစက်တွင် အဖတ်ငယ်ကလေးများဖြစ်လာသည်အထိ ကြိတ်လိုက်ပြီးနောက် အမွှေးနံ့များ၊ အရောင်တင်ဆေးများနှင့် ရောနှောပေးရလေသည်။ ထိုသို့ ရောနှောပြီးသောအခါတွင် ဒလိမ့်တုံးများထဲ၌ ထည့်ကြိတ်ခြင်းအားဖြင့် အမွှေးနံ့ စသည်တို့ သည် ဆပ်ပြာထဲ၌ ပျံ့နှံ့သွားကြလေသည်။ နောက်ဆုံး ကြိတ် စက်မှ ထွက်လာသော ဆပ်ပြာကို ပုံစံခွက်၌သွင်း၍ လိုအပ် သည့် ပုံစံအတုံးငယ်များဖြစ်အောင် လုပ်ရသည်။ စက်ဖြင့်ပြု လုပ်သော ဆပ်ပြာများသည် အခြားဆပ်ပြာတို့ထက် ချောမွတ်၍ အမြှုပ်ပိုထွက်သည်။
ဆပ်ပြာမွှေးများကို အပြိုင်အဆိုင် ပြုလုပ်ကြရာတွင် အချို့ က အဆန်းထွင်၍ အလင်းပေါက်ဆပ်ပြာကို ပြုလုပ်ကြသည်။ ထိုဆပ်ပြာမျိုးကို 'အအေးနည်း'ဖြင့် ချက်လုပ်ရသည်။ ရိုးရိုးဆပ် ပြာတွင် အရက်ပြန် ထည့်ပြီးလျှင် အရက်ပြန်ကို ပေါင်းချွေးခံ၍ ထုတ်ပစ်ခြင်းအားဖြင့် အလင်းပေါက်ဆပ်ပြာကို ရနိုင်သည်။ ရိုးရိုးဆပ်ပြာအပြင် လေသွင်းထည့်ထားသော ရေပေါ်ဆပ်ပြာ၊ ဆေးဖြင့်စီမံထားသော ဆပ်ပြာမွှေးများကိုလည်း ပြုလုပ်ကြ သည်။ ဒုတိယ ဆပ်ပြာမျိုးမှာ အသားအရေ၌ဖြစ်သော အနာ ရောဂါများကိုထိရောက်စွာ ကုသကာကွယ်ပေးနိုင်သော ဆပ်ပြာ မျိုးဖြစ်ပေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)