စံကျောင်းဆရာတော်

ဝီကီပီးဒီးယား မှ

ငယ်ဘဝ[ပြင်ဆင်ရန်]

ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းဆရာတော်ဘုရားသည် မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တစ်ပေါင်းလဆန်း ၁ဝ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီ အချိန်တွင် ပဲခူးမြို့၊ ကျောက်တန်းရွာ၌ ဖွားမြင်တော်မူသည်။ ခမည်းတော် လှေသူကြီး ဦးအောင်လှ၊ မယ်တော် ဒေါ်အောင်တို့၏ သားသမီးရှစ်ယောက် အနက် သတ္တမသားရတနာဖြစ်သည်။ ငယ်မည်မှာ မောင်ဉာဏ် ဖြစ်လေသည်။

အသက် ၇ နှစ်အရွယ်၌ ကျောက်တန်းရွာဘုန်းတော်ကြီး ကျောင်းတွင် သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ နမက္ကာရ၊ ပရိတ်ကြီး စသည်တို့ကို သင်ယူခဲ့ပြီးနောက် အသက် ၁၄ နှစ်အရွယ်တွင် မိဘများက ရန်ကုန်မြို့၊ ပုဇွန်တောင်ရှိ အစိုးရအင်္ဂလိပ်ကျောင်း၌ အပ်နှံကာ ပညာသင်ကြားစေလေသည်။ ၁၇ နှစ်သို့ရောက်သောအခါ ရှင်ရဟန်းပြုလိုသော နေက္ခမ္မဇ္ဈာသယဓာတ် ပေါ်ပေါက်လာသဖြင့် ကျောက်တန်း ရွာ၊ ရွာလယ်ကျောင်း၌ မိဘများ၏ ခွင့်ပြုချက်အရ ရှင်သာမဏေပြုခဲ့လေသည်။ ဘွဲ့အမည်မှာ ရှင်ဝါယာမ ဖြစ်လေသည်။

ရှင်သာမဏေဘဝ[ပြင်ဆင်ရန်]

သာမဏေ ရှင်ဝါယာမသည် ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရားကြီး၏ သီလ သမာဓိ ပညာဂုဏ် သတင်းများကို ကြားရသဖြင့် ဆရာတော်ဘုရားကြီးထံ ချဉ်းကပ်၍ ပညာသင်ယူလိုစိတ် ပေါ်ပေါက်လာသောကြောင့် ဆရာ ဘုန်းတော်ကြီးထံ ချည်းကပ်၍ ပညာသင်ယူလိုစိတ် ပေါ်ပေါက် လာသောကြောင့် ဆရာဘုန်းတော်ကြီးအား ခွင့်တောင်းပြီးလျှင်၊ ကျောင်းတော်ရာ ဆရာတော်ဘုရားကြီးထံ ပညာရင်နို့ သောက်စို့ရန် ချဉ်းကပ်ခဲ့လေသည်။ ဆရာတော်ဘုရားကြီး၏ ညွှန်ကြားချက်အရ ကျောင်းတော်ရာ ရွှေကျင်တိုက်၊ ပထမယွန်းကျောင်းဆရာတော် အရှင်ဇောတ ထံတွင် စာပေသင်ကြားတော်မူခဲ့လေသည်။

သာမဏေ ရှင်ဝါယာမသည် ၁၂၅၅ ခုနှစ်၊ ပထမဝါဆို လဆန်း ၁၃ ရက်၊ အင်္ဂါနေ့ညနေ ၃ နာရီ အချိန်တွင် ရန်ကုန် မြို့ ကျောင်းတော်ရာ၊ ရွှေကျင်တိုက်၊ ခဏ္ဍသိမ်၌ ကျောင်းတော်ရာ ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍၊ ရဟန်းအဖြစ်သို့ ရောက်ခဲ့လေသည်။

ရဟန်းဘဝ[ပြင်ဆင်ရန်]

ရဟန်းတော် ဦးဝါယာမသည် မူလပင်ကိုကပင် ဇဝန ပဋိဘာန်ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ လုံ့လ ဝိရိယ ကောင်းခြင်း စသောကောင်းသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံလာ သည့်အထဲတွင် ကျောင်းတော်ရာ ဆရာတော်ဘုရားကြီးကဲ့သို့သော ဆရာသမားကောင်းကို မှီဝဲဆည်းကပ်ရပြန်သဖြင့်၊ ရဟန်းလေးဝါအရတွင်ပင် ဂဏဝါစက စာချအဖြစ်ဖြင့် ဆရာတော်ဘုရားကြီး၏ ချီးမြှောက်ခြင်းကိုခံခဲ့ရသည်။ ကျောင်းတော်ရာ ဆရာတော်ဘုရားကြီးသည် ၁၂၆၂ ခုနှစ်၊ တစ်ပေါင်းလဆန်း ၁၂ ရက်နေ့တွင် ညောင်တုန်းမြို့သို့ ကြွရောက်၍၊ ရွှေဟင်္သာတောရကျောင်းတိုက်ကို တည်ထောင်သော အခါ၊ ငယ်တပည့်ရင်းဖြစ်သော ပရိယတ်ဖက်၌ ကျွမ်းကျင်သူ ဦးဝါယာမကို တစ်ပါတည်းခေါ်ယူခဲ့ပြီးလျှင် တိုက်အုပ်အဖြစ်ဖြင့် ချီးမြှောက်ကာ၊ သံဃာတော်များကို အုပ်ချုပ်စေ၍ စာပေ ပို့ချစေခဲ့၏

တိုက်အုပ်ဆရာတော်[ပြင်ဆင်ရန်]

တိုက်အုပ်ဆရာတော် ဦးဝါယာမသည် မြန်မာစာပေ၊ ပါဠိစာပေများ၌သာ ကျွမ်းကျင်တော်မူသည်မဟုတ်၊ သက္ကဋစာပေ၊ ဟင်ဒီစာပေစသော ဘာသန္တရစာပေတို့၌လည်း တတ်မြောက် ကျွမ်းကျင်တော်မူသည်။ တိုက်အုပ်ဆရာတော် ဦးဝါယာမသည် နှစ်ပေါင်းများစွာ တိုက်အုပ်အဖြစ်ဖြင့် သံဃာများကို အုပ်ချုပ်၍ စာပေပို့ချလာခဲ့ရာ ရဟန်းသိက္ခာ ၁၈ ဝါအရတွင် ကျောင်းတော်ရာ ဆရာတော်ဘုရားကြီးထံမှ စံကျောင်း ဆရာတော်ဟူသော ဘွဲ့အမည်ဖြင့် ချီးမြှောက်ခြင်းကို ခံရပြီး၊ ရွှေဟင်္သာတောရ ကျောင်းတိုက်ကြီးကိုလည်း လွှဲအပ်ခြင်းကို ခံတော်မူရလေသည်။

စံကျောင်းဆရာတော်[ပြင်ဆင်ရန်]

စံကျောင်းဆရာတော်သည် ၁၂၈၅ ခုနှစ်တွင် ရွှေကျင်နိကာယ ဥပဒေပြု ဂဏပါလကအဖြစ်၊ ၁၂၄၉ ခုနှစ်တွင်ရွှေကျင်နိကာယ မဟာနာယက အဖြစ်၊ ၁၂၉၇ ခုနှစ်တွင် နယ်လှည့်သာသနာပြု အဖြစ်ဖြင့် ချီးမြှောက်ခြင်းကို ခံရလျက်၊ ၁၂၉၉ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို ခံယူရရှိပြီးနောက်၊ ၁၃ဝ၈ ခုနှစ်တွင် ရွှေကျင်နိကာယ တွဲဖက်ဥက္ကဋ္ဌ မဟာနာယကအဖြစ်ဖြင့် ချီးမြှောက်ခြင်းကို ခံယူရလေသည်။ ဆရာတော်သည် သံဃာတော်များကို စာပေပို့ချခြင်းဖြင့် သာသနာ့တာဝန်ကို မအားလပ်အောင်ထမ်းဆောင်နေရင်းလူများအတွက် ကျေးဇူးများလှသော ကံ ဉာဏ် ဝိရိယအဖွင့်ကျမ်း၊ မင်္ဂလာအဖွင့်ကျမ်း၊ သမ္ပဒါအဖွင့်ကျမ်း၊ မေတ္တာအဖွင့် ကျမ်း၊ အပရိဟာနိယအဖွင့်ကျမ်း၊ လောကီနီတိအဖွင့်ကျမ်း စသော ကျမ်းစာတို့ကို ရေးသားပြုစုတော်မူခဲ့လေသည်။ ထိုကျမ်းတို့သည် မြန်မာနိုင်ငံလူထုအား များစွာကျေးဇူးပြုသော ကျမ်းများ ဖြစ်၍ လူကြိုက်များလှပေသည်။

ပဋိပတ်နှင့်စပ်၍လည်း ကျမ်းဂန်မတတ်သော ရဟန်းရှင်လူတို့ ကျင့်စဉ်လမ်းများ တိမ်းပါးချွတ်ချော်မှု မရှိစေရန်ရည်သန်၍ ကမ္မဋ္ဌာနဝိနစ္ဆယ၊ စေတိယဝိနိစ္ဆယ၊ ပရိဝါသမာနတ္ထာဒိဝိနိစ္ဆယ စသော အဆုံးအဖြတ်ကျမ်းတို့ကိုလည်း ပြုစုတော်မူခဲ့သေးသည်။ ထိုမျှသာမက ဆရာတော်သည် အလင်္ကာနိဿယသစ်နှင့် မာဂဓမြန်မာ အဘိဓာန်ကျမ်းကြီးကိုလည်း ရေးသားပြုစုတော် မူခဲ့လေသည်။ အဘိဓာန်ကျမ်းကြီးမှာ စာအုပ်အဖြစ်သို့ ယနေ့ အထိ မရောက်သေးသော်လည်း၊ အလင်္ကာနိဿယကျမ်းကိုကား အကြိမ်ကြိမ်ပင် ပုံနှိပ်ထုတ်ဝေပြီး ဖြစ်လေသည်။ ထိုအလင်္ကာ နိဿယကျမ်းမှာ အထက်တန်းစားစာသင်သားများ၊ စာချဘုန်း ကြီးများနှင့် စာရေးဆရာများ လက်မလွှတ်နိုင်သော ကျမ်းကြီးဖြစ်သည်။ မာဂဓသက္ကဋကျမ်းဂန်အရပ်ရပ်ကို အထပ်ထပ် မွှေနှောက်၍ စုံလင်စွာရေးသားထားသဖြင့် အလင်္ကာနှင့်ပတ်သက်၍ လွန်စွာကျေးဇူးများသော ကျမ်းကောင်းကျမ်းမြတ်ဖြစ်ပေသည်။

ဤသို့လျှင် လောကအကျိုးသာသနာအကျိုးတို့ကို သည်ပိုးဆောင်ရွက်တော်မူခဲ့သော စံကျောင်းဆရာတော်ဘုရားသည် ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်၊ စနေနေ့ နံနက် ၄ နာရီ၊ မိနစ် ၂ဝ အချိန်တွင် ဇီဝိတိန္ဒြေချုပ်ငြိမ်း၍၊ ယခုဘဝ ခန္ဓာဇာတ်ကို ရုပ်သိမ်းတော်မူလေသတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)