စောထွန်းအောင်မြင့်
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) သီရိပျံချီ၊ ဦး စောထွန်းအောင်မြင့် | |
|---|---|
| အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ယခင်လူ | အဖွဲ့ရာထူးစတင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ကောင်စီဖျက်သိမ်း |
| ဆက်ခံသူ | အဖွဲ့စတင် |
| တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
| သမ္မတ | မြင့်ဆွေ (ယာယီ) |
| ခေါင်းဆောင် | မင်းအောင်လှိုင် |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | နိုင်သက်လွင် |
| ဆက်ခံသူ | Jeng Phang နော်တောင် |
| ကရင်တိုင်းရင်းသားရေးရာဝန်ကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၁ မတ် ၂၀၁၆ | |
| တိုင်းဝန်ကြီးချုပ် | မြင့်ဆွေ |
| ယခင်လူ | ဖွဲ့စည်းပုံရာထူးစတင် |
| ဆက်ခံသူ | ပန်းသဉ္ဇာမျိုး |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဖေဖော်ဝါရီ ၁၄၊ ၁၉၄၂ |
| နိုင်ငံရေးပါတီ | ကရင်ပြည်သူ့ပါတီ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ဆုတံဆိပ်များ | သီရိပျံချီဘွဲ့ (၂၀၂၂) |
| စစ်မှုထမ်းခြင်း | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၆၄ - ၁၉၉၃ |
| ရာထူး | ဒုတိယဗိုလ်မှူးကြီး |
စောထွန်းအောင်မြင့်(၁၉၄၂ ဖွား) သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ ဗဟိုအကြံပေးအဖွဲ့ခေါင်ဆောင်နှင့် ကရင်ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း တပ်မတော်က ခန့်အပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး နှင့် [၁] စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် လည်း ဖြစ်ခဲ့သည်။
စစ်မှုထမ်းခြင်းနှင့် အရာထမ်းခြင်း
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၆) ဆင်း တပ်မတော် (ရေ) အရာရှိဟောင်းတစ်ဦးဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်တွင် စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် အသက် ၂၁ နှစ်အရွယ်ဖြင့် ကျောင်းဆင်းခဲ့သည်။ စစ်မှုထမ်းအစဘဝတွင် ဒိန်းမတ်နိုင်ငံ နှင့် ၁၉၈၆ ခုနှစ်တွင် အမေရိကန်သို့ စစ်သင်တန်းသွားတက်ရန် ရွေးချယ်ခံခဲ့ရသည်။သူသည် တပ်မတော် (ရေ) တွင် ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် ပူးတွဲဗျူဟာစစ်ရေယာဉ်စုမှူးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး တပ်မတော်က အာဏာသိမ်းပြီးနောက် စစ်ဘက်မှ အရပ်ဘက်ဝန်ထမ်းအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ သင်္ဘောသားအလုပ်အကိုင်ကြီးကြပ်ရေးဌာန (SECD) တွင် ညွှန်ကြားရေးမှူး၊ ၁၉၉၀ ပြည့်နှစ်တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၌ ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနတွင် ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးများ ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]စောထွန်းအောင်မြင့်သည် ၂၀၁၀ ခုနှစ်တွင် ကရင်ပြည်သူ့ပါတီကို ဦးဆောင်တည်ထောင်ကာ ပါတီဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်ရာ အနိုင်ရခဲ့၍ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ် မတ်လ၃၁ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ် ကရင်တမျိုးသားလုံးပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပနိုင်ရေး ကြိုးပမ်းမှုထဲ ပါဝင်ခဲ့သည်။[၂]
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တောင်းဆိုထားသည့် ၆ ပွင့်ဆိုင် တွေ့ဆုံမှုထက် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးစေလိုကြောင်း အရေးကြီးအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် တင်သွင်းခဲ့သူလည်းဖြစ်သည်။[၃]၎င်း၏ အဆိုကို ထူးထူးခြားခြား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တွင် လျှိုဝှက်မဲပေးစနစ်ဖြင့် မဲပုံးထောင်ကာ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ၉ မဲဖြင့် အတည်ပြုပေးခဲ့ကြသည်။[၄] [၅]
ယင်းနောက် အထွေထွေရွေးကောက်ပွဲ ၂၀၁၅၊ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်အဖြစ် ၎င်းသည်ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင်းမခံရတော့ပေ။
သို့သော် ကရင်ပြည်သူ့ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပါတီများစာရင်းထဲ ပါဝင်နေသေးသဖြင့် ၎င်းသည် ပါတီကိုယ်စားပြုပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) တွင်လုံခြုံရေးကိစ္စရပ်များဆွေးနွေးမှုလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။[၆]
ပြည်ထောင်စုဝန်ကြီး
[ပြင်ဆင်ရန်]တပ်မတော်ဦးဆောင်သည့် စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်မှ အနားယူကာ စစ်ကောင်စီဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် အဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။[၇]
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည် ၎င်းအား ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် အဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့သည်။[၈]
နိုင်ငံတကာ ပိတ်ဆို့မှု
[ပြင်ဆင်ရန်]တပ်မတော်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စစ်တပ်နှင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၆ ဦးအား အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုကြောင်း ၂၀၂၁ မေလ ၁၇ ရက် ဖြည့်စွက်စာရင်းထဲ စောထွန်းအောင်မြင့် ပါ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။ [၉] [၁၀]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]စောထွန်းအောင်မြင့်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်မကြီးတစ်ဦးဖြစ်ကာ သား၊သမီးများထွန်းကားခဲ့သည်။၎င်း၏ ဖခင်ဖြစ်သူမှာ ၁၈၈၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည့် ဒေါကလူ - ကရင်အမျိုးသားအသင်း ၏ နောက်ဆုံးဥက္ကဋ္ဌ ဝတ်လုံတော်ရ စောဘမောင် ဖြစ်သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 13 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
- ↑ ကရင်တမျိုးသားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေး ရန်ကုန်မှာဆွေးနွေး။ RFA။
- ↑ ဖွဲ့စည်းပုံ ပြင်ရေး ၁၂ ပွင့်ဆိုင် ဆွေးနွေးရန် ရန်ကုန်တိုင်း လွှတ်တော် အတည်ပြု။ ဧရာဝတီ။
- ↑ RFA နှင့် ဦးစောထွန်းအောင်မြင့် တို့တွေ့ဆုံမေးမြန်းမှု။ RFA။
- ↑ ၆ပွင့်ဆိုင်မှာ ပြည်နယ်၇ခု ကိုယ်စားပြုတဦးစီ ထည့်ဖို့ အဆိုတင်။ BBC Burmese။
- ↑ UPDJC လုပ်ငန်းကော်မတီများ။ ISP MyanmarPeaceDesk။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၇ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း။ CINCDS (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ။ RFA။
- ↑ မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး။ VOA Burmese။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ MOI Myanmar (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။