ဒေါ်စု (ဗိုလ်ချုပ်အောင်ဆန်းမိခင်)
| ဒေါ်စု (ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်) | |
|---|---|
| မွေးဖွား | ဧပြီ ၂၂၊ ၁၈၇၇ နတ်မောက်မြို့ |
| ကွယ်လွန် | ဒီဇင်ဘာ ၃၊ ၁၉၅၁ (အသက် ၇၄) နတ်မောက်မြို့ |
| အလုပ်အကိုင် | အိမ်ရှင်မ |
| ကျော်ကြားမှုအရင်းခံ | ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ မိခင် |
| အိမ်ထောင်ဖက်(များ) | ဦးဖာ |
| သားသမီး | ၉ ဦး |
| ဆွေမျိုးသားချင်း | အောင်ဆန်းဦး၊အောင်ဆန်းစုကြည် (မြေးများ) |
ဒေါ်စု (၂၂ ဧပြီ ၁၈၇၇ - ၃ ဒီဇင်ဘာ ၁၉၅၁) သည် မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများအဖြစ် ထင်ရှားကြသည့် ဦးဘဝင်း နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ မိခင်ဖြစ်သည်။ ရွှေဓားဗိုလ်၏မြေးတော် ဦးရွှေညွန့်၏ နှမတော်စပ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အဘွားလည်း ဖြစ်သည်။[၁]
ငယ်ဘဝနှင့် မိသားစုဘဝ
[ပြင်ဆင်ရန်]
ဒေါ်စု၏ မျိုးနွယ်များသည် မင်းမျိုးနွယ်များဖြစ်ကြသည်။ မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ရွှေဓားဗိုလ်သည် ဒေါ်စု၏ အဘဦးရွှေနီ၏ ညီအရင်းဖြစ်သည်။[ကိုးကားချက်လိုသည်]
ဒေါ်စုကို ခရစ်သက္ကရာဇ် ၁၈၇၇ ခုနှစ်၊ ဧပြီလ (၂၂) ရက်၊ တနင်္ဂနွေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့ရှိ မင်းဝိုင်းနေအိမ်၌ အဖ ဦးမြအေး၊ အမိ ဒေါ်သူဇာတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၇) ဦးအနက် သမီးကြီး ဖြစ်သည်။ တနင်္ဂနွေသမီး ဖြစ်သော်လည်း မစု ဟုပင် မှည့်ခေါ်ခဲ့သည်။[၂]
ဒေါ်စု သည် (၁၁) နှစ် သမီးအရွယ်ကပင် မြန်မာ ရက်ကန်းပညာအတတ်ကို သူမတူအောင် တတ်မြောက်ခဲ့သည်။ ရက်ကန်းအတတ်အပြင် စက်ချုပ်အတတ်ကိုပါ ထပ်မံသင်ကြားခဲ့သည်။ စာပေမသင်ကြားရ၍ စာမတတ်သော်လည်း ၎င်း၏ ဉာဏ်ပညာမှာ လူအများ၏ လက်ဖျားခါ ချီးကျူးခြင်း ခံရလောက်အောင် ထက်မြက်လှပေသည်။
မိဘများသည် ဒေါ်စု အသက် (၁၉) နှစ်အရွယ်တွင် နတ်မောက်အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုးနှင့် ဒေါ်ဆွဲလေးတို့၏ တစ်ဦးတည်းသောသား ဦးဖာနှင့် ထိမ်းမြားပေးခဲ့သည်။ မိဘနှစ်ပါး သဘောတူ၍ အကြောင်းပါကြရခြင်းဖြစ်ပြီး လက်မထပ်မီအချိန်က အမေစုမှာ ဦးဖာအား တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ခဲ့ရပေ။ ထိမ်းမြားမှသာ ဦးဖာ၌ ကျောက်ပေါက်မာများ ပါရှိမှန်း သိရှိခဲ့ရသည်။
ယောက္ခမအိမ်တွင် လိုက်ပါနေထိုင်စဉ်အတွင်း ၁၈၉၄ ခုနှစ်တွင် အကြီးဆုံးသမီး မခင်ညွန့် ကို မွေးဖွားခဲ့ပြီး ၊ ၁၈၉၅ ခုနှစ်တွင် ဒုတိယသမီး မဝက်ကို ထပ်မံဖွားမြင်ခဲ့သည်။ ၁၉၀၁ ခုနှစ် ဇွန်လ ၁၁ ရက် (အင်္ဂါနေ့) တွင် မောင်ဘဝင်း (နောင် အာဇာနည် ဦးဘဝင်း) ကို ဖွားမြင်ခဲ့သည်။ ထို့နောက် တတိယသမီး မရွှေမှန်ကို ဖွားမြင်ခဲ့သော်လည်း (၁၃) နှစ်အရွယ် ငယ်စဉ်မှာပင် ကွယ်လွန်ခဲ့သည်။
ထိုစဉ်က အမေစုသည် ယောက္ခမအိမ်တွင်လည်းကောင်း၊ မိဘနေအိမ်တွင်လည်းကောင်း ခိုကပ်မနေတော့ဘဲ မင်းဝိုင်းကြီးအတွင်း၌ သီးသန့်အိမ်တစ်ဆောင် ဆောက်လုပ်နေထိုင်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ဒုတိယသား မောင်နေအောင်ကို ဖွားမြင်ခဲ့သည်။ အမေစု၏ တိုက်တွန်းချက်အရ ဦးဖာသည် လယ်သမားဘဝကိုစွန့်၍ ပျော်ဘွယ်မြို့တွင် ဥပဒေသင်တန်း သွားရောက်သင်ကြားခဲ့ပြီး တတိယတန်း အမိန့်တော်ရ စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ထိုအချိန်မှစ၍ အမေစုသည် လယ်သမားမယားဘဝမှ အမိန့်တော်ရ ရှေ့နေကတော်ဘဝသို့ ရောက်ရှိလာခဲ့သည်။
သားသမီးများနှင့် မိသားစု တာဝန်များ
[ပြင်ဆင်ရန်]ဦးဖာ ရှေ့နေဖြစ်ပြီး မကြာမီတွင် သားမောင်ညိုမောင်နှင့် ငယ်စဉ်ကပင် ကွယ်လွန်ခဲ့သော မောင်ထွန်းလင်းတို့ကို တစ်နှစ်ခြားစီ ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ် ဩဂုတ်လ ၂၀ ရက် (တနင်္ဂနွေနေ့) တွင် မောင်အောင်သန်းကိုလည်းကောင်း၊ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် (စနေနေ့) တွင် မောင်အောင်ဆန်း (နောင် ဗိုလ်ချုပ်အောင်ဆန်း) ကိုလည်းကောင်း ဖွားမြင်ခဲ့ရာ အမေစုတွင် သားသမီးပေါင်း (၉) ဦး ထွန်းကားခဲ့သည်။ အမေစုသည် အိမ်ထောင်ကျစအချိန်မှစ၍ မောင်နေအောင်မွေးသည့်အချိန်အထိ ဆင်းရဲပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေကာ အိမ်ထောင့်တာဝန်ကို ထိန်းသိမ်းခဲ့ရသည်။ ခင်ပွန်းဖြစ်သူ ဦးဖာမှာ မြင်းစီးဝါသနာပါသဖြင့် နတ်မောက်မြို့၏ မြင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အချိန်ကုန်လေ့ရှိရာ အမေစုတစ်ဦးတည်းသာ သားသမီးများကို ရင်အုပ်မကွာ ကျွေးမွေးပြုစုခဲ့ရသည်။
အမေစု၏ သားသမီးများအနက် သားသမီးအကြီးဆုံးဖြစ်သော မခင်ညွန့်အား ရှေ့ရေးကိုမျှော်တွေးကာ မြေစာရင်းအက်စပက်တော် ဦးသာရင်နှင့် လက်ထပ်ပေးခဲ့သည်။ ဒုတိယသမီး မဝက်မှာမူ မိခင်နှင့် ရာသက်ပန် မခွဲလိုသဖြင့် မိခင်က တိုက်တွန်းသော်လည်း ကွယ်လွန်ချိန်အထိ အပျိုကြီးဘဝဖြင့် နေထိုင်သွားခဲ့သည်။
သားကြီးဖြစ်သူ ဦးဘဝင်းမှာ နတ်မောက်တွင် ၉ တန်းအောင်မြင်ပြီးနောက် ရေနံချောင်း ဘီအိုစီ ရေနံကုမ္ပဏီတွင် စာရေးအလုပ်လုပ်ကိုင်ကာ မိခင်၏ထောက်ပံ့ငွေနှင့် ပူးပေါင်း၍ တက္ကသိုလ်ဆက်တက်ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံဘွဲ့ (B.Sc) ရရှိခဲ့ပြီး ရေနံချောင်းအမျိုးသားကျောင်းတွင် ကျောင်းဆရာကြီး ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးဇာတိ ဦးအံ့ကြီး၊ ဒေါ်ရွှေမေတို့၏သမီး မခင်စောနှင့် လက်ထပ်ခဲ့သည်။သားဖြစ်သူ နှင့်အတူ ချွေးမ မခင်စော၊ မြေးများ ဖြစ်သော မတင်လှဝင်း၊ မောင်စောဝင်း၊ မောင်အေးဝင်း၊ ခင်မြဝင်း၊ မောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့နှင့် အတူ ဂျပန်တစ်ခေတ်လုံး အတူတကွ နေထိုင်ခဲ့သည်။
သားအလတ်ဖြစ်သော မောင်နေအောင် မှာ ၁၉၂၇ ခုနှစ်တွင် တတိယတန်း ရှေ့နေစာမေးပွဲအောင်မြင်ပြီး၊ ၁၉၃၀ ပြည့်နှစ်တွင် ဘုန်းတော်ပြည့်ရွာသူကြီး ဦးဘိုးလှိုင်၏သမီး မခင်လေးနှင့် လက်ထပ်ခဲ့ကာ ဂျပန်ခေတ်တွင် တရားမမြို့အုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
နို့ညှာဖြစ်သော ဦးအောင်သန်း( ၁၉၁၁ - ၁၉၉၁)မှာ ၁၉၃၄ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ (B.A) ဘွဲ့ရရှိပြီး နယ်ပိုင်ဝန်ထောက် ရာထူးရရှိခဲ့ကာ ယစ်မျိုးဝန်ထောက် ဦးဘ၊ ဒေါ်စံတို့၏သမီး မခင်နုနှင့် ၁၉၃၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် လက်ထပ်ခဲ့သည်။မခင်နု၏ အစ်မ ဒေါ်ခင်တုတ်ကို ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ် က လက်ထပ်ခဲ့သဖြင့် ဦးအောင်သန်းနှင့် သခင်ထွန်းအုပ်သည် မယားညီအစ်ကို တော်စပ် ခဲ့သည်။မခင်နုမှာ ဒေါ်စုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီး ဇာတိ ဦးဘတင်၏ သမီး ဖြစ်သည့်အတိုင်း အမေစုသည် သဘောကျ ကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင် သွားရောက် စေ့စပ် တောင်းရမ်း၍ ကြီးကျယ်စွာ မင်္ဂလာဆောင်ပေးခဲ့လေသည်။ဦးအောင်သန်းသည် မခင်နုနှင့် သားသမီး ငါးဦး ( စောလှအောင်သန်း၊ မရီရီသန်း၊ မတီတီအောင်သန်း၊ မောင်ချိုအောင်သန်း၊ မငယ်မေသန်း ) တို့ထွန်းကားခဲ့သည်။
သားအထွေးဆုံးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းမှာ နတ်မောက်မြို့ ဘုန်းတော်ကြီး ဦးဘောဘိတ၏ အထက်တန်းကျောင်းနှင့် ရေနံချောင်းအမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ (B.A) ဘွဲ့ ရရှိခဲ့ကာ ဂျပန်ခေတ် ၁၉၄၂ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် မခင်ကြည် နှင့် လက်ထပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မခင်ကြည်တို့မှာ ဂျပန်ခေတ်အတွင်း ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်၊ တနင်္ဂနွေနေ့တွင် နှစ်ဦးသဘောတူ ချစ်ကြိုက်ကြ၍ B.I.A ပြည်သူ့ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်) တွင် လက်ထပ်ခဲ့ကြရာ ဒေါ်စုမှာ ကိုယ်တိုင်ကိုယ်ကျ အခြားသားသမီးများကဲ့သို့ တောင်းရမ်းလက်ထပ် မပေးရသော်လည်း ဗိုလ်ချုပ်ရာထူး လက်ခံရပြီးနောက် မယားပြ အဖြစ်နှင့် နတ်မောက်မြို့သို့ ဗိုလ်ချုပ်အောင်ဆန်း လာရောက်လည်ပတ်စဉ် မခင်ကြည်အား ခေါ်ဆောင်ခဲ့ရာ ချွေးမကလေး၏ ရိုသေကိုင်းရှိုင်းမှု၊ လိမ္မာရေးခြား ရှိမှု၊ တို့ကို သိမြင်ရသောအခါ အမေစုမှာ သားနှင့် ချွေးမကလေးပေါ်တွင် တပြုံးပြုံးနှင့် ကျေနပ် ဝမ်းမြောက်ခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]အမေစု အသက် ၆၀ ပြည့်နှစ်တွင် ခင်ပွန်းဖြစ်သူ ဦးဖာသည် အသက် ၆၇ နှစ်အရွယ် လူကြီးရောဂါဖြင့် ၁၉၃၁ ခုနှစ် မေ ၁၈ ရက်တွင် ကွယ်လွန်သွားခဲ့သဖြင့် မုဆိုးမဘဝဖြင့် သားသမီးများကို ဆက်လက်စောင့်ရှောက်ခဲ့ရသည်။
ထို့နောက် အသက် ၆၄ နှစ်အရွယ်တွင် သမီးကြီး မခင်ညွန့်မှာ မီးယပ်ရောဂါဖြင့် ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ယင်းနောက် သားများဖြစ်ကြသော ဝန်ကြီးဦးဘဝင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့မှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသဖြင့် ပြင်းထန်သော သားအပူမီးများကို ခံစားခဲ့ရသည်။ တစ်ဖန် မြေးဖြစ်သူ မြင့်မြင့်ကလေး (ဦးနေအောင်၏သမီး) မှာလည်း နတ်မောက်မြို့ ဗိုလ်ချုပ်အထိမ်းအမှတ် နိုင်ငံတော်တန်းမြင့်ကျောင်းတွင် ပညာသင်ကြားနေစဉ် အဖျားရောဂါဖြင့် အမေစု၏လက်ပေါ်တွင် ကွယ်လွန်ခဲ့ပြန်ရာ စတုတ္ထအမြောက် မြေးအပူနှင့်ပါ ကြုံတွေ့ခဲ့ရသည်။
နတ်မောက်မြို့ကို ရဲဘော်ဖြူများ သိမ်းပိုက်ထားချိန် အသက် ၇၅ နှစ်အရွယ် ၁၉၅၁ ခုနှစ် ဒီဇင်ဘာ ၃ ရက် (တနင်္လာနေ့) တွင် နတ်မောက်မြို့၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ အမေစု၏ ဈာပနကို ငါးရက်တိတိထားရှိခဲ့ပြီး ဦးကြီးတော် သိမ်တော်ကျောင်းဆရာတော် ဦးဃောဘိတ၏ ဆုံးမညွှန်ကြားချက်အရ ခေတ်ကာလအခြေအနေနှင့်အညီ အကျဉ်းရုံးကျင်းပခဲ့ကာ သံဃာတော် ၇၅ ပါး ပင့်ဆောင်၍ လှူဒါန်းပူဇော်ခဲ့ကြသည်။
ရည်ညွန်း
[ပြင်ဆင်ရန်]- ဦးအောင်သန်း၊ အောင်ဆန်းမိသားစု၊ ရန်ကုန်၊ ဥဒေါင်းစာပေ၊ ပကြိမ် ၁၉၇၀၊ စာ ၄၃။
- တက္ကသိုလ်ဆုမြိုင်၊ ဗိုလ်ချုပ်မိခင်၊ မြဝတီမဂ္ဂဇင်း ၁၉၅၃၊ စာ ( ၂၆၇-၂၈၀)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Bogyoke Aung San of Burma (Myanmar) : မြန်မာ့ လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း။ 2026-07-25 တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ကြီး ဒေါ်စု။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဇန်နဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။