စီးပွားတိုးဂမုန်း

ဝီကီပီးဒီးယား မှ
စီးပွားတိုးဂမုန်း

ကမ္ဘာပေါ်ရှိတိုင်းပြည် အတော်များများမှာ လေထုညစ်ညမ်းခြင်း ကိုကြုံတွေ့ နေကြရ ပါတယ်။ ခေတ်မီဖွံ့ ဖြိုးတိုးတက်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကားအိပ်ဇောမီးခိုး၊ စက်ရုံ အလုပ်ရုံများမှ မီးခိုးငွေ့များ ၊ လူဦးရေထူထပ်ခြင်းကြောင့် လျော့နည်းလာတဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု တွေကို နေ့စဉ်နဲ့ အမျှကြုံတွေ့နေရပါတယ်။

လေထုညစ်ညမ်းမှုကိုသက်သာလျော့ပါးစေအောင် မကြိုးစား မလုပ်ဆောင်ဘူးဆိုရင် ကျွန်မတို့တွေဟာ လေကောင်းလေသန့်ကို ရှူရှိုက်ရဖို့ အခွင့်အရေး ပိုမိုနည်းပါးလာပါလိမ့်မယ်။ အလွယ်ကူ အရှင်းလင်းဆုံးကတော့ ကျွန်မတို့ရဲ့ အိမ်ခြံဝင်းအတွင်း မြေနေရာအလွတ်များမှာ သစ်ပင် ၊ ပန်းပင်များ ပိုမို စိုက်ပျိုးခြင်းဖြင့် လေထုတွင်းရှိကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို အပင်များက စုပ်ယူပြီးအောက်စီဂျင် ဓာတ်ငွေ့ကို ပြန်လည်ထုတ်ပေးစေခြင်းပါပဲ။

လေထုကိုသန့်စင်ပေးခြင်းဆိုတဲ့ သစ်ပင်များရဲ့ လုပ်ငန်းဆောင်တာတွေကို ကျွန်မ တို့သိရှိပြီးဖြစ်ပါတယ်။ အပင်များစွာထဲကမှ မြန်မာလူမျိုးတို့က စီးပွားတိုးဂမုန်း လို့ခေါ်ကြတဲ့ ရုက္ခဗေဒအမည် အားဖြင့် Aglaonemas လို့ခေါ်တဲ့ ဂမုန်းပင်ဟာ အခြားသောအပင်များထက် လေထုကို သန့်စင်စေတဲ့ လုပ်ငန်းဆောင်တာကို ပိုမိုလုပ်ဆောင် ပါတယ်။ အင်္ဂလိပ်အမည် Chinese Evergreen , Romano , Manila Bankok , Jungle Aglaonema , Split Milk လို့လည်းအမည်တွင်ပါသေးတယ်။ အရွက်အစိမ်းရောင်အပေါ်မှာ အဖြူရောင်အစက်အပြောက်များဟာ နွားနို့ရည်များကျဲပက်ထားသလို အသွင်ဖြစ်နေတာကြောင့် Split Milk လို့လည်းအမည်တွင်တာဖြစ်ပါတယ်။

စီးပွားတိုးဂမုန်းပင်ရဲ့ မူလဇာတိနေရာကတော့မလေးရှားနိုင်ငံရဲ့ တောနက်များဖြစ်ပြီး သစ်ပင်ကြီးများရဲ့ အရိပ်အောက်မှာ နေရောင်ခြည် အနည်းငယ်သာ ရရှိတဲ့နေရာများမှာ ပေါက်ရောက်ခြင်းဖြစ်ပါတယ်။ အလင်းရောင်အနည်းငယ်မျှသာ လိုအပ်ပြီး စိုထိုင်းမှု ကိုနှစ်သက်တဲ့ပင်ဖြစ်လို့ အိမ်ခန်းအတွင်းမှာ ရုံးခန်းအတွင်းမှာ အလှဆင်ပန်းပင် အဖြစ် စိုက်ပျိုးကြပါတယ်။

ဂရုတစိုက်ပြုစုပျိုးထောင်ဖို့မလိုတဲ့အပြင် ရေအများကြီးလောင်းပေးဖို့လည်း မလိုတဲ့အပင်မျိုးဖြစ်တဲ့အတွက် အလုပ်များတဲ့ အိမ်ရှင်မများ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သုတေသနပြုလုပ်ချက်များအရ စီးပွားတိုးဂမုန်းပင်ရဲ့ အရွက်များဟာ လေထုထဲမှာ ရှိနေတဲ့ အဆိပ်များကိုဖယ်ရှားပေးတယ် ဆိုတဲ့အတွက် အိမ်ခန်း ၊ ရုံးခန်းများမှာ နှစ်နှစ်သက်သက် စိုက်ပျိုးခြင်းခံရတဲ့ ဂမုန်းပင်ပဲဖြစ်ပါတယ်။

အရွက်များဟာ ထူထဲကျယ်ပြန့်ပြီးတာရှည်ခံပါတယ်။ အရွက်တစ်ရွက်စီဟာ ၁၀ လက်မခန့် အရှည်ရှိပြီး ၅ လက်မ ခန့်အကျယ်ရှိပါတယ်။ အရွက်ရဲ့ ဘေးအနားပတ်လည်ဟာ တောက်ပတဲ့ အစိမ်းရောင်ဖြစ်ပြီးအရွက်ကြောနေရာများမှာအဖြူရောင် အစက်အပြောက်များ နဲ့ လှပတဲ့ အသွင်သဏ္ဌာန် ရှိပါတယ်။

စီးပွားတိုးဂမုန်းရဲ့ အရွက်များကို နှင်းဆီပန်းအရောင်အမျိုးမျိုး ၊ ပိန်းပန်း ၊ ဒေလီယာ ၊ ကာနေးရှင်းပန်း တို့နဲ့ ရောစပ်ပြီး အလှပန်းအိုးထိုးမယ်ဆိုရင် အင်မတန် အံ့ဩစရာ ကောင်း လောက်အောင် လှပတာကိုတွေ့ရပါလိမ့်မယ်။

စီးပွားတိုးဂမုန်းပင်ဟာ အမြင့်ပေ ၂ပေ အထိ မြင့်မားကြီးထွားနိုင်ပြီး မည်သည့် ရာသီဥတု အခြအနေမျိုးမှာမဆို ရှင်သန်နိုင်လောက်အောင် အကြမ်းခံတဲ့ အပင် အမျိုးအစား ဖြစ်ပါတယ်။ အဖြူရောင် ပန်းပွင့်များပွင့်ပြီးနောက်မှာ အနီရောင်အသီးများအခိုင်လိုက်သီးပြီး ထိုအသီးများမှ မျိုးပွားပါတယ်။ ရင့်မှည့်နေတဲ့ အနီရောင် အသီးများရဲ့ မျိုးစေ့များကို စိုက်ပျိုးထားမယ်ဆိုရင် ရက်သတ္တပတ် ၅ ပတ်မှ ၆ ပတ်အတွင်း အပင်ပေါက်လာပါတယ်။ မျိုးစေ့မှ မျိုးပွားခြင်းဖြင့် အပင်ပွားသလို ကိုင်းဖြတ် စိုက်ပျိုးဖြင်းနည်းအားဖြင့်လည်း အပင်ပွား ပါတယ်။

ကိုင်းဖြတ်စဉ်မှာ စီးပွားတိုးဂမုန်းပင် ရဲ့ ပင်စည်မှထွက်လာတဲ့ အစေးများဟာ အခန့်မသင့်လျှင် လူရဲ့ အရေပြားကိုယားယံစေတတ်တာကြောင့် သတိပြု ကိုင်တွယ်ဖို့တော့ လိုအပ်ပါတယ်။ တကယ်လို့မတော်တဆ အပင်ရဲ့ အစေးများ နဲ့ ထိမိသွားတယ်ဆိုရင် ချက်ချင်းပဲ အစေးထိမိသွားတဲ့နေရာကို ဆပ်ပြာနဲ့ ရေသေချာဆေးပေးမယ်ဆိုရင် မယားယံနိုင်တော့ပါဘူး။

မြန်မာလူမျိုးများကတော့ဒီဂမုန်းပင်ကို မိမိတို့ရဲ့ နေအိမ်မှာ ၊ ရုံးခန်းမှာ စိုက်ပျိုး ထားရှိခြင်းဖြင့် စီးပွားတိုးတက်စေတယ် လာဘ်လာဘ ပွင့်လန်းစေတယ်လို့ အယူရှိကြ လို့စိုက်ပျိုး တဲ့အပြင် ကျွန်မတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိလေထုကို သန့်စင်စေတဲ့ အကျိုး ကျေးဇူးများ တဲ့အတွက် နှစ်နှစ်သက်သက် စိုက်ပျိုးကြတာဖြစ်ပါတယ်။