စီအက်စ်အမ်အေ

ဝီကီပီးဒီးယား မှ

စီအက်စ်အမ်အေ (CSMA) ဆိုသည်မှာ ကွန်ပျူတာ ကွန်ယက် ချိတ်ဆက်ခြင်းများတွင် အသုံးပြုလေ့ ရှိသော နည်းလမ်းတစ်မျိုး ဖြစ်သည်။ ဖြစ်နိုင်ခြေ အပေါ်တွင် အခြေခံ ဖန်တီးထားပြီး ကွန်ယက်ကြိုး (network cable) အစရှိသည့် ကြားခံနယ်ကို ရယူသုံးစွဲသည့် နည်းလမ်း တစ်မျိုးဖြစ်သည်။ စီအက်စ်အမ်အေ၏ အင်္ဂလိပ် အခေါ်အဝေါ်မှာ (Carrier sense multiple access) ဟူ၍ ဖြစ်သည်။ စီအက်စ်အမ်အေသည် OSI မော်ဒယ်လ်၏ ဒုတိယအလွှာ (Layer 2) တွင် သုံးစွဲလေ့ ရှိသည်။

စီအက်စ်အမ်အေ အသုံးပြုထားသော ကွန်ယက်သည် မိမိ ပေးပို့လိုသော ဒေတာ အချက်အလက်များကို မပို့လွှတ်မီ အချိန်တွင် ကြားခံနယ်တွင် လက်ရှိ ထုတ်လွှင့်နေသူ ရှိမရှိ ဦးစွာ စစ်ဆေးလေ့ ရှိသည်။ ထို့အပြင် စီအက်စ်အမ်အေ အသုံးပြုထားသော ကွန်ယက်တွင် ကြားခံနယ်တစ်ခုထဲကို ဝေမျှ သုံးစွဲနေသူ တစ်ဦး ထက်မက ရှိနိုင်သည်။ ထို့အတွက်ကြောင့် multiple access ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။

စီအက်စ်အမ်အေ စနစ်သည် အက်စ် အလိုဟာ (S-ALOHA) ဟု ခေါ်သည့် စလော့တက် အလိုဟာ နည်းလမ်း၏ အားနည်းချက်များကို ကျော်လွှားနိုင်ရန် တီထွင်ခဲ့ခြင်း ဖြစ်သည်။ စီအက်စ်အမ်အေ အပေါ်တွင် အခြေခံ၍ ထပ်မံမွမ်းမံထားသော ပရိုတိုကောလ်များမှာ စီအက်စ်အမ်အေ/စီအေ (CSMA/CA) နှင့် စီအက်စ်အမ်အေ/စီဒီ(CSMA/CD) တို့ ဖြစ်ကြသည်။