မာတိကာသို့ ခုန်သွားရန်

စိုးလွင်၊ ဦး

ဝီကီပီးဒီးယား မှ

၂ဝဝ၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ရိုးမ ၃ ကွန်ရက် စာမျက်နှာမှာ လွှင့်တင်ထားတဲ့ 'မြိတ်-ထားဝယ် ညီညွတ်ရေး တပ်ဦး နာယကကြီး ဦးစိုးလွင် နှစ် (၉ဝ) ပြည့် မွေးနေ့ ကျင်းပ' သတင်းမှ "နာယကကြီး ဦးစိုးလွင် ကိုယ်ရေးအကျဉ်း" နဲ့ လွတ်လပ်ရေး တိုက်ပွဲ၊ ဖက်ဆစ် တော်လှန်ရေး တိုက်ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ 'မြိတ် - ထားဝယ် ညီညွတ်ရေး တပ်ဦး' ဒု-ဥက္ကဋ္ဌ ဖြစ်သူ ရဲဘော် စိုးလွင်နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ "ရဲဘော် စိုးလွင်နှင့် တော်လှန်ရေးသမား တယောက်၏ ဘဝ" ကို လွတ်လပ်ရေး နှစ် (၅ဝ) မြောက် ဒေါင်းအိုးဝေ စာစောင် အထူးထုတ် တို့ကနေ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

နာယကကြီး ဦးစိုးလွင် ကိုယ်ရေးအကျဉ်း

[ပြင်ဆင်ရန်]

နာယကကြီး ဦးစိုးလွင်ကို ၂၁၊ ၆၊ ၁၉၁၉ ရက်နေ့တွင် အဖ ဦးထွန်းစိန်၊ အမိ ဒေါ်သိန်းတင်တို့မှ ပဲခူးမြို့တွင် ဖွားမြင်ခဲ့ပြီး ငယ်စဉ်ကပင် မူလတန်း ပညာကို ပဲခူးမြို့တွင် သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တွင် အထက်တန်း ပညာနှင့် တက္ကသိုလ် တတိယနှစ် အထိ ပညာ သင်ကြားခဲ့သည်။ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့သဖြင့် ကျောင်း ၂ နှစ် ထုတ်ခံခဲ့ရသည်။


နာယကကြီး ဦးစိုးလွင်၏ တော်လှန်ရေး ဖြတ်သန်းမှု အကျဉ်း

[ပြင်ဆင်ရန်]

∆ ၁၉၃၈ ခုနှစ်၊ ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ပါဝင်ခဲ့၊ နောက် အာရှလူငယ် အစည်းအရုံး အဖွဲ့ဝင်၊ မန္ဈလေးတိုင်းတွင် တာဝန်ယူခဲ့။

∆ ၁၉၄၃ ခုနှစ၊် နယ်ချဲ့ တော်လှန်ရေးတွင် ဗိုလ်အာဠာ(ခနဲ့အတူ ဗိုလ်ကြီးအဆင့် တာဝန်ယူ။

∆ ၁၉၄၅ ခုနှစ်၊ ဂျပန် တော်လှန်ရေးတွင် အထက်မြန်မာပြည်တွင် ဗိုလ်မှူးကြီး ဗထူးတို့နဲ့ အတူ ဗိုလ်မှူးလေး အဆင့် တာဝန်ယူ။

∆ ၁၉၄၇ ခုနှစ်၊ ဗမာ့ တပ်မတော် ဖွဲ့စည်းရာတွင် ဒုဗိုလ်အဆင့်ဖြင့် တပ်ရင်း (၃) တွင် တာဝန်ကျ၊ ဗမာပြည် ကွန်မြူနစ် ပါတီဝင်။

∆ ၁၉၄၉ ခုနှစ်၊ ဗိုလ်အဆင့် ခွဲမှူး တာဝန်ဖြင့် တော်ခို (တော်လှန်ရေး နယ်မြေ ရောက်ရှိ)။

∆ ၁၉၅၁ ခုနှစ်၊ ဒု-ဗိုလ်ကြီး တာဝန်ဖြင့် (ဗမာပြည်ကွန်မြူနစ်ပါတီ) တနင်္သာရီတိုင်း တပ်မဟာ (၇) မှူး တာဝန်၊ ထားဝယ် ခရိုင် ကော်မတီ။

∆ ၁၉၅၃ ခုနှစ်၊ မြိတ်ခရိုင် တိုးချဲ့ရာတွင် မြိတ်ခရိုင် ကော်မတီဝင်၊ ခရိုင်တပ်မှူးဖြစ်။

∆ ၁၉၅၆ ခုနှစ်၊ မြိတ်ခရိုင် အတွင်းရေးမှူး။

∆ ၁၉၆၅ ခုနှစ်၊ တနင်္သာရီတိုင်း ကော်မတီဝင်၊ တိုင်းတပ်မှူး။

∆ ၁၉၇၅ ခုနှစ်၊ (ဗမာပြည် ကွန်မြူနစ် ပါတီ) အရံ ဗဟိုကော်မတီဝင်၊ တနင်္သာရီ စစ်ဒေသ ကော်မတီဝင်။

∆ ၁၉၈၅ ခုနှစ်၊ (ဗမာပြည် ကွန်မြူနစ် ပါတီ) တတိယအကြိမ် ကွန်ကရက်မှ ဗဟို ကော်မတီဝင် အဖြစ် ရွေးချယ်။

∆ ၁၉၉၅ ခုနှစ်၊ (MDUF) ဒုဥက္ကဋ္ဌ တာဝန်ယူ။

∆ ၂ဝဝ၁ ခုနှစ်၊ (MDUF) ဒုက္ကဋ္ဌ အဖြစ်မှ ကျန်းမာရေး အရ အနားယူပြီး နာယက အဖြစ် တာဝန်ယူခဲ့။

၂၁၊ ၆၊ ၂ဝဝ၉ ရက်နေ့တွင် အသက် (၉ဝ) ပြည့်မြောက်ခဲ့သည်။ မြိတ်-ထားဝယ် ညီညွတ်ရေး တပ်ဦး နာယကကြီး ဦးစိုးလွင်သည် ယခုအခါ လူကြီး ရောဂါများကို ခံစားနေရပြီး မိသားစုနှင့် အတူ နေထိုင်လျက် ရှိသည်။


ရဲဘော် စိုးလွင်နှင့် တော်လှန်ရေးသမား တယောက်၏ ဘဝ

[ပြင်ဆင်ရန်]

မေး ။ ။ အဘရဲ့ နောက်ခံ သမိုင်းလေးကို ပြောပြေပေးပါ ခင်ဗျား။

ကျနော်ဟာ မြိတ် - ထားဝယ် ညီညွတ်ရေး တပ်ဦးမှ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် စိုးလွင် ဖြစ်ပါတယ်။ မကဒတမှ ကိုယ်ရေး သမိုင်းတခု ဖော်ပြပြီး တိတ်ခွေနဲ့ အသံ သွင်းလိုကြောင်း ပြောပါတယ်။

တကယ်တော့ ကျနော်မှာ တိုင်းပြည်အတွက် မယ်မယ်ရရ မှတ်တမ်း တင်နိုင်လောက်အောင် လုပ်ခဲ့တာ မရှိပါ။ တဖက်ကလဲ ကျနော် ဘဝဇာတ်ကြောင်းကို မထင်မရှား တောထဲမှာပဲ ဇာတ်မြုပ် ထားချင်တဲ့ ဆန္ဒကလဲ ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်စေ မကဒတရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ ခပ်တိုတို ဖော်ပြပါမယ်။

ကျနော်ရဲ့ ဘိုးဘွားများဟာ မြေပိုင်ရှင်ကြီးများ ဖြစ်ကြပါတယ်။ ဟိုတုန်းက Land Owner ဆိုတာ ဂုဏ်ယူနေကြတဲ့ ကာလပါ။ နောက် ကျနော့် အဖေနဲ့ ဦးကြီး ဂုဏ်ယူနေကြတဲ့ ကာလပါ။ နောက် ကျနော့်အဖေနဲ့ ဦးကြီး ဦးလေး စသည်တို့ကလဲ မြို့အုပ် (T.O.)၊ လယ်ဝန်(S.L.R.)၊ ပါလီမန် အတွင်းဝန်၊ ဝန်ကလေး စသူတို့ ဖြစ်ကြပါတယ်။ သူတို့ဟာ အင်္ဂလိပ် အစိုးရအပေါ် အလွန် သစ္စာရှိ ရိုသေ ကိုင်းရှိုင်း ကျိုးနွံ့ အထင်ကြီးကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားတရား သံဃာ ရတနာသုံးပါးကို ကြည်ညိုကြသူများ ဖြစ်ကြပါတယ်၊ အိမ်မှာ နွားသားစားခွင့် မရခဲ့ပါဘူး၊ ကျေးဇူးရှင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နေ့ကြီး ရက်ကြီးများမှာလဲ ဥပုသ်သီလ ဆောက်တည် ရပါတယ်။ ပုတီး စိတ်ကြရပါတယ်။

အဲဒီ ပတ်ဝန်းကျင်ထဲက ကြီးပြင်းလာခဲ့တဲ့ ကျနော်ဟာ တဦးတည်း ဘာကြောင့် လက်ဝဲ တော်လှန်ရေးသမား ဘဝ အဖြစ် နှစ်ပေါင်း ၅ဝ အထိ ကျင်လည် နေရပါသလဲ၊ တမူ ထူးခြားတယ်လို့ ဆိုရလေမလား။

ကျနော်ဟာ အခု အသက် ၇၇ နှစ်ထဲ ရောက်နေပါပြီ။ အင်္ဂလိပ် လက်အောက်ခံ ဘဝ တိုင်းတပါးရဲ့ ကျွန်ဘဝမှ ကြီးပြင်း လူလားမြောက်ခဲ့ရသူ ဖြစ်ပါတယ်။ အထက်က ဖော်ပြ ထားခဲ့သလို ကျနော့် ဘေးပတ်ဝန်းကျင်က ကျနော့်ကို အခုလို နိုင်ငံရေးသမား၊ တော်လှန်ရေးသမား တယောက် ဖြစ်လာဖို့ ဆိုတာ စဉ်းစားလို့ မရနိုင်ပါ၊ မဖြစ်နိုင်ပါ။ ကျနော် ကိုယ်၌ကလဲ မြို့နေ ဓနရှင်ပေါက်စ လူတန်းစား တယောက် ဖြစ်လေတော့ ဒီဂရီတခု ရယူပြီး ရာထူးတခုယူ၊ အိမ်ထောင်ရက်သား ပြုပြီး အေးအေးလူလူ နေဖို့ ဘဝကို မက်မောခဲ့ပါတယ်။

ဒါပေမဲ့ ဘဝဆိုတာ မရေမရာ အပြောင်းအလွဲလေးတွေ ရှိတတ်ကြတယ် မဟုတ်လား။

ကျနော်ဟာ မန္တလေးမြို့ကနေပြီး ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်း (R.G.H.S) မှာ ကျောင်းအိပ် ကျောင်းစား (ဘော်ဒါ) လာနေခဲ့ပါတယ်။ ကျနော်တို့ ကျောင်းအုပ် ဆရာကြီးဟာ အင်္ဂလိပ် လူမျိုး ဖြစ်ပါတယ်။

ဟိုတုန်းက အရေးပိုင်၊ နယ်ပိုင်၊ စစ်ဘက် နယ်ဘက် ပညာရေး စတဲ့ အဘက်ဘက်မှာ အင်္ဂလိပ် လူမျိုးတွေပဲ ဖြစ်ကြပါတယ်။ သူတို့ကို သူတို့ပဲ "သခင်ကြီး" လို့ အခွင့်ထူးခံ ဘဝ ခံယူပြီး ပြည်သူတွေကို ကျေးတော်မျိုး၊ ကွ္ဆန်တော်မျိုး၊ မောင်မင်း ဆိုတာမျိုးနဲ့ ဆက်ဆံကြပါတယ်။ ဒါကြောင့် နိုင်ငံရေးအသိ နိုးကြားတဲ့ တိုးတက်တဲ့ လူငယ် ကျောင်းသားတွေကလဲ မင်းတို့ချည်းပဲ သခင် မဟုတ်ဘူး။ ငါတို့လဲ သခင်လူမျိုး ဆိုပြီး သခင် အောင်ဆန်း၊ သခင် သန်းထွန်း၊ သခင် စိုး၊ သခင် နု၊ သခင် ဗဟိန်းတင် စတဲ့ သခင်ဂိုဏ်းကြီး တခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဂျပန် အုပ်စိုးစဉ်တုန်းကလဲ သူတို့ကိုယ် သူတို့ "မာစတာ" တဲ့လေ။ အခု စစ်အစိုးရ လက်ထက်ကျတော့ "ဗိုလ်ကြီး" ဆိုတာ ဖြစ်လာတယ်။

ကျနော်တို့ အစိုးရ ဟိုက်စကူးကျောင်းမှာ ကျောင်းသား သမဂ္ဂ ထူထောင်ခွင့် မရကြပါဘူး။ ၁၃ဝဝ ပြည့် အရေးတော်ပုံ နေ့ထူးနေ့မြတ်မှာ မြို့မကျောင်းနဲ့ ပူးပေါင်း လှုပ်ရှားရပါတယ်။ ကျနော်တို့ကို ကျောင်းသား သမဂ္ဂ ခေါင်းဆောင် "ကိုသန်းတင်" က လက်နက်ဆိုလို့ အပ်တချောင်းတောင် မယူရဘူး ဆိုလို့ တကယ်ပဲ ကျနော်တို့ရဲ့ ပင်နီ အပေါ်အကျႌမှာ တွယ်အပ် တချောင်းတောင် မပါခဲ့ပါဘူး။

ကျနော်တို့ဟာ အေးချမ်း ငြိမ်သက်စွာ ကျောင်းသား ခေါင်းဆောင်တွေရဲ့ စကားကို နားထောင်ပြီး စည်းကမ်းတကျ "စက္ကရီတေရီယက်" ခေါ်တဲ့ အတွင်းဝန်ရုံးကြီးကို လေးဘက်လေးတန် ဝိုင်းပိတ်ဆို့ ဆန္ဒပြ ခဲ့ကြပါတယ်။ ထိုစဉ်က အင်္ဂလိပ် "ဂေါ်ယာ" မြင်းစီး စစ်ပုလိပ်တွေ ဧရာမ မြင်းကြီးတွေ စီးပြီး လက်ထဲက နံပါတ်တုတ်ကိုင်ပြီး မြင်းနဲ့ တက်နင်း တုတ်နဲ့လဲ ရိုက်တဲ့ အတွက် ကျနော်တို့ ကျောင်းသား ကျောင်းသူတွေ သွေးရဲရဲနဲ့ မြေကြီးပေါ် ပုံလဲနေတာတွေ ခုထက်ထိ မျက်စေ့ထဲမှာ မြင်ယောင်နေ မှတ်မိ နေပါသေးတယ်။ ကျနော်တို့ကတော့ အပြေးကောင်းလို့ လွတ်လာခဲ့ပါတယ်။

ကျနော် စိတ်ထဲမှာ ဘယ်လို ခံစားနေရမှန်း မသိပါ။ တုန်တုန်ရီရီ ဖြစ်နေပါတယ်။ နောက်ဆုံး ကျောင်းသား ခေါင်းဆောင်တွေ တပ်ပြန်စုပြီး တပ်ခေါက် ပြန်လာ ကြပါတယ်။ သရက်တော ဘုန်းကြီးကျောင်းနားက ဖြတ်ပြန် လာခဲ့ပါတယ်။ ကျောင်းသားထုကြီးက "ကိုယ်တော်ဘုရား ကျောင်းသားတွေ သွေးမြေ ကျကုန်ပါပြီ" လို့ အော်ဟစ် ငိုေွ့ွကး တိုင်တန်းတဲ့ အခါ သံဃာတော်များ ဧကသီ ခေါင်းပေါင်းပြီး ဓားဆွဲ ထွက်လာကြပြီး အားပေး စကားတွေ ပြောကြရှာပါတယ်။

ကျနော်တို့အနေနဲ့ လက်နက်ဆိုလို့ အပ်တချောင်း မရှိတဲ့ ကျောင်းသားအရွယ် လူမမယ်တွေ အပေါ် အခုလို ရက်ရက်စက်စက် လုပ်ရက်လေခြင်း ဆိုတဲ့ စိတ်ထဲမှာ နာကြည်းချက် ခံစားချက် အပြည့်နဲ့ အသည်းထဲမှာ စွဲမြဲနေတာ ယခုထက်တိုင် ဖြစ်ပါတယ်။

အဲဒီ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးက ကျနော်တို့ကို ခုလိုမျိုး နှစ်ပေါင်း ၅ဝ ကြာညောင်းသည် အထိ တော်လှန်ရေးသမားကြီး တယောက် ဖြစ်လာအောင် မျိုးစေ့ ချပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။ ၁၃ဝဝ ပြည့် ဆိုတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့ဖူးတဲ့ အတွက် အခု ပြန်စဉ်းစားကြည့်ရင် ဂုဏ်ယူဘွယ် ဝွ့ံ့ွကားဘွယ် ဖြစ်ရပါတယ်၊ ဟိုတုန်းက ကျနော်ဟာ ဆယ်ကျော်သက် အရွယ် အသက် ၂ဝ တောင် မရှိသေးတဲ့ အရွယ် လူငယ်တယောက် နိုင်ငံရေးလဲ နားမလည်သေးပါ။

အဲဒီ အချိန်တုန်းက ကျနော်တို့ ဗမာပြည်ဟာ အိန္ဒိယပြည်ရဲ့ အရှိန်ဩဇာဟာ လွှမ်းခြုံ သက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် မဟတ္တမ ဂန္ဒီကြီး၊ ပန်ဒစ်ဂျဟာဝါလာ နေရူးတို့ကို စံနမူနာ ယူစရာ ဖြစ်နေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလန်ကို လွတ်လပ်ရေး တောင်းဆိုဖို့ သွားရာမှာ အိန္ဒိယကို ကြိုတင်သွားပြီး မစ္စတာ နေရူးနဲ့ တွေ့ဆုံကြောင်း သိရပါတယ်။ မစ္စတာ နေရူးဟာ ပညာတတ် ပုဂ္ဂိုလ်ကြီး ဖြစ်တဲ့အတွက် ကျနော်တို့လဲ နိုင်ငံရေး လုပ်မယ်ဆိုရင် ခေတ်ပညာတတ်ဖို့ လိုတယ်လို့ ခံယူချက် ရှိခဲ့ပါတယ်။ ဒါက ဟိုတုန်းက စိတ်ကူးခဲ့ပုံ ဖြစ်ပါတယ်။ မှားတယ် မှန်တယ် ဆိုတာ တခု ဖြစ်ပါလိမ့်မယ်။ ကျနော်ကတော့ ခုထိ မမှားဘူးလို့ပဲ ထင်ထားပါတယ်။ ကိုအောင်ဆန်း တက္ကသိုလ်မှာ စာကြိုးစားပုံ အထူးသဖြင့် အင်္ဂလိပ်စာ ကြိုးစား လေ့လာပုံတွေ ဗိုလ်ချုပ်အကြောင်း ရေးကြတဲ့ ဆောင်းပါးတွေ ထဲမှာ တွေ့ရဖူးပါတယ်။

ကျနော် ရန်ကုန် ဟိုက်စကူးက ၁ဝ တန်း အောင်မြင်ပြီးနောက် မန္တလေး အင်တာမီဒီရိုက် ကောလိပ်မှာ ပညာ ဆက်သင်ပါတယ်။ မန္ဈလေး ကောလိပ်မှာ ကိုမောင်မောင် (သမ္မတ ဒေါက်တာ မောင်မောင်)၊ ရေဦး ကိုအေးမောင် (ဗိုလ်မှူးကြီး အေးမောင် ဗြိတိသျှ စစ်သံမှူး)၊ မြင်းခြံ ကိုစိုးအောင်(ဗိုလ်မှူး ချစ်ကောင်း)၊ ကိုဗရွှေ (ဗိုလ်မှူးကြီး ဗရွှေ) စသူတွေဟာ ကျောင်းနေဖက်တွေ ဖြစ်ကြပါတယ်။

ဟိုတုန်းက အင်္ဂလိပ် အစိုးရ တိုင်းပြည် အုပ်ချုပ် ကျွန်လုပ်ရာမှာ ၆ လက်မ ကျော်တဲ့ မောင်းချဓားတောင် ကိုင်ခွင့် မပေးခဲ့ပါဘူး။ ကိုင်ရင် အရေးယူ ဖမ်းချုပ် နိုင်ပါတယ်။ ရိုင်ဖယ် သေနတ် ဆိုတာတော့ ဝေလာဝေး ဘယ်က စကိုင်ပြီး ဘယ်လို ပစ်ရမှန်းတောင် မသိကြပါဘူး။ ရန်ကုန် တက္ကသိုလ်မှာတော့ UTC ဆိုတဲ့ အပျော်တမ်း စစ်တပ်ဆိုတာ ရှိပါတယ်။ ကျနော်တို့ မန္ဈလေး ကောလိပ်မှာတော့ မရှိပါဘူး။ ဒါပေမယ့် Burma Ausiliary Force (BAF) ခေါ်တဲ့ အပျော်တမ်း အရံတပ် ဆိုတာ ရှိပါတယ်။ သူက British Other Rank (BOR) တပ် ဖြစ်ပါတယ်။ ညနေ ကျောင်းဆင်းမှ နန်းတော်ထဲမှာ စစ်ရေး လေ့ကျင့် စစ်သင်တန်း ဆင်းရပါတယ်။ မန္ဈလေးမှာ တခြား မြို့စောင့်တပ်လို့ BMP ဆိုတဲ့ တပ်တွေ ရှိပါတယ်။ သူတို့က ကုလားတပ်တွေလို့ သတ်မှတ် ထားပါတယ်။ Indian Other Rank (IOR) ဖြစ်ကြပါတယ်။ အဆင့်အတန်း မကွဲပါ။ ယူနီဖောင်းကစ ခွဲခြား ထားပါတယ်။ ကျနော် အဲဒီ BAF ထဲ ဝင်ခဲ့ပါတယ်။ ဟိုတုန်းကတည်းက အင်္ဂလိပ် လက်အောက်မှာပဲ ပညာ တတ်ထားဖို့ လိုတယ်လို့ ခံယူ ထားပါတယ်။ ရိုင်ဖယ်၊ ဘရပ်းဂန်း စတာတွေကို ကိုင်တွယ် ပစ်ခတ် တတ်ခဲ့ပါတယ်။

ဂျပန်တွေ ဗမာပြည်ကို သိမ်းပိုက်ပြီးတဲ့ အခါ ကျနော်တို့လဲ ကျောင်းတွေ ပိတ်ထား၊ စာမသင်ရတော့တဲ့ အခါ စိတ်တွေ လေလွင့် လာခဲ့ပါတယ်။ ခုခေတ် နဝတက ကျောင်းတွေ ပိတ်ထားတဲ့ အတွက် လူငယ် ကျောင်းသားတွေ အပေါ် ကိုယ်ချင်း စာနာ မိပါတယ်။

နောက် အရှေ့အာရှလူငယ်များ အသင်းရယ်လို့ ဂျပန်က ခွင့်ပြုချက် ပေးသလားလို့ ကျနော်တို့ လူငယ်တွေကို စုစည်း နိုင်ခဲ့ပါတယ်။ အာရှလူငယ် တာဝန်ခံက ကိုရဲညွန့် ခေါ်ပါတယ်။ နောက် ကိုအွံ့ွကယ် ဆိုသူလဲ ရှိပါသေးတယ်။ ကျနော်က အာရှလူငယ် ကာယဗလ တာဝန်ခံ ဖြစ်ပြီး လူငယ် လက်ရွေးစင်ထဲမှာ ပါပါတယ်။ အာရှ လူငယ်အဖွဲ့မှာ တက်တက်ွ့ွကွ့ွက တာဝန် ယူနေစဉ်မှာ ပဲခူး မရီ (ခေါ်) မနှင်းဆီနဲ့ လျှို့ဝှက် ဆက်သွယ်မှုရပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ္တ အိန္ဒိယပြည်ဆိုတဲ့ လွတ်လပ်ရေး ကြေညာစာတမ်း အမှတ် (၁)၊ သေပန်းပွင့်နေသော ဂျပန် စာရွက်စာတမ်းတွေ ဖတ်ရှု လေ့လာရပြီး သခင် တင်မြ၊ ကိုဌေးမြိုင်တို့နဲ့ ဆက်သွယ်ပြီး ရန်ကုန်မှာ မြေအောက် လျှို့ဝှက်ပါတီ သင်တန်း တက်ရောက် ခဲ့ပါတယ်။ ဒီအချိန်မှာ တတိယ အပတ်စဉ် ဗိုလ်လောင်းသင်တန်း ခေါ်နေချိန် ဖြစ်ပါတယ်။ ကျနော်အနေနဲ့ ကျန်းမာရေး ဆေးစစ် အောင်မြင်ပြီးနောက် စာမေးပွဲ ဖြေရမည့်ရက်နဲ့ ပါတီ မြေအောက်သင်တန်း တက်ရက်နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ဗိုလ်သင်တန်းကို လက်လွှတ်လိုက်ပြီး နိုင်ငံရေး သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ဒီသင်တန်းမှာ မှတ်စု လိုက်ရေးထားတဲ့ မှတ်စု တအုပ်ကို ရဲဘော် စံညွန့် ငှားသွားပြီး ပြန်မပေးဘဲ ထားရာမှ ယခု တပ်မတော် မော်ကွန်း ပြတိုက်ထဲ ရောက်နေကြောင်း သိရပါတယ်။ ပါတီ သင်တန်း ပြီးဆုံးတဲ့နေ့မှာ ကျနော်တို့ သင်တန်းတက်တဲ့ ရဲဘော် အားလုံး ဗိုလ်ချုပ် အောင်ဆန်းအိမ် (ယခုပြတိုက်) ကို လာကြရပါတယ်၊ ဗိုလ်ချုပ် ပြောတာတွေ အားလုံး မမှတ်မမိပေမဲ့ မှတ်မိတာ တခုက ဗိုလ်ချုပ်က သင်တန်း ဆင်းလာပြီး ကြက်တူရွေးလို လိုက်မရွတ် နေဖို့ အင်္ဂလိပ် စကားနဲ့ပါ ညှပ်ပြီး ဆုံးမပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ဂျပန် ဆန့်ကျင်ရေး အတွက် ဗိုလ်ချုပ်တပ်နဲ့ ပါတီ နားလည်မှု ရထားပြီးပြီဟု ယူဆ မိပါတယ်။

ကျနော်တို့လဲ ရန်ကုန်ကနေပြီး မန္တလေး ဗိုလ်မှူး ဗထူးထံ ကားနဲ့ သွားကြပါတယ်။ ကားထဲမှာ ပါလာသူတွေ ကတော့ သခင် ဗိုလ်၊ ကိုဘညွန့် (နောင် ပီကင်းပြန်) တို့လဲ ပါကြပါတယ်။ ဗိုလ်မှူး ဗထူးက စက်မှု လက်မှုတပ်ရင်း တပ်ရင်းမှူး၊ ဗိုလ်တင် (ထားဝယ်သား) ရုံးအုပ်၊ ဗိုလ်ကြာညွန့် (ယခုပဲခူး) တို့နဲ့ အတူ ရေဦး သခင် စု၊ သခင် ကျော်၊ သခင် အေးမောင် စသည့်သူများနဲ့ ဂျပန် ဆန့်ကျင်ရေး အတွက် တာဝန် ပေးခဲ့ပါတယ်။ ဂျပန် တော်လှန်ရေး မစခင် အင်္ဂလိပ် - အမေရိကန် မဟာမိတ်တပ်များ ရေဦး၊ ရွှေဘိုဘက်ဆီ တက်လာ နေကြပြီ ဖြစ်ပါတယ်။ နောက် ဂျပန်ခေတ်က ဂျပန် သူလျှိုက အင်္ဂလိပ် ပြန်ရောက်လာတော့ အင်္ဂလိပ် သူလျှို ဖြစ်ပြီး ၎င်းတို့ရဲ့ သတင်း ပေးချက်နဲ့ ကျနော်ကို ဂျပန် အေးဂျင့် သဘောမျိုးနဲ့ ဖမ်းပြီး ၁၁၅ စစ်သုံ့ပန်း စခန်း (115 Prisoner Of War) POW Cage ကို ပို့လိုက်ပါတယ်။ အဲဒီမှာ လူထု ဦးလှ (ဂျပန်ခေတ်က ပန်းနဲ့ စစ်သား၊ ရွံ့နဲ့ စစ်သား ဆိုတဲ့ ဂျပန် စာအုပ်ကို ဘာသာပြန် ထုတ်ဝေမှုနဲ့) ဖမ်းထားတယ်လို့ သိရပါတယ်။ ဗကပ တပ်မတော် ရဲဘော်များ၊ ဆူဘတ်စ်ချန်ဒရာဘို့စ်ရဲ့ တပ်သား အိန္ဒိယ အမျိုးသား တပ်မတော် (BIA) က စစ်သားများ၊ ဖမ်းမိထားတဲ့ ဂျပန် စစ်သားများ အစုံ ရှိပါတယ်။ အင်္ဂလိပ်ဟာ ဗမာပြည် ပြန်ဝင်လာ ကတည်းက ဖမ်းဘို့ လူစာရင်း လုပ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ကို ထိန်းသိမ်းထားတဲ့ 115 POW Cage ဟာလဲ တစတစ ရွေ့ပြောင်း လိုက်လာရာ မကွေးမြို့ အထိ ရောက်လာ ခဲ့ပါတယ်။ မကွေးမြို့မှာ သခင် တင်မြနဲ့ ဆက်သွယ်မိပြီး အဖမ်းခံ ထားရတဲ့ ရဲဘော်များ အားလုံး လွတ်လပ်ပါတယ်။

ကျနော်အနေနဲ့ မကွေးမြို့ မင်ကင်းရွာမှာ တပ်စခန်း ချထားတဲ့ ရေနံချောင်း အမြှောက်တပ် ဗိုလ်တင်မောင် ဦးစီးတဲ့ တပ်ရင်း (၃) ကို ရောက်လာပါတယ်။ တိုင်း (၇) သီရိကျော်ထင် ဗိုလ်မှူး အောင် တိုင်းမှ စက်မှုလက်မှု တပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်ကြီး မိုးညို၊ ဗိုလ်ကြီး အေးချို တပ်ရင်း ဖြစ်ပါတယ်။ နောက် ကျနော်တို့ တပ်တွေ နတ္တလင်း၊ ဇီးကုန်း ရောက်လာပြီး အရှေ့ရိုးမဆီသို့ တပ်ချီ တက်ခဲ့ရပါတယ်။ ကျနော့်အနေနဲ့ ပြောက်ကျား တပ်ဖွဲ့ တဖွဲ့ ကိုင်ပြီး မဟာမိတ်တပ်နဲ့ ဆက်ဆံရေး လုပ်ရပါတယ်။ ဂျပန်နဲ့ တိုက်ပွဲဖြစ်ပြီး ဂျပန်စစ်သား ၂ ယောက် ဖမ်းမိ လာခဲ့ပါတယ်။ (တပ်မတော် သမိုင်း ဒုတိယတွဲ ၁၉၄၅ ဖက်ဆစ် တော်လှန်ရေး ကာလ စာမျက်နှာ ၈၄ ကို ကြည့်ပါ) ဒုတိယ ကမ္ဘာစစ် ဂျပန်တွေ လက်နက်ချတဲ့ အချိန်မှာ ကျနော်တို့တပ် ဇီးကုန်းမှာ ရှိနေပါတယ်။ တပ်မတော်သားတွေ လစာ ထုတ်ပေးပြီး လက်နက်တွေ အားလုံး အပ်ပြီး ကျနော်တို့လဲ ရန်ကုန်ကို ဆင်းလာကြပါတယ်။

ဗိုလ်အေးဖေ၊ ဗိုလ်ဘုန်းကျော်၊ ဗိုလ်အောင်ဖေ စသူတို့နဲ့အတူ တိုင်း (၇) မှ ရဲဘော်ဟောင်းများ၊ ဗမာပြည် ကွန်မြူနစ် ပါတီ နိုင်ငံရေးသင်တန်း တက်ကြပါတယ်။ ဒီအချိန်မှာ ပါတီက ဘရောက်ဒါ ဝါဒ ဝင်ပြီး တပ်နဲ့ ပတ်သက်ပြီး ဘာမှ စိတ်မဝင်စား ကြပါ လက်နက်ကိုင် တိုက်ရေးထက် ငြိမ်းချမ်းစွာ ကူးပြောင်းရေး ဆိုတဲ့ အမြင်နဲ့ ကျနော်တို့ကို ဘားမားရိုင်ဖယ် စစ်တပ်ထဲ မဝင်ခိုင်းဘဲ အပြင်မှာ ပါတီ စည်းရုံးရေး တာဝန်ယူဖို့ ခေါ်နေပါတယ်။ (အထူးသဖြင့် ပဲခူး ကိုကြီးမြင့်) ကျနော်တို့ လူငယ်တွေကလဲ လွတ်လပ်ရေး အတွက် ဆက်တိုက်ရ လိမ့်ဦးမယ်လို့ ခံယူ ထားကြပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် ကျနော်တို့ထံ လာပြီး ဘားမားရိုင်ဖယ် စစ်တပ်ထဲ ဝင်ကြဖို့ တယောက်ဝင်ရင် ရိုင်ဖယ် တလက်ရမယ်၊ ဂျပန်တပ်နဲ့ အင်္ဂလိပ်တပ် ကွာခြားပုံ၊ အင်္ဂလိပ်တပ်ရဲ့ ဒီမိုကရေစီ ကျင့်သုံးပုံ၊ တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ ဝင်ရောက် ကူညီဖို့ စသည်ဖြင့် လာရောက် ဟောပြော တိုက်တွန်းတဲ့ အတွက် ကျနော်တို့ လူငယ်တွေ ပိုအားရှိ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး တပ်ထဲဝင်ဖို့ အားလုံး သဘောတူ ဆုံးဖြတ် လိုက်ကြပါတယ်။

ကျနော်တို့ အားလုံး တပ်ပြန်ဖွဲ့ရာမှာ ပြန်တန်းဝင် အရာရှိ ရာထူး မရကြပါ။ သာမန် တပ်သား ရဲဘော် အဖြစ်နဲ့ စစ်တပ်ထဲ ဝင်ကြပါတယ်။ ရာထူးရရေးက အဓိက မဟုတ်ပါ။ လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့သာ စိတ်ဆန္ဒ ပြင်းပြ နေကြပါတယ်။ ကျနော်တို့ ရဲဘော်တွေ တိုင်း (၇) က ပါတီဝင် ရဲဘော် အများစု ပျဉ်းမနားမြို့ ဘားမားရိုင်ဖယ် တပ်ရင်း (၅) ဗိုလ်မှူး ဇေယျ ဦးစီးတဲ့ တပ်ထဲသို့ ပြန်လည် အမှုထမ်းရန် ရောက်လာ ကြပါတယ်။

ကျနော်တို့ တပ်ရင်း (၅) မှာ ဒါရိုက် ကော်မရှင် ဗိုလ်ရာထူး ရထားသူတွေ ကတော့ မှတ်မိသလောက် ဗိုလ်စောမြင့်၊ ဗိုလ်ကြည်မောင် (ယခု NLD)၊ ဗိုလ်လွန်းတင် (ယခု NLD)၊ ဗိုလ်အာဠာဝက၊ ဗိုလ်သံဒိုင်၊ ဗိုလ်ရဲမောင်၊ ဗိုလ်ပါလေး စတာအပြင် မျက်နှာဖြူ ဗိုလ်အချို့ ဖြစ်ကြပါတယ်၊ ကျနော်တို့ တပ်ရင်း ပျဉ်းမနားမှ ပဲခူးမြို့ကို ပြောင်းရွေ့ ရပါတယ်။

ပဲခူးမြို့မှာ အင်္ဂလိပ် တပ်ရင်းမှူးက ကျနော်တို့ ရဲဘော်တယောက်ကို မတရား ထောင်ချ လိုက်တယ်။ ဒါကြောင့် ကျနော်တို့လဲ သပိတ်မှောက် ဆန္ဒပြ ကြပါတယ်။ (တပ်မတော်သမိုင်း တတိယတွဲ၊ ၁၉၄၅ - ၄၈၊ စာမျက်နှာ - ၁၂၂ မှာ ပါပါတယ်) ၁၉၄၆ ခုနှစ်က ဖြစ်ပါတယ်။ စစ်တပ်မှာ စစ်အမိန့် နားထောင်ရေးဟာ အလွန်ပဲ အရေးကြီး ပါတယ်။ စစ်အမိန့်ကို နားမထောင်ဘူး ဆိုရင် လုပ်လို့ မရပါ။ စစ်တပ်မှာ သပိတ်မှောက် ဆန္ဒပြ၊ အမိန့်မနာခံ ဖီဆန်တာဟာ သူပုန်အလုပ် ဖြစ်သွားပါပြီ။ သပိတ် ခေါင်းဆောင်တဲ့ သူဟာလဲ သူပုန်ဗိုလ် ဖြစ်သွားပါတယ်။ အပြင် အရပ်ထဲမှာ သပိတ်မှောက်တာနဲ့ မတူပါ။

ကျနော်တို့ တိုက်ပွဲဝင်ရာမှာ စနစ်တကျ နည်းနာမှန်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တို့ ပူးပေါင်း တိုက်ပွဲဝင်ရခြင်း ဖြစ်ပါတယ်။ တိုက်ပွဲစဖို့က ကျနော်တို့ တပ်ခွဲက ကျနော်ကပဲ စတင်ရပါတယ်။ စစ်တပ် သပိတ်မှောက်တဲ့ အတွက် ရန်ကုန်မှ ဗိုလ်မှူးကြီး လက်ျာနှင့်အတူ အင်္ဂလိပ် စစ်ဗိုလ်ချုပ်တွေ ညအချိန် ရောက်လာ ကြပါတယ်။ ဗိုလ်မှူးကြီး လကျ်ာက ရောက်တယ် ဆိုတာနဲ့ ကျနော်တို့ကို ဘာတွေဖြစ်တယ် ဘာ့ကြောင့် ဖြစ်တယ် ဆိုတာတွေ ဘာမှ စစ်ဆေးမှု မရှိဘဲ ဖဆပလ လွတ်လပ်ရေး ကြိုးပမ်းနေတုန်း ဒီလို လုပ်ရမလား စသဖြင့် ဘာမှ စုံစမ်းမေးမြန်း မနေတော့ဘဲ ချက်ချင်း သပိတ် လှန်ခိုင်းပါတယ်။ ကျနော်တို့က မတရား ထောင်ချတာ လွှတ်ပေးဖို့ အရေးဆိုရာ ဗိုလ်လက်ျာက မလွှတ်ပေးနိုင်ဘူး အမှုကို ပြန်စစ်ဆေး ပေးမယ်ဟု ဆိုပြီး ကျနော်တို့ သပိတ်လှန်လိုက် ကြပါတယ်။ သပိတ်လှန်တယ် ဆိုတာ အားလုံး တန်းစီပြီး (စလွတ်) Slute လုပ်လိုက် ရပါတော့တယ်။

ပြဿနာက ဒါနဲ့ ပြီးသွားတာ မဟုတ်ပါ။ ခေါင်းဆောင် ဘယ်သူလဲ ဆိုတာ ရှာလာ ပါတော့တယ်။ ခေါင်းဆောင် ရှာရာမှာ ရှာမတွေ့တဲ့ အခါ နောက်ထပ် ခေါင်းဆောင်လို့ ထင်တဲ့သူကို ဖမ်းဆီး ခုံရုံးတင်ဖို့ ဖြစ်လာ ပြန်ပါတယ်။ ဒီအမိန့်နှင့်ဆိုရင် ကျနော် ထိပ်ဆုံးက ပါမယ်။ ကျနော် ကွန်မြူနစ် ဆိုတာ အင်္ဂလိပ် တပ်ရင်းမှူးလဲ ကောင်းကောင်း သိပါတယ်။

ကျနော်တို့ ကွန်မြူနစ်၊ ဆိုရှယ်လစ် ပူးပေါင်း ညီညွတ်မှုအားနဲ့ နောက်ခံ အရာရှိကြီးတွေ ဗိုလ်မှူး ဇေယျတို့ ပါဝင်နေတာ သိသွားတဲ့ အတွက် ကျနော်တို့ ဘာမှ အရေးယူ မခံရဘဲ အင်္ဂလိပ်ကြီးသာ အရှက်ကွဲပြီး အင်္ဂလန်ကို ဖင်လန် ပြေးသွားရ ပါတယ်။

နောက် ကျနော်တို့တပ် ရန်ကုန်ကို ပြောင်းရွေ့ ရပြန်တယ်။ ရန်ကုန်ကို ရောက်တဲ့ အချိန်မှာ ကံဆိုးချင်တော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရကြောင်း သတင်းဆိုးကြီးကို ကြားရပြန်တယ်။ တပ်ဟာ လှုပ်လှုပ်ရွရွ ဖြစ်နေပါတယ်။ ဗိုလ်ချုပ်တို့ အလောင်းကို ဂျူဗလီဟောမှာ ဘယ်သူမှ သွားရောက် အလေးပြုခွင့် မပေးပါ။ နောက်ဆုံး ဘယ်သူ့ အမိန့်မှ မယူဘဲ တပ်ခွဲလိုက် ချီပြီး အလေးသွား ပြုကြပါတယ်။ ဗိုလ်ချုပ် ဈာပနကိုလဲ ကျနော်တို့ လုက်ပို့ ခဲ့ကြပါတယ်။

အဲဒီက တဖန် ရခိုင်ပြည် ဦးစိန္ဈာ၊ ဘုံပေါက်သာကျော် စသူတို့ကို တိုက်ခိုက် နှိမ်နင်းဖို့ ကျနော်တို့ တပ်ရင်း အပါအဝင် တပ်ရင်းပေါင်း ၄ ရင်းနဲ့ ရခိုင်ပြည်သို့ ဗိုလ်ချုပ် ကျော်ဇော ဦးစီးပြီး သွားရောက် နှိမ်နင်းရတာ ဖြစ်ပါတယ်၊ (တပ်မတော် သမိုင်း တတိယတွဲ စာမျက်နှာ ၁၂၂) မှာ တပ်ရင်း တရင်းလို့သာ ဖော်ပြ ထားပါတယ်) ဒါမမှန်ပါ။ တပ်ရင်း ၄ ရင်းသာ ဖြစ်ပါတယ်။ တပ်နံပါတ်တွေလဲ အားလုံး မမှတ်မိတော့ပါ။ သို့သော်လည်း သောင်းကျန်းသူ နှိမ်နင်းရေးတပ် Burua Police Striking Force (BPSF) တတပ် ပါလာတာတော့ မှတ်မိပါတယ်။

ကျနော်တို့ ရန်ကုန် တပ်စခန်း ချရာ နေရာဟာ ရွှေတိဂုံ ဘုရားနဲ့ ကပ်ရက် ဂေါ်ရာကုန်းမှာပါ။ တပ်အဆောက်အဦကြီးဟာ အလွန် ကောင်းမွန် သပ်ရပ်ပါတယ်။ တပ်သား၊ အရာခံဗိုလ်၊ ဗိုလ် စတဲ့ သူ့နေရာနှင့်သူ၊ တပ်ရင်းရုံး၊ လက်နက်တိုက် စတာတွေ ပြုလုပ်ထားတာ ရှိပါတယ်။ အဆောက်အဦးကြီးက အသစ်ပဲ ရှိသေးတယ်။ ဒါကို ဦးနေဝင်း စစ်အာဏာရှင်ကြီးက ဖြိုချပြီး ဝိဇယ ဘုရားတည်ကြောင်း သိရပါတယ်။

ကျနော်တို့ ရခိုင်ပြည် ဦးစိန္ဈာ၊ ဗုံးပေါက်သာကျော်တို့ ဆိုတာ ဖက်ဆစ် တော်လှန်ရာမှ စွမ်းစွမ်းတမံ ဆောက်ရွက် ခဲ့သူတွေပါ၊ အခု ဖဆပလက လက်နက် အားကိုး နှိမ်နင်းခိုင်း၊ ရွာမီးရှို့ခိုင်း နေပြန်ပြီ၊ ဗိုလ်မှူးချုပ် ကျော်ဇောကိုလဲ နာမည်ပျက်အောင် လုပ်ခိုင်း နေပါတယ်။ တပ်ရင်း ၄ ရင်းနဲ့ တနှစ်ကြာ နှိမ်နင်းလဲ မနိုင်နိုင်ပါ။ မပြုတ်ပါ။ ကျနော်လဲ ပထမဦးဆုံး တိုင်းပြည် လွတ်လပ်ရေး ရတဲ့ နေ့မှာဆိုရင် ရခိုင်ပြည် စစ်တွေမြို့မှာ ရှိနေပါတယ်။ အခု အနှစ် (၅ဝ) ပြည့် ရွှေရတုသဘင် ဖြစ်နေပါပြီ။ အော်လွန်ခဲ့တဲ့ အနှစ် ၅ဝ ဒီနေ့ ဒီရက်မှာ ငါရခိုင်ပြည်မှာ ပါလား ဆိုတာ ပြန်ပြောင်း သတိရမိ ပါတယ်။ စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ လုံးဝ မရှိပါ။ အနှစ်သာရ ဘာမှ မခံစားခဲ့ရပါ။ ကျနော်လဲ ရန်ကုန်မြို့ တပ်ရင်း (၁) ကို ပြောင်းရွေ့ ခဲ့ရပါတယ်။

ကျနော် ရန်ကုန်ရောက်ပြီး မကြာမီ ရဲမင်းကြီး ဦးအောင်သိန်းထံ သွားရပြီး ရဲမင်းကြီး အမိန့်နဲ့ ရန်ကုန် ဗမာပြည် ကွန်မြူနစ် ဌာနချုပ် ဗားကရားလမ်းမှာ သခင် သန်းထွန်း ကို သွားဝိုင်း ဖမ်းဆီးဖို့ လွှတ်လိုက်ပါတယ်။ ရဲမင်းကြီးက တိုက်ထဲက လက်နက်နဲ့ ခုခံကြလိမ့်မယ် သတိရှိဖို့ မှာကြား လိုက်ပါသေးတယ်။ ရဲဝိုင်ယာလက် ကားလဲ ပါပါတယ်။ အကယ်၍ အထဲကနေ ပြန်ပစ်ပါက ကျနော်တို့လဲ မလွှဲမရှောင်သာ ပြန်ပစ်ရ ပါတော့မယ်။ ကျနော်တို့ကတော့ နေရာ အဆင်သင့် ယူထားပြီး ကျနော်တို့က စမပစ်ဖို့ အမိန့်ပေး ထားပါတယ်။ မိုးလင်းတဲ့ အခါ အထဲဝင်ကြည့်တော့ လူတယောက်မှ မရှိတော့ပါ။ ညကပဲ ထွက်သွားပြီလို့ ယူဆရ ပါတယ်။ အဲဒီနေ့ဟာ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ဖြစ်ပါတယ်။

ဖဆပလ အစိုးရ တိုင်းပြည်ရှိ ဗကပ ကွန်မြူနစ် ပါတီဝင်တွေ၊ အလုပ်သမား သမဂ္ဂဝင်၊ လယ်သမား သမဂ္ဂဝင်၊ အမျိုးသမီး သမဂ္ဂဝင်၊ ကွန်မြူနစ် ပါတီဝင် လူငယ် စတာတွေ အားလုံး မတရား အသင်း မထုတ်ပြန်ဘဲနဲ့ ဖမ်းဆီးခိုင်းကြောင်း သိရပါတယ်။ ကျနော်တပ် Adgutant ကပ္ပတိန် ဗိုလ်သက်ထွန်းက သခင် သန်းထွန်းထံ လျှို့ဝှက် အကြောင်းကြားလိုက်လို့ သခင် သန်းထွန်းတို့ လွတ်သွားတာ ဖြစ်ပါတယ်။

ကျနော်တို့ တောခိုပြီးမှ သိရတာက ပဲခူး ခရိုင်၊ ကျောက်ကြီး၊ ပေါက်တောရွာရောက် ဗဟိုကော်မတီ အစည်းအဝေး ထိုင်တဲ့ အခါကျမှ လက်နက် စွဲကိုင်ပြီး တိုက်သင့် မတိုက်သင့် စဉ်းစားကြကြောင်း၊ မစ္စတာ ဂိုရှယ် ခေါ် ရဲဘော် ဘတင်က လောလောဆယ် မတိုက်ဘဲ သပိတ်စုံမှ သူပုန်ထ ဆိုတဲ့ အယူအဆကို တင်တဲ့အတွက် ဗဟိုက ရဲဘော် ဘတင်ကို အပြစ်တင် အရေးယူ လိုက်ကြောင်း နောက်မှ သိရပါတယ်။

အဲဒီ ဗဟိုကော်မတီ အစည်းအဝေးက ရရာ လက်နက်နဲ့ တုံ့ပြန် ခုခံရမယ်လို့ ဆုံးဖြတ်ကြပြီး ဖဆပလ အစိုးရက စထိုးစစ်ဆင်တဲ့နေ့ မတ်လ ၂၈ ရက်နေ့ကို တော်လှန်ရေးနေ့ အဖြစ် ယခုအထိ သတ်မှတ် ခဲ့ပါတယ်။

သခင် သန်းထွန်းကို သွားဝိုင်းပြီး မကြာမီ ကျနော်က ဝန်ကြီးချုပ် ဦးနုအိမ် (ပြည်လမ်း) မှာ ကာကွယ်ဖို့ အစောင့် လွှတ်လိုက်ပါတယ်။ ကျနော့်အနေနဲ့ ဝန်ကြီးချုပ် ဦးနုကို အန္ဈရယ်ပြုဖို့ လုံးဝ စိတ်မကူးခဲ့ပါ။ တစုံတယောက် လာရောက် တိုက်ခိုက် ပစ်ခတ်ပါက ဦးနုရဲ့ အသက်အန္ဈရာယ်ကို ကာကွယ်ပေးဖို့ အဆင်သင့် ရှိပါတယ်။ ကျနော် ညည စိတ်ပူပြီး သိပ်မအိပ်ရပါ။ ဦးနု အိမ်ပေါ်လဲ ကျနော် အကြောင်းရှိမှ တက်ပါတယ်။ အိမ်ဝင်း အတွင်းမှာပဲ နေပါတယ်။ သိပ်များမကြာမီ တပ်က ပြန်ခေါ် လိုက်ပါတယ်။ ပဲခူးဘက်ကို အော်ပရေးရှင်း လုပ်ဖို့ ဖြစ်ပါတယ်။

ပဲခူးမြို့ ဗကပ တပ်မတော် တပ်ရင်း (၆) တပ်ရင်းမှူးနဲ့ ဒုဗိုလ်မှူးကြီး တင်ဦး (ဂျပန်ပြည်) တပ်မှ ဗိုလ်ရဲမောင် (ဂျပန်ပြည်)၊ ဗိုလ်အေးဖေ၊ ဗိုလ်ဘုန်းကျော်၊ ဗိုလ်အောင်ဖေတို့ ပဲခူး ကွန်မြူနစ် ကိုကြီးမြင့်တို့နဲ့ ဆက်သွယ်ပြီး တောခို သွားပါတယ်။ သူတို့ တောခိုသွားတဲ့ အတွက် ရန်ကုန်မှာ ပုဒ်မ ၅ နဲ့ ကျနော်တို့ အဖမ်းခံ ရပါတယ်။ အဖမ်းခံရ သူများကတော့ ဗိုလ်မှူး လွန်းတင် (ယခု NLD)၊ ဗိုလ်သက်ထွန်း၊ ဗိုလ်ဘညွန့်၊ ဗိုလ်သာဒွန်းမောင် (ရခိုင်)နဲ့ ကျနော် ဖြစ်ပါတယ်။ တပ်ရင်းမှူးက ဦးအောင်သင်းလို့ ထင်ပါတယ်။ ဘားလမ်း အချုပ်မှာ အချုပ်ခံရတာပဲ၊ ဒီအချိန်က အလံနီ ကိုမြမင်း၊ ကိုစောဦး (ဂျာနယ်ကျော်) တို့ ရှိနေကြပါတယ်။ ကျနော်တို့ အဖမ်းခံရတဲ့ သတင်းကို ဗမာ့ခေတ်က တပ်မတော် ဗိုလ်မှူး၊ ဗိုလ်ကြီးတွေဘက်က ကူညီဆွဲပြီး မျက်နှာဖုံးက စာလုံးမည်းနဲ့ ပါလာကြောင်း သိရပါတယ်။ ဗမာ့ခေတ်က လွဲပြီး ဘယ်သတင်းစာမှ မထည့်ရဲကြပါ။ မကြာမီ စောကြာဒိုး လာပြီး လွှတ်ပေးပါတယ်။ တပ်ပြန် ရောက်ပြီး ပဲခူးနယ် သနပ်ပင်၊ ဂေါမြစ်ကျိုး၊ သရက်သမိန် စတဲ့ စစ်တောင်း ဧရိယာဘက်ကို ထွက်ရပါတယ်။ ဗဟို ကော်မတီ ဇနီး ဖမ်းမိ ပါတယ်။ နာမည်တော့ မမှတ်မိပါ။ ဟိုစဉ်က ဗိုလ်ချစ်ခိုင် (DSP) (ယခု NLD) အား အပ်ပေးလိုက်ပါတယ်။

ကျနော်တို့ အနေနဲ့ ရခိုင်ပြည်မှာလဲ တပ်ရင်း ၄ ရင်းနဲ့ ဦးစိန္ဈာ၊ ဘုံပေါက်သာကျော် တို့ကို ၁ နှစ်ကြာ တိုက်လာတာ မအောင်မြင်ခဲ့ပါဘူး။ ခု ဗကပကို စစ်ရေးနဲ့ ဖြေရှင်း ခိုင်းပြန်ပြီ၊ ပိုလို့တောင် မရနိုင်ပါ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး အရပဲ ဖြေရှင်းနိုင်မယ် ဆိုတာ ကျနော်တို့ လက်တွေ့က ပညာ ရလာခဲ့ပြီး ပါပြီ။

ကျနော်တို့ တပ်တွင်း အခြေအနေ မကောင်းပါ။ ရဲဘော်တွေကို ထိန်းမနိုင်ပါ။ ကျနော်တို့ စစ်ရေးအရ ဦးစီး ကွပ်ကဲသူကတော့ ကချင် လူမျိုး ကာနယ် လဇုန်တန်းလို့ ခေါ်ပါတယ်။

ကျနော်တို့ တပ်ဖွဲ့တဖွဲ့ အဗြာ ဆိုတဲမှာ Output ကင်းတပ်တခု ချထားရာ ဦးစီးသူက ကပ္ပတိန် ဂျင်မီ။ အိန္ဒိယပြန် ပါလာခဲ့တဲ့ သူရဲ့ ရဲဘော်တွေ အပေါ် မတရား နိုင်ထက်စီးနင်း ဗျူရိုကရက် ဆန်မှုကြောင့် ပြစ်သတ်လိုက် ကြပါတယ်။ ကျနော်တို့ စစ်တပ် တောခိုဖို့ ဆိုတာ ဟိုတစု ဒီတစု လုပ်လို့ မရပါ။ ပဲခူး ဗိုလ်အေးဖေက လူတစု ထွက်သွားရာ ကျနော်တို့ အဖမ်းခံ ကြရပါတယ်။ ကျနော်တို့ တပ်ကိစ္စနဲ့ ပတ်သက်ရင် ဗိုလ်မှူး ရဲထွဋ်ရဲ့ ခေါင်းဆောင်မှု အစီအစဉ်ကို စောင့်နေကြပါတယ်။

ကျနော်တို့တပ် သရက်မြို့ကို ပြောင်းရွှေ့သွားပြီး ရန်ကုန် မင်္ဂလာဒုံ တပ်ရင်း (၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးရဲထွဋ်က ကြေးနန်းနဲ့ ကျနော်တို့ တပ်ကိုယ်စားလှယ် နှစ်ဦးကို ခေါ်လိုက်ပါတယ်။ ဗိုလ်ဘညွန့်နှင့် ကျနော် သွားကြပါတယ်။ ဟိုရောက်မှ စစ်တပ်က အာဏာသိမ်းဖို့ စီစဉ်မှန်း သိရပါတယ်။ ဒီအစီအစဉ် ရေးဆွဲရာမှ ကိုသိန်းဖေ (မြင့်) နဲ့ တခြား ကြည်းတပ်၊ ရေတပ်၊ လေတပ်က တပ်မှူးကြီးများ ပါဝင်ပါတယ်။ ဒီအာဏာသိမ်းပွဲ ဆွေးနွေးပွဲ လုပ်တာ လျှို့ဝှက်ရေးလဲ မဖြစ်၊ စနစ်လဲ မကျ ထုတ်ထုတ်ရှုတ်ရှုတ် ရောရောထွေးထွေး ဖြစ်နေပါတယ်။ ယေဘူယျ သဘောမျိုး ဖြစ်ကတတ်ဆန်း နိုင်လှပါတယ်။ ဒီသင်ခန်းစာ ယူပြီး ဦးနေဝင်း အာဏာသိမ်းတဲ့ အခါ ပိုပြီး စနစ်တကျ စီစဉ်နိုင်ပုံ ရတယ်။ ကျနော်တို့ တပ်ကိုလဲ သရက်က ဩဂုတ်လ ၁၂ ရက်နေ့ ရန်ကုန် ဆင်းလာဖို့ ဆိုတာမျှပဲ ပြောပါတယ်။ ကျနော်တို့တပ်ဟာ အရံတပ် သဘောမျိုးပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဆင်းလာတဲ့ အချိန်မှာ ရန်ကုန်မှာ အာဏာသိမ်းရေး ကိစ္စ အဝဝတွေ ပြီးမြောက်နေပြီ ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ကျနော်တပ်လဲ သရက်မှာ အင်အားတချို့ ထားပစ်ခဲ့ပြီး ရန်ကုန်ကို ဒီအတိုင်းပဲ ဆင်းချ လာပါတယ်။ ပြည်မြို့မှာ UNP တပ်လဲ ရှိပါတယ်။ သူတို့လဲ ဘာမှ အနှောင့်အယှက် မပေးကြပါ။ ကျနော်တို့ သာယာဝတီ အရောက်မှာ အစိုးရက တံတား ဖျက်ထားလို့ ရှေ့ဆက် မသွားနိုင်တော့ပါ။ ဒီအချိန်မှာ အစိုးရ လေတပ် တိုက်လေယာဉ် ၃ စင်းနဲ့ အတိုက်ခံရတာကြောင့် တချို့ကားတွေ မီးလောင် ပျက်စီး သွားပါတယ်။ ကျနော်တို့ တပ်ဟာ ရန်ကုန်ဘက်က အစိုးရ တပ်ရင်း ၃ ရင်း၊ မကွေးဘက်က တပ်ရင်း ၂ ရင်းနဲ့ ရင်ဆိုင်တိုက်ပြီး တစတစ တပ်တွေ ဆုတ်ပြီး ပြည်မြို့မှာ စုစည်းကာ ပေါက်ခေါင်းဘက်ကို ဆုတ်ပြီး အောင်လံမြို့ အရှေ့ဘက် ရွှေပြည်သာမှာ တပ်အခြေပြု ထားပါတယ်။ အဲဒီက တဖန် အောင်လံမြို့ကို ဝင်ရောက်တိုက်ရာ မြို့သိမ်း နိုင်ခဲ့ပါတယ်။

ပြည်မြို့မှာ အစိုးရ စစ်တပ်က ကရင် ရိုင်ဖယ် ၆ ပေါင်ဒါ အမြောက် တလက်နဲ့ ကျနော်တို့ကို တိုက်ပြီး ပြည်မြို့မှာ တပ်စွဲ ထားပါတယ်။ သူတို့တပ် ရန်ကုန်ကို ဆင်းသွားကြောင်း လူထုက သတင်းပေး သဖြင့် ကျနော်တပ်များ ဝက်ထီးကန် ကနေပြီး ပြည်မြို့ကို ခုခံမှု မရှိ ဝင်သိမ်း လိုက်ပါတယ်။ ပြည်မြို့မှ UNP တပ် ရှိပါတယ်။ ကျနော်တို့ တပ်မှ ဗိုလ်သာဒိုး ဦးစီးပြီး ရန်ကုန် - ပြည်လမ်း အတိုင်း ဆင်းသွားရာ ကရင် ရိုင်ဖယ်နဲ့ တိုက်ပွဲဖြစ်ပြီး ပြည်မြို့ကို ပြန်ဆုတ် လာခဲ့ပါတယ်။ ကြို့ပင်ကောက်မြို့ကို ကျနော်တို့တပ် သိမ်းထားပါတယ်။ ဒီနောက် တိုက်ကြီး၊ မှောက်ဘီနား အထိ ရှေ့တန်းစစ် မျက်နှာ ဖွင့်ထား နိုင်ပါတယ်။

ရန်ကုန် - အင်းစိန်မှာ အစိုးရတပ်နဲ့ အကြီးအကျယ် တိုက်ပွဲ ဖြစ်နေကြောင်း ကြားရပါတယ်၊ ရေနံချောင်း - ချောက်ဘက်မှာ ပြည်သူ့ ရဲဘော် ခေါင်းဆောင် ဗိုလ်လကျ်ာ ဦးစီးပြီး သိမ်းပိုက် ထားပါတယ်။ တောင်ငူ၊ ပျဉ်းမနား စသည်တို့ ဘက်မှာလဲ ပြည်သူ့ လွတ်မြောက်ရေး တပ် (PLA) က သိမ်းထားကြောင်း နောက် ကချင် တပ်မှူး နော်ဆိုင်း မိတ္ထီလာကနေ လေယာဉ်ပျံနဲ့ မေမြို့ကို တက်သိမ်းကြောင်း သိရပါတယ်။ မန္ဈလေးမြို့လည်း စစ်တပ်က နန်းတော်ထဲမှာပဲ ရှိပါတော့တယ်။ အပြင်မှာ တော်လှန်ရေး တပ်ပေါင်းစုံ သိမ်းထားပါတယ်။ ဒီလိုနဲ့ မြို့ကြီး မြို့ငယ်တွေဟာ တော်လှန်ရေး အင်အားစု လက်ထဲ ရောက်လာ ကြပါတော့တယ်။ ဖဆပလ အစိုးရကို ရန်ကုန် အစိုးရလို့ ကမ္ဘာက ခေါ်နေပါတယ်။

ပြည်မြို့မှာ ဗမာပြည် ကွန်မြူနစ် ပါတီ၊ ပြည်သူ့ ရဲဘော်၊ တော်လှန်နေသော ဗမာ့ တပ်မတော် ပူးပေါင်းမြို့ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစုကြီး တရပ် ဖွဲ့စည်းနိုင်ပါတယ်။

ကျနော်တို့ BRA ခေါ်တဲ့ တော်လှန်နေသော ဗကပ တပ်မတော်ကလဲ ဗိုလ်မှူး ဇေယျ၊ ဗိုလ်မှူး စိန်မောင်၊ ဗိုလ်မှူး မောင်မြင့် (UNP တပ်ရင်းမှူး) ဗိုလ်ကြီး ထီးနား၊ ဗိုလ်ကြီး စိုးမောင် (လေထီး)၊ စသည့် ဘားမား ရိုင်ဖယ်တပ်၊ UNP/BTF ရေတပ်၊ လေတပ်၊ ဗိုလ်ညဏ်မောင် စသည့် စစ်ရေး အတွေ့အကြုံ ရှိကြသည့် တပ်မှူးကြီးများနဲ့ တပ်ရဲဘော်များ စုစည်း ဖွဲ့စည်းထားကြတဲ့ တပ်ဖြစ်ပါတယ်။ သာယာဝတီ UNP တပ် ၁၆ ဗိုလ်မှူး အောင်မြင့် တပ်ရင်းမှ သာယာဝတီကို သိမ်းပိုက်ပြီး ကျနော်တို့နဲ့ လာရောက် ပူးပေါင်း ကြပါတယ်၊ သာယာဝတီထောင် ခါပြီး နိုင်ငံရေး အကျဉ်းသမားတွေကို နှိပ်စက်ခဲ့တဲ့ ထောင်မှူးကြီးများက အစ ဘုတ်ကိုင်၊ ဘာယာ စသူတို့ကို ထောင်ထဲထည့်ကာ တပ်ပေါင်းစုက စစ်ခုံရုံး ဖွဲ့ပြီး အပြစ်ဒဏ်များ စီရင် နိုင်ခဲ့ပါတယ်။

ကျနော်တို့တပ် RBA ဟာ သာယာဝတီ၊ သရက်နဲ့ အားလုံး ပေါင်းလိုက်ရင် ကျနော် ထင်တယ်၊ အင်အား ၁ဝဝဝ ထက် လျော့မယ် မထင်ပါ။ ကြည့်၊ ရေ၊ လေတပ် စသည်တို့ ဖွဲ့စည်း ထားပါတယ်။

အဲဒီ အချိန်ဟာ ဖဆပလ အစိုးရတပ်တွေ အင်းစိန် တိုက်ပွဲနဲ့ ဗျာများနေချိန် ဖြစ်ပါတယ်။ အစိုးရတပ် မလုံလောက်လို့ ဗိုလ်သံမဏိ ဦးစီး ပါဝင် တိုက်နေတယ်လို့လဲ ကြားသိရပါတယ်။ ကျနော်တို့ တပ်တွေလဲ မှော်ဘီ စစ်မျက်နှာမှာ နားနေကြပါတယ်။ ပဲခူးမြို့ကလဲ ကော်သူးလေ လက်ထဲ ကျရောက်တော့မည့်ဆဲဆဲ ဖြစ်နေပါတယ်။ ဘုရားကြီး၊ ဘုရားလေး၊ ပျဥ့်ပုံကြီး စတဲ့ နေရာတွေ ကျော်လာတဲ့ အခါ ပဲခူးမြို့လဲ အစိုးရ အရာရှိတွေ ပြေးကုန်ကြ ပါပြီ၊ သာယာကုန်းမှ ပဲခူးကို ကော်သူးလေတွေ မသိမ်းနိုင်ခဲ့ပါ၊ အင်းစိန် တိုက်ပွဲလဲ ပြီးရော ဖဆပလ စစ်တပ်လဲ ကျနော်တို့ဘက် လှဲ့လာ ပါတော့တယ်။ အဲဒီမှာ ကျနော်တို့ဘက်က ဘာတွေ မှားသလဲ ဆိုရင် အစိုးရက အင်းစိန်မှာ တိုက်ပွဲ ဖြစ်နေချိန် ကျနော် တပ်တွေ ဆက်မတိုက်တာ မှားတယ်လို့ သုံးသပ် မိပါတယ်။ ဒါက တရားဝင် သုံးသပ်ချက် မဟုတ်ပါ။ ဒါပေမဲ့ ဒီသုံးသပ်ချက်ကသာ အမှန်ပါပဲ။

ဒီလို ဖြစ်စဉ်တွေမှာ ပြည်မြို့မှာ ဗိုလ်မှူး ဇေယျ ဦးဆောင်တဲ့ အလုပ်အမှုဆောင် အစည်းအဝေးက တော်လှန်ရေးသော ဗမာ့ တပ်မတော်ဟာ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ နိုင်ငံရေး ခေါင်းဆောင်မှုကို ခံယူကြောင်း ဆုံးဖြတ်တဲ့ အတွက် PVO ခေါင်းဆောင်တွေ မကျေမနပ် ဖြစ်ပြီး ဗိုလ်မှူး ဇေယျ ထံကို လာရောက် ဆွေးနွေးကြသော်လဲ ဗိုလ်မှူး ဇေယျ က ဆုံးဖြတ်ချက် ပြန်မပြင်တဲ့ အတွက် RBA ဟာ ဗကပ ဦးစီးတဲ့ လက်အောက်ခံ တပ်ဦး ဖြစ်သွားပြီး တပ်ပေါင်းစုထဲ မပါနိုင်တော့ ဆိုပြီး တော်ခို သွားကြပါတယ်။ PVO တွေ အနေနဲ့ မီးရထားလမ်းဖျက်၊ တံတားချိုး၊ မီးရထား ဘူတာရုံက ငွေတွေ ယူသွားကြပါတယ်။ ဗိုလ်မှူး ဇေယျ က PVO တွေကို ကျနော်တို့က စ အရင် မတိုက်ရဘူး သူတို့ လာတိုက်မှ ပြန်တိုက်ရမယ်လို့ အမိန့် ပေးထားပါတယ်။ ပြည်မြို့မှ PVO ဗိုလ်ထွန်းဇော် ခေါင်းဆောင်တဲ့ တပ်များ ပြည်မြို့ကို ဝင်သိမ်း ဝင်တိုက်ရာမှ ဗိုလ်သက်ထွန်း ဦးစီးပြီး ပြန်တွန်းလှန် တိုက်ထုတ် လိုက်ပါတယ်။

ပြည်သူ့ ရဲဘော်တွေနဲ့ ပဋိပက္ခ ဖြစ်ပွား ပြီးတဲ့နောက် ကျနော်တို့ RBA နဲ့ ဗကပ ဦးစီးတဲ့ PLA တပ် ၂ တပ်ကို တဦးတည်းသော စစ်ဦးစီးမှူး၊ တခုတည်းသော တပ်မတော်၊ တစုတည်းသော စစ်ဦးစီးမှူး အောက်မှာ ပြည်သူ့ တပ်မတော် တပ်မကြီး (၁) ကို ဖွဲ့စည်းလိုက်ပါတယ်။ တပ်မကြီးမှူးကတော့ ဗိုလ်ချုပ် ရန်အောင် ဖြစ်ပြီး၊ ဒုတပ်မကြီးမှူးက ဗိုလ်တင်ထွန်းမောင်၊ တပ်မကြီး နိုင်ငံရေးမှူးက ဗိုလ်မျိုးမြင့် (မဲ) တို့ ဖြစ်ကြပါတယ်။

ကျနော်က တပ်မဟာ (၂)၊ တပ်မဟာ နိုင်ငံရေးမှူး ဖြစ်ပါတယ်။ တပ်မဟာမှူးက ဗိုလ်ဘညွန့်၊ ဒုတပ်မဟာမှူးက ဗိုလ်သန်း ဖြစ်ပါတယ်။ ကျနော်တို့မှာ တပ်ရင်း ၂ ရင်း ရှိပါတယ်။ တရင်းက ပျဉ်းမနား လယ်ဝေးမှာ ထားပါတယ်။ ကျန်တရင်းက ပြည်အောင်လံ၊ တောင်တွင်းကြီး ဘက်မှာ ဖြစ်ပါတယ်။

အဲဒီကနေပြီး စစ်ဌာနချုပ်က ကျနော်ကို ပြန်ခေါ်ပြီး ထားဝယ်ကို တပ်မဟာ (၈) တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ရာထူးခန့်ပြီး ပို့လိုက်ပါတယ်။ ထားဝယ်မှာ ၃ နှစ် တာဝန် ထမ်းပါတယ်။ ၁၉၅၄ နှစ်ကုန်မှာ မြိတ်ကို လွှဲပြောင်း ယူရပါတယ်။ ယခုထက်တိုင်ပင် ဖြစ်ပါတယ်။

ပါတီ ဗဟိုမှာ ပြန်လည် ပြင်ဆင်ရေး တိုက်ပွဲ 'ဖြုတ် ထုတ် သတ်' ပေါ်လစီ ကျင့်သုံးခဲ့သလို ကျနော်တို့ တနင်္သာရီတိုင်းမှာလဲ အလားတူ ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့က ပြန်လည် ပြင်ဆင်ရေးသမား ၅၅ သမား (၁၉၅၅ ခုနှစ်က ဗဟို ဆုံးဖြတ်ချက်ဟာ ပြန်လည် ပြင်ဆင်ရေး ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်နှင့် ခေါ်တာ ဖြစ်ပါတယ်) ဟု သတ်မှတ်ပြီး ပါတီတွင်း မိမိကိုယ်မိမိ ဝေဖန်ရေး ပေးပြီး လုပ်ရပါတယ်။ တကယ်တော့ ပြန်လည် ပြင်ဆင်ရေးသမား ဆိုတာ လမ်းစဉ် ချမှတ်သူများသာ ဖြစ်ပါတယ်။ ကျနော်တို့က အဲဒီလမ်းစဉ်ကို အကောင်အထည် ဖော်သူတွေ ဖြစ်တဲ့ အတွက် သမားမဟုတ်ဘဲ အများသာ ဖြစ်ပါတယ်။ ကျနော်တို့ Target ပစ်ကွင်း ပေးခံရသော သူများကတော့ တိုင်းတခုလုံး အနေနဲ့ ပြောရရင် ထားဝယ်မှာ ရဲဘော် စောနဲ့ ရဲဘော် အေးလှဖြစ်ပြီး ကျနော်တို့ မြိတ်မှာ ရဲဘော် သန်းဖေ၊ ရဲဘော် အောင်ကြီးနှင့် ကျနော် ဖြစ်ပါတယ်။ ကံကောင်းလို့ ရဲဘော် ဌေးတို့လို အသတ်မခံရတာ ဖြစ်ပါတယ်။ ကျနော်တို့ တာဝန်တွေ၊ အာဏာတွေ ရုပ်သိမ်းပြီး ထားဝယ် ခရိုင်ကို နိုင်ငံရေး အကျဉ်းသမား (ရိုးရိုးရဲဘော် မဟုတ်ပါ) အပြစ်ဒဏ်နဲ့ ဒဏ်ပေး ခံရပါတယ်။ နောင်အချိန် ကာလတခုမှာ ဒီလမ်းစဉ် မှားကြောင်း ဆိုပြီး ကျနော်တို့ မြိတ်ခရိုင်ကို ပြန်လာပြီး တာဝန် ပြန်ယူရပါတယ်။

၁၉၇၅ ခုနှစ်၊ သခင် ဘသိန်းတင် ဥက္ကဋ္ဌ တာဝန်ယူတဲ့ အခါ ကျနော် အရံ ဗဟိုကော်မတီ ဖြစ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်၊ တတိယ ပါတီ ကွန်ဂရက်မှာ ဗဟိုကော်မတီ အပြည့် အဖြစ် အရွေး ခံရပါတယ်။

၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ 'မြိတ် - ထားဝယ် ညီညွတ်ရေး တပ်ဦး' ဖွဲ့ရာမှာ ဒု-ဥက္ကဋ္ဌ တာဝန်နဲ့ ယခုအထိ တာဝန်ယူဆဲ ဖြစ်ပါတယ်။

ကျနော့် ဘဝ အတွေ့အကြုံ အဖြစ်အပျက်တွေ ကတော့ ဒီမျှသာပဲ ဖြစ်ပါတယ်။ ကျနော် မွေးဖွား သက္ကရာဇ် ၁၉၂၁ ခုမှာ ဇွန်လ ၂၁ ရက် (၂၁ - ၆ - ၂၁) ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် ဇွန်လ နောက်ပိုင်းမှာ ၇၈ နှစ်ထဲ ဝင်သွားပြီ ဖြစ်ပါတယ်။

ကျနော် ဘဝကို ပိုင်းခြား သုံးသပ်ကြည့်ရင် ၂ ပိုင်းပဲ ရှိပါတယ်။

ပထမ စစ်ကြိုခေတ် ကျောင်းသား ဘဝနဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း စစ်ပြီး စစ်သား ဘဝရယ်လို့ ၂ ပိုင်း တွေ့ရပါတယ်။ နိုင်ငံရေး အရ အဓိပ္ပာယ်နဲ့ ကြည့်ရင် အင်္ဂလိပ် နယ်ချဲ့ စနစ် ဆန့်ကျင်ရေး၊ ဖက်ဆစ် (ဂျပန်) စနစ် ဆန့်ကျင်ရေးနှင့် ယခုလက်ရှိ တော်လှန်ရေး သက်တမ်းက အနှစ် ၅ဝ ရွှေရတု သဘင်နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုတာမျိုးပဲ။ နှစ် ၅ဝ ဆိုတာ ရာစုနှစ် ထက်ဝက် ဖြစ်ပါတယ်။ ဂျပန် တော်လှန်ရေး လုပ်ပြီး ဒီလို တော်လှန်ရေးမျိုးလဲ တခါမှ မလုပ်စဘူး၊ ဒီလောက်လဲ ကြာမယ်ရှည်မယ် ဆိုတာလဲ မစဉ်းစားမိပါ။ တိုင်းချစ် ပြည်ချစ်စိတ်၊ ယုံကြည်မှု စိတ်ဓာတ်တို့နဲ့ ခိုင်ခိုင်မာမာ ပြည်သူ လူထု အကျိုးအတွက် ရပ်တည်ခဲ့ပါတယ်။ တခါမှ မကြုံခဲ့ဘူးတဲ့ ဆင်းရဲဒုက္ခ အဖုံဖုံ၊ အနစ်နာခံမှု ပေါင်းများစွာ စွန့်လွတ်မှု အမျိုးမျိုး၊ စိတ်ဆင်းရဲ စိတ်ပင်ပန်းမှုတွေ အစုံစုံနှင့် ဖြတ်သန်း လာခဲ့ရပါတယ်။

ကျနော်သာ စိတ်စေတနာ သန့်သန့် ဖြူစင်စွာနှင့် ရိုးသားစွာ၊ သစ္စာရှိစွာ လုပ်လာခဲ့ရာမှာ နိုင်ငံရေး ခေါင်းဆောင်ကြီး အဖြစ် လုပ်လာခဲ့တာ မဟုတ်ပါ။ အထက် ဗဟို ခေါင်းဆောင်တွေက ချပေးတဲ့ လမ်းညွှန်မှု ပေါ်လစီတွေကို နောက်လိုက်ကောင်း တယောက် အဖြစ်နဲ့ အကောက်အထည်ဖော် အလုပ်အကွေ္ဆး ပြုသူ တယောက်မျှသာ ဖြစ်ပါတယ်။ ဆိုလိုတာက ပေါ်လစီချသူ မဟုတ်ပါ၊ ပေါ်လစီကို ကိုယ်စွမ်း ရှိသမျှ ဉာဏ်စွမ်း ရှိသမျှ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီလို လုပ်ရာမှာ အမှားပေါင်း မြောက်မြားစွာ အားနည်းချက် ချို့ယွင်းချက်တွေ ရှိခဲ့ပါတယ်။ မလုပ်တတ် မကိုင်တတ် လုပ်ရင်းသင်၊ သင်ရင်းလုပ် ဆိုတာမျိုးနဲ့ လုပ်လာတာပဲ ဖြစ်ပါတယ်။

ကျနော်တို့ဟာ ကေဒါကောင်း မျိုးညွန့်ကောင်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ မှားခဲ့တာတွေ နောက်လူငယ် မျိုးညွန့်တွေက သင်ခန်းစာ ယူကြဖို့ ရှောင်ကျဉ် တတ်ကြဖို့ လိုပါတယ်။ အတု ယူစရာ ဆိုတာကတော့ ကျနော်တို့ အဖိုးကြီးတွေရဲ့ သူမတူတဲ့ ဇွဲလုံ့လ ဝိရိယ၊ အနိုင်မခံ အရှုံးမပေးတဲ့ မာန်မာနနဲ့ သတ္တိနဲ့ ကျနော်တို့ တော်လှန်ရေးသမား တယောက် ပီသနိုင်ရေး အတွက် ကျနော်တို့ ကိုယ်ကျင့်တရား စောင့်ထိန်းလာခဲ့တာတွေ လူထုကို အလုပ်အကွေ္ဆး ပြုမယ်၊ လူထု ဆန့်ကျင်ရေးတွေ မဖြစ်အောင် ဂရုစိုက် ထိန်းသိမ်းပြီး လူထုနဲ့ ထပ်တူ၊ ခံစားရလဲ အတူ ခံရလဲ အတူ ဆိုတာမျိုး စိတ်ဓာတ်မျိုးပဲ ဖြစ်စေလိုပါတယ်။

မေး။ ။ လွတ်လပ်ရေးနှစ် ၅ဝ ရှိတဲ့ ကာလမှာ လွတ်လပ်ရေး တိုက်ပွဲကာလက တိုင်းချစ် ပြည်ချစ်စိတ်နဲ့ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ရဲဘော်များ အနေနဲ့ အနာဂတ် မြန်မာပြည်ကို ဘယ်လို ပုံဖော်မယ် စိတ်ကူး ခဲ့ကြပါသလဲ။ ဒီစိတ်ကူး မျှော်လင့်ချက်များ ပြည့်ဝ လာခဲ့ပါရဲ့လား ခင်ဗျား။

ဟုတ်ကဲ့၊ ကျနော်တို့ တိုင်းပြည်မှာ ပုံဖော်ချင်တာကတော့ ရိုးရိုးကလေး ပါပဲ၊ ဒါကတော့ တခြား မဟုတ်ပါ။ "စစ်မှန်တဲ့၊ ပြည့်ဝတဲ့၊ ပါလီမန် ဒီမိုကရေစီ စနစ်တခု ကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်စေချင်တာ ပါပဲ။

လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်း ထူထောင်ခွင့် (ပါတီစုံ စနစ်)၊ လွတ်လပ်စွာ မိမိဆန္ဒများကို ထုတ်ဖော် ပြောဆိုခွင့်၊ ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခွင့်၊ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်၊ လူမျိုးဘာသာ မရွေး၊ ကျားမ မရွေး၊ တန်းတူရည်တူ အခွင့်အရေး ရပိုင်ခွင့်၊ လွတ်လပ်စွာ ပညာ သင်ကြားခွင့်၊ စည်းပွားရေး လုပ်ပိုင်ခွင့်၊ မိမိ ကြိုက်နှစ်သက်ရာ ဘာသာတရားများ ယုံကြည် ကိုးကွယ်ခွင့်၊ တရားမျှတတဲ့ အထွေထွေ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရက မိမိ ကြိုက်နှစ်သက်ရာ အုပ်ချုပ်ရေး စနစ် ရွေးချယ်ပိုင်ခွင့် မဲအနည်းစုရတဲ့ အဖွဲ့အစည်း အနေနဲ့ အတိုက်အခံ အဖြစ် နေရာမှာ သူဖြူရင် ငါမည်းမယ် ဆိုတဲ့ သဘောမျိုး မထားဘဲ အစိုးရ လုပ်သူက လူထုဆန္ဒ၊ လူထု အကျိုးနဲ့ မကိုက်ညီပါက ဝေဖန် ကန့်ကွက် ထောက်ပြ ကြပ်မတ်ပေးပြီး အစိုးရရဲ့ လုပ်ရပ်က လူထုအကျိုးနဲ့ ကိုက်ညီပါက အစိုးရနဲ့ လက်တွဲ ပူးပေါင်းပြီး တိုင်းပြည် အကျိုးကို ဆောင်ရွက်ရန် လိုပါတယ်။ ကျနော်တို့ စစ်မှုထမ်း စစ်တပ် အနေနဲ့ ဘယ်အစိုးရပဲ တက်တက် တရားဝင် ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို နာခံရပါမယ်။ အကယ်၍ စစ်တပ်ထဲက နိုင်ငံရေး လုပ်လိုပါက စစ်တပ်က ထွက်ပြီးမှ အရပ်သား ဘဝ အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်း လုပ်သလို လုပ်စေချင်တဲ့ ဆန္ဒ ရှိပါတယ်။

ဒါမှ အစိုးရနဲ့ ပြည်သူ ကြည်ဖြူပြီး အစိုးရရော၊ အတိုက်အခံရော ပြည်သူပါ လက်တွဲပြီး တိုင်းပြည် အကျိုးအတွက် တက်တက်ွ့ွကွ့ွက အုံးအုံးွ့ွကက်ွ့ွကက် လုပ်ကိုင်ကြတဲ့ လွတ်လပ်ပြီး စိတ်သာယာ ပျော်ရွှင်စွာ နေထိုင်လို့ ကောင်းတဲ့ မြန်မာပြည်သစ်ကြီး ပေါ်ထွန်း လာစေချင်တယ်။

ကျနော်တို့ ဖြစ်ချင်တဲ့ မျှော်မှန်းချက်တွေ ဖြစ်လာပါသလား ဆန္ဒတွေ ပြည့်ဝလာပါ သလားလို့ မေးရင် လုံးဝ မဖြစ်လာပါ။ ကျနော်တို့ ဆန္ဒနဲ့ လုံးလုံးကြီး ဖီလာဆန့်ကျင် နေပါတယ်။ တနေ့ တရက်၊ တလ၊ တနှစ်၊ ငါးနှစ်၊ ဆယ်နှစ် မဟုတ်ပါ။ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၅ဝ ရွှေရတု ဖြစ်လာပါပြီ။ ကျနော်တို့ အများကြီး ဝမ်းနည်းရပါတယ်။ နည်းနည်းလေးမှ စိတ်မချမ်းသာခဲ့ပါ။

တပ်မတော်ဟာ ဂုဏ်ရောင် ပြောင်ခဲ့ပါတယ်။ လူထုနဲ့ ပြန်လက်တွဲ စေချင်ပါတယ်။ အချိန် မနှောင်းသေးပါဘူး။ တပ်မတော်ရဲ့ ဂုဏ်ကို ပြန်ဆယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ NLD ဒေါ်စုနဲ့ အမြန်ဆုံး ဆွေးနွေး တိုင်ပင်ပြီး တိုင်းပြည် အတွက် လုပ်ကြရအောင် ပြည်တွင်း စစ်ကြီး ရပ်တန်းက ရပ်ဖို့ အချိန်ကြနေပါပြီ။

မေး ။ မြန်မာပြည် နိုင်ငံရေးဟာ ဂိုဏ်းဂဏ ဝါဒစွဲ အလွန် ပြင်းထန်ပြီး အကွဲအပြဲ အလွန် များပါတယ်။ အချို့ လေ့လာသူများက ဂိုဏ်းဂဏ ဝါဒ နိုင်ငံရေးလို့ သမုတ် ကြပါတယ်။ သုံးသပ် ပေးစေလိုပါတယ်။

ဂိုဏ်းဂဏ ဝါဒ ဆိုတာဟာ တခြား နေရာက လာတာမဟုတ်ပါ။ မိမိ ပါဝင်တဲ့ အဖွဲ့အစည်း အထက် ခေါင်းဆောင်ပိုင်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ယင်းခေါင်းဆောင် ပုဂ္ဂိုလ်ကြီး အပေါ် ကြည်ညိုလေးစား ယုံကြည် အားကိုးတဲ့ နောက်လိုက်ငယ်သားများ ခေါင်းဆောင်ကြီးရဲ့ ဂိုဏ်းဂဏ ဝါဒ နောက်ကို လိုက်ပါ သွားကြတာ ဖြစ်ပါတယ်။ "ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော် နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏" ဆိုတဲ့ ဆိုရိုးစကား အတိုင်း ဖြစ်ပါတယ်။ နောက်လိုက်ငယ်သားမှာ လုံးဝ တာဝန် မရှိကြပါ။ ခေါင်းဆောင်မှာသာ တာဝန် ရှိပါတယ်။ ခေါင်းဆောင် ဆိုသူများက စပြုပြင် ထိန်းသိမ်း ကြရပါမယ်။

ဒီပြဿနာဟာ ဘက်နှစ်ဖက် ပြဿနာ ဖြစ်ပါတယ်။ ဒီလို ပြောရခြင်းဟာ အဖွဲ့အစည်းထဲမှာ အယူအဆ မတူ ကွဲလွဲရာမှာ အယူအဆ တူသူများ အချင်းချင်းက တဖက်၊ အယူအဆ မတူသူ ကန့်ကွက်သူ အစုက တဖက် ဘက်နှစ်ဖက်ဟာ အလိုလို ဖြစ်လာပါတယ်။

ညီညွတ်ရေးဟာ အွ့ွကင်းမဲ့ ညီညွတ်ရေး လုပ်လို့ မရပါ။ ယာယီသာ ရနိုင်ပါမယ်။ တကယ် စစ်မှန်တဲ့ သိပ်သည်း ကျစ်လျစ်ခိုင်မာတဲ့ ညီညွတ်ရေးကို တည်ဆောက်လိုပါက တိုက်ပွဲ (အခြေအတင် ငြင်းခုံခြင်း) စကားစစ်ထိုးခြင်း၊ အပြုသဘော ဆောင်ဖို့ လိုခြင်း စသည်တို့ဖြင့် ညီညွတ်ရေးကို တည်ဆောက်ကြရပါမယ်။ "ညီညွတ်ရေး - တိုက်ပွဲ - ညီညွတ်ရေး" ဆိုတာပဲ ဖြစ်ပါတယ်။ ညီညွတ်ချင်တဲ့စိတ်၊ လက်တွဲလိုတဲ့စိတ်၊ ပူးပေါင်းချင်တဲ့စိတ်နဲ့ တိုက်ပွဲဆင်ပြီး ညီညွတ်ရေးကို တည်ဆောက် ရပါမယ်။ သခင်စိုးမူက "တူရင်တွဲ မတူရင်ခွဲ" ဆိုတဲ့ မူဖြစ်ပါတယ်။ ကျနော်တို့လုံးဝ လက်မခံနိုင်ပါ။ ဂိုဏ်းဂဏကို ဂိုဏ်းဂဏနဲ့ ပြန်တိုက်လို့ မရပါ။ တိုက်ပွဲ ဆင်ရာမှာလဲ နည်းနာ ရှိပါတယ်။ (၁) အကျိုးသင့် အကြောင်းသင့် ဖြစ်ရမယ်၊ (၂) အကျိုးအမြတ် ရှိရမယ်၊ (၃) အကန့်အသတ် ရှိရမယ်။ ညီညွတ်ရေးသည် ယာယီ တိုက်ပွဲသည် ထာဝရ ဆိုတာလဲ ရှိပါတယ်။ အခြေအနေတွေ အမြဲ ပြောင်းလဲ နေပါတယ်။ အခု ဒီလိုဖြစ် တော်တော်ကြာ ဟိုလိုဖြစ် ပြောင်းလွဲ သွားပါတယ်။ အဲဒီလို ပြောင်းလွဲသွားတဲ့ အခါ တခါ ထပ်ညှိနှိုင်းရ ပါဦးမယ်။

ဂိုဏ်းဂဏကို ပြုပြင်ရာမှာ တဦးတယောက်နဲ့ မရပါ။ သူငယ်နာ နာတာရှည် ရောဂါကြီး ဖြစ်တဲ့ အတွက် ရေရှည် ကုရပါမယ်။ စိတ်ရှည် ကြရပါမယ်။ လောမကြီးဖို့ လိုပါမယ်။ သူ့ဘက်ကိုယ့်ဘက် ဘက်ပေါင်းစုံက ကြည့်ရှု ကြရပါမယ်။ တခုချင်းလဲ မြင်ရပါမယ်။ ခြုံပြီးတော့လဲ မြင်ရပါမယ်။ တဖက်နဲ့ တဖက် မတူတဲ့ သဘောထား ကွဲလွဲချက်တွေကို အပြန်ပြန် အလှန်လှန် စိတ်ရှည်ရှည်နဲ့ အချိန် တချိန်အထိ ယူပြီး ညှိနှိုင်းတဲ့ အခါ သူကလဲ ကိုယ့်ဆန္ဒ အတိုင်း မလိုက်လျောနိုင်၊ ကိုယ်ကလဲ မလိုက်လျောနိုင်နဲ့ တင်းမားနေတဲ့ အခါ နောက်ဆုံး မဲခွဲပြီး အများဆန္ဒ၊ အနည်းစု ဆန္ဒယူပြီး အများစုကို အနည်းစုက လိုက်နာကြရမှာပဲ ဖြစ်ပါတယ်။ တဦးတယောက်က အများစုကို နာခံပြီး၊ အောက်အဖွဲ့က အထက်အဖွဲ့ကို နာခံရမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဗဟိုကို နာခံရတာ ဖြစ်ပါတယ်။

အနည်းစုက မိမိအဖို့ ဆုံးရှုံး၊ အများက လက်မခံနိုင်လောက်တဲ့ မိမိ အယူအဆကို ကိုင်ဆောင် ထားနိုင်ခွင့် ရှိပြီး တချိန်ချိန်မှာ မိမိ အယူအဆ ပြန်တင်နိုင်ပါတယ်။ အများစုမဲကို ရထားသူကလဲ အနည်းစုကို အနိုင်မကျင့်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

မေး ။ ။ RBA တော်လှန်သော ဗမာ့ တပ်မတော် ခွဲထွက်စဉ် ကာလက အင်အား ဘယ်လောက် ရှိပါသလဲ။

တော်လှန်နေသော ဗမာ့ တပ်မတော် RBA ဆိုတာ ဗမာ့ တပ်မတော် ဘားမားရိုင်ဖယ် တခုထဲ ပါဝင် ဖွဲ့စည်းထားတာ မဟုတ်ဘဲ၊ UMP/BTF ရေတပ်၊ လေတပ်နဲ့ တခြား တပ်အသီးသီးက အစုလိုက် ခွဲထွက်ပြီး လာရောက် ပူးပေါင်းကြတာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်တွေဟာ ရှေ့တန်း ရန်ကုန်ဘက် ဥက္ကံ စစ်မျက်နှာ ကြို့ပင်ကောက်၊ ပေါင်းတည်၊ ပြည်မြို့၊ အောင်လံ စသည်တို့မှာ တပ်ချ ထားပါတယ်။ ၃ လက်မ မော်တာ၊ အော်လီဂန်း၊ ပွိုင့်ဖိုက် စသည်တို့ ရှိပါတယ်။ ပြည်မြို့မှာ စစ်ဌာနချုပ် ရှိပါတယ်။ အင်အား အနေနဲ့ ၁ဝဝဝ ခန့် ရှိမယ် ထင်ပါတယ်။ အင်အား နှိုင်းယှဉ်ချက်က ဆယ်ချိုး တချိုး ရှိမယ် ထင်ပါတယ်။

မေး ။ ။ RBA ကာလက နိုင်ငံရေး ဦးဆောင်မှု၊ နိုင်ငံရေး ရည်ရွယ်ချက်။

တော်လှန်နေသော ဗမာ့တပ်မတော် RBA ဖြစ်ပေါ်လာတဲ့ မူလ အင်အားကတော့ ဗမာပြည် ကွန်မြူနစ် ပါတီဝင်များ၊ ပါတီနဲ့ နီးစပ်သူများ ပါတီ လိုလားသူများ ပါဝင်တဲ့ တပ်မှူး၊ တပ်ကြပ်၊ တပ်သားများ ပါဝင် လာကြတာ ဖြစ်ပါတယ်။ တော်လှန်နေသော ဗမာ့ တပ်မတော် BRA ထဲမှာ ဗမာပြည် ကွန်မြူနစ် ပါတီ ကလပ်စည်း တရားဝင် တည်ရှိပြီး လှုပ်ရှားနိုင်ပါတယ်။ တပ်ပါတီ ကော်မတီလဲ ရှိပါတယ်။ တော်လှန်နေသော ဗမာ့တပ်မတော် BRA ဟာ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်မှုကို ခံယူတဲ့ တပ်ဖြစ်ပါတယ်။ ဒါကြောင့် ဗကပ သဘောတရား အတိုင်း ဖြစ်ပါတယ်။

မေး ။ ။ အဲဒီကာလ တပ်မတော် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အခြေအနေ ၁၉၄၈ - ၄၉ ခုနှစ် ကာလအပေါ် ဘယ်လို သုံးသပ် ပါသလဲ။

၁၉၄၈ - ၄၉ ခုနှစ် ကာလ အပေါ် သုံးသပ်ရမယ် ဆိုရင် အဲဒီကာလဟာ တော်လှန်ရေး တက်နေတဲ့ ကာလ အချိန် ဖြစ်ပါတယ်။ CPB, PVO, RBA ဆိုတဲ့ အင်အားစုကြီး ၃ စု ပူးပေါင်းပြီး ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစုကြီး တခု ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ တပ်ပေါင်းစုက တော်လှန်ရေးကို ခေါင်းဆောင်ပါတယ်။ တပ်ပေါင်းစု အောက်မှာ ပြည်သူ့ အုပ်ချုပ်ရေး PAC တွေ ဖွဲ့စည်း မြို့နယ် အလိုက် တပ်ပေါင်းစုတွေ သမဂ္ဂတွေ ဖော်နိုင်ပါတယ်။ အထူးသဖြင့် မီးရထား အလုပ်သမား သမဂ္ဂက အလုပ်သမား သမဂ္ဂနေ့ မေဒေးနေ့မှာ ပြည်မြို့ ဥက္ကံအထိ မီးရထား ပြေးဆွဲ နိုင်ပါတယ်။ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် တရုတ်ပြည် လွတ်မြောက်တဲ့ နေ့မှာ အသိအမှတ်ပြု အခမ်းအနား ကျင်းပနိုင်ခဲ့ပါတယ်။ သာယာဝတီမြို့ သိမ်းပြီး နိုင်ငံရေး အကျဉ်းသမားများ ထောင်သားများ အားလုံး လွတ်ပြီး ထောင်မှူးကြီး အပါအဝင် ဘုတ်ကိုင်၊ ဘာယာ အားလုံး တပ်ပေါင်းစု အနေနဲ့ စစ်ခုံရုံးဖွင့် စစ်ဆေး အပြစ်ဒဏ် စီရင်ချက် ချနိုင်ခဲ့ပါတယ်။ တပြည်လုံးမှာ ရှိတဲ့ ထောင်မှူးတွေ အားလုံး လန့်ဖြန့် ကုန်ကြပါတယ်။ ထောင်မှူး အလုပ် လျှောက်သူတွေ နည်းသွားကြောင်း သိရပါတယ်။ PLA, PVO, RBA ၃ တပ်ပေါင်းဟာ ရန်သူကို အထိနာအောင် တိုက်နိုင်ခဲ့ပါတယ်။ အဓိက စစ်ဆင်ရေးဟာ ရင်ဆိုင် တိုက်ပွဲတွေ ကတုတ်ကျင်းတူး တိုက်တာတွေ ဖြစ်ပါတယ်။

ရန်သူ့ဘက်က အားဘတ်ကား၊ ဘရင်း ကယ်ရီယာ အပေါ့စား တင့်ကား၊ အော်လီဂန်း စသည်တို့နဲ့ ရင်ဆိုင်ရပါတယ်။ ကျနော်တို့ တပ် ၃ တပ် တပ်ပြုထားရာမှာ မော်တော်ကားနဲ့ ထမင်း လိုက်ပို့ရတဲ့ အထိ ရှိပါတယ်။

လူငယ် လူရွယ်တွေဟာ အိမ်ထောင်မရှိ၊ နောက်ပိုင်းမရှိ၊ အဆင်းရဲ အပင်ပန်းခံ၊ အနစ်နာခံ၊ ကိုယ်ကျိုးစွန့် လွတ်မှုတွေ၊ ရန်သူကို စွန့်စွန့်စားစား တိုက်ခိုက်မှု၊ အမိန့်နာခံမှုတွေ အားလုံး ကောင်းကြပါတယ်။

ဒါကြောင့် ပါတီက ၄၈ ခုနှစ် စိတ်ဓာတ်တွေ မွေးမြူကြဖို့ လှုံ့ဆော်စည်းရုံး ဆော်ဩခဲ့ပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် ရန်ကုန် အစိုးရလို့ ကမ္ဘာက သိအောင် အခေါ်ခံရချိန် ဖြစ်ပါတယ်။ ဦးနုက ကျနော်တို့ အင်အားကို ပြောရာမှာ ဆရာစံ သူပုန်ထက် အဆ ၂ ဆ ကြီးမားကြောင်း တိုင်းပြည်ဟာ ဂျောက်ထဲကျဖို့ လက်နှစ်လုံးသာ ကျန်တော့ကြောင်း ပြောတာကို ကြည့်ရင် အခြေအနေကို အကဲခတ် နိုင်ပါတယ်။

ဒီနေရာမှာ ကျနော် ဖြည့်စွက် ပြောလိုတာက ဒီအခြေအနေတွေ ဖြစ်လာတာဟာ လက်နက်ကိုင် တပ်တတပ် ပြည်သူတွေဘက် ကူးပြောင်းလာလို့ ဖြစ်ပါတယ်။ တော်လှန်ရေး တရပ်မှာ အစိုးရ လက်နက်ကိုင်တပ်ဟာ ဘယ်ဘက်က ပါဝင်သလဲ ဆိုတာ အဆုံးအဖြတ် အခန်းက ပါနေပါတယ်။

ဖိလစ်ပိုင်မှာ ဗိုလ်ချုပ် ရားမို့စ် စစ်တပ်က ပြည်သူတွေဘက် ကူးပြောင်းလာတဲ့ အခါ အောင်ပွဲ ရခဲ့တယ်။ ဖာဒီနန်းမားကို့စ် ထွက်ပြေးရတယ်။ ရှစ်လေးလုံး အရေးတော်ပုံ တုန်းကလဲ လက်နက်ကိုင်တပ် ဘယ်ဘက်က ရပ်သလဲ ဆိုတာ ကြည့်ပါ၊ ဖောက်ပြန်တဲ့ အစိုးရ ဘက်က ရပ်တည်ပြီး ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်စေခဲ့တဲ့ အတွက် နစ်နာ ဆုံးရှုံး ခဲ့ရပါတယ်။

၁၉၄၈ - ၄၉ ခုနှစ်တုန်းက အောင်ပွဲ ရခါနီးနေပြီလို့ပဲ အောင့်မေ့ခဲ့ကြတယ်။ ၂ နှစ် အတွင်း စစ်အနိုင် တိုက်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။

မေး ။ ။ နဝတ စစ်အုပ်စုက တပ်မတော် သမိုင်းမှာ "တပ်မတော်ဟာ မကွဲမပြဲ တစည်းတလုံးတည်း တည်ရှိတဲ့ နိုင်ငံရေး အင်အားစုတရပ်" ဟုတ် မဟုတ် သုံးသပ် ပေးစေလိုပါတယ်။

နဝတ စစ်အုပ်စုက "တပ်မတော်ဟာ မကွဲမပြဲ တစည်းတလုံးတည်း တည်ရှိတဲ့ နိုင်ငံရေး အင်အားစု တရပ်လို့ အမြဲ ပြောနေတာ ဟုတ် မဟုတ် ဆိုတဲ့ ကိစ္စဟာ သူတို့ ပြောနေတာ လုံးဝ မဟုတ်ပါ၊ လူကြားကောင်းအောင် အသံကောင်း ဟစ်ပြတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ အတွေ့အကြုံကို ဖော်ပြ ရှင်းလင်း လိုပါတယ်။

ကျနော်တို့ စစ်ထဲမှာရှိတဲ့ အစုကွဲကလေးတွေဟာ အိန္ဒိယပြည်က ပြန်ပါလာတဲ့ အစု (အနည်းစု)၊ ဂျပန် တော်လှန်ရေး တိုက်ပွဲ နွှဲလာခဲ့တဲ့ အစု (အများစုကြီး)၊ စစ်ပြီးမှ ဗိုလ်စင်္ကြာနဲ့ ပြန်လာတဲ့ ဂျပန်ပြန် အုပ်စု၊ အင်္ဂလိပ် အလိုတော်ရိသက်သက် (အနည်းတကာ့ အနည်းစု)၊ ကွန်မြူနစ် အစု၊ ဆိုရှယ်လစ် အစု၊ ကြားအုပ်စု စသည်တို့ ရှိကြပါတယ်။ အလံနီက ထိုးဖောက် လာသော်လဲ လက်မခံကြပါ။ နောက်တခုက ဗြိတိသျှ ဘုရင် ရာထူးနဲ့ ဗကတပ် ဗမာပြည်မှ ရတဲ့ ကော်မရှင် ဘားမား ရိုင်ဖယ်က ဗိုလ်မှူးနဲ့ UMP တပ်ဗိုလ်မှူး ပခုံးပေါ်မှာ မေဂျာ ဂျနရယ် တံဆိပ် သရဖူ တပ်ထားတာချင်း အတူတူ အထင်ကြီးမှု အထင်သေးမှု ဆက်ဆံမှု၊ လေးစားမှု၊ အသိအမှတ် ပြုမှုတွေဟာ ကွဲပြား ခြားနား နေပါတယ်။ မြို့တွင်းမှာ ထက်တောင် အော်ပရေးရှင်း ထွက်ရာမှာ သတ်မှတ်ထားတဲ့ ရှင်းလင်းရေး ကရိယာဟာ ဆက်စပ် နေပါတယ်။ အထူးသဖြင့် ပဲခူးဘက်မှာ တရွာနဲ့ တရွာ ဖြတ်နေကြရတဲ့ လယ်ကွင်းတွေမှာ ကချင်တပ်က ဘုန်းကြီးကျောင်းကို မီးရှို့တဲ့ အတွက် ဗမာတပ်က ကောက်ခနဲ ထုတ်ချကြတော့မှာ အထိ ဖြစ်ခဲ့ပါတယ်။ ရန်သူ ရှင်းလင်းရေး ဧရိယာ သတ်မှတ်ထားရာမှာ ကိုယ်သတ်မှတ်ထားတဲ့ ဧရိယာထဲ ဝင်လာတာ၊ တတပ်နဲ့ တတပ် ပူးပေါင်း ဆက်သွယ်မှု၊ အကူအညီ ပေးတာ လုံးဝ မရှိတာ၊ ရိက္ခာရာရှင် မညီမျှတာ စတာတွေကြောင့် ဗိုလ်နေဝင်းက UMP တို့ BTF တို့ အားလုံး ဖျက်သိမ်းပြီး ခလရ၊ ခမရတို့ နံပါတ်နဲ့ ခေါ်စေကာ ဘားမားရိုင်ဖယ် တပ်ဗိုလ်နဲ့ UMP စစ်ဗိုလ် အတူတူ ဖြစ်အောင် လုပ်ပေမဲ့ မထူးပါဘူး၊ ဒုံရင်း အတိုင်းပဲ ဖြစ်ကြောင်း သိရပါတယ်။

နောက်ပိုင်းမှာ ဗိုလ်နေဝင်းက တပ်မှူး ညီလာခံ ကျင်းပကာ ကျန်းရ၊ ဆဲရ၊ ချော့ရနဲ့ ငွေအကုန်အကျ ခံပြီး အရက်သေစာ၊ အစားအသောက်တွေနဲ့ တင်တင်မြ၊ မာမာအေးတို့နဲ့ဖျော်ဖြေ နှစ်သိမ့်ရတာတွေ အဲဒီမှာ စားပွဲထိုး လုပ်ခဲ့ဖူးတဲ့ တပ်ထွက် ရဲဘော်တယောက် ပြောပြလို့ သိရပါတယ်။ တပ်မှူး တပ်သား အပြန်အလှန် ဆက်ဆံရေး လေးစားမှု ချစ်ခင်မှု မရှိတော့ဘဲ၊ ကြေးစားစစ်တပ်၊ ကြေးစား စစ်ဗိုလ်တွေပဲ ဖြစ်ကုန်ကြပါပြီ။

ဗမာ့ တပ်မတော်ကြီးဟာ အရင်ကျနော်တို့ ခေတ်တုန်းကလို မဟုတ်တော့ပါဘူး၊ မတရားမှု၊ အဂတိလိုက်စားမှု၊ လာဘ်စားမှု၊ မုဒိမ်းကျင့်မှုတွေနဲ့ ပြည့်လျှံ နေပါပြီ၊ စစ်တပ်ဟာ အပုတ်နံ့ တထောင်းထောင်း၊ မကောင်းတဲ့ လူယုတ်မာတွေ၊ နှလုံးနာတဲ့ ပြည်သူ့ချင်ဖတ်တွေ ဖြစ်နေပါပြီ၊ ပုတ်သိုး ဆွေးမြေ့ နေပါပြီ။

တပ်တွင်း တကယ ်စည်းလုံး ညီညွတ်မှုဟာ မရှိပါ။ ပြိုကွဲ ပျက်စီး နေပါပြီ။ သိပ်မကြာမီ ဘုံးဘုံးလဲ ပြိုကျဖို့ အချိန်ရောက်တော့မှာ သေချာလှပါတယ်။

ခုလို ကြုံတုန်း အခွင့်သင့်တုန်းမှာ ကျနော် စိတ်ထဲမှာ တအုံနွေးနွေး၊ ပူပင်သောက စိတ်မအေးနိုင်တဲ့ အချက်တခု ဖော်ပြ လိုက်ပါတယ်။

ဒါက ဘာလဲ ဆိုတော့ (နဝတ) ခု နအဖရဲ့ အမျိုးသား ညီလာခံ အတုကြီးသာ အတည် ဖြစ်သွားမယ် ဆိုရင် နောင်လာနောက်သား၊ သားစဉ် မြေးဆက်များ ဒုက္ခလှလှကြီး ခံစားရတော့မှာပဲ ဆိုတာ စိတ်သောက ပူပင်မှုကြီး တခု ဖြစ်ပါတယ်။ ကျနော်အနေနဲ့ နှစ်ပေါင်း ၅ဝ ဒုက္ခအဝဝ ခံစားခဲ့ရသလို နောင်လူငယ်တွေ မခံစားရပါစေနဲ့ ဆိုတဲ့ စေတနာ မေတ္တာကို ဖော်ပြလိုက်ပါတယ်။

ကျနော်ရဲ့ အမှားတွေရှိရင် ခွင့်လွှတ်ကြပါ။ မှန်ကန် မွန်မြတ်တဲ့ ကြီးမြတ် ဂုဏ်ရောင်ပြောင်တဲ့ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေးကြီး မုချ အောင်မြင်ရမှာပါ။

ရဲဘော်အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

ကျနော် ရဲဘော် စိုးလွင်ပါ။

ကျေးဇူးတင်ပါတယ်။ ။

ရဲဘော် စိုးလွင်