မာတိကာသို့ ခုန်သွားရန်

စိန့်ပေါလ်

ဝီကီပီးဒီးယား မှ
(စိန်ပေါလ် မှ ပြန်ညွှန်းထားသည်)
ရှင်ပေါလု(တာရှုမြို့သားရှောလု)

သူတော်စင် ရှင်ပေါလု (Saint Paul The Apostle)၊ (သို့မဟုတ်) တာရှုမြို့သား ရှောလုသည် ယေရှုခရစ် နှင့်ခေတ်ပြိုင်ပင် မွေးဖွားသည်။ သို့သော် ယေရှုခရစ်တော်ထက် အသက်ငယ်သည် ဟုခန့်မှန်းသည်။ အချို့က ဆောလ် (Saul) ဟုလည်းခေါ်ကြသည်။ ခရစ်ယာန်ဘာသာတွင် ကျမ်းပြုအကျော်အမော်တစ်ဦးအဖြစ် အများကအသိအမှတ်ပြုသည်။ တမန်တော်အဖြစ်နှင့်လည်း ကျော်ကြားသည်။ ပေါလ်ကို ယနေ့ တူရကီနိုင်ငံဖြစ်လာမည့် စီလီစီယာ(Cilicia)တွင် အေဒီ ၄ ခုနှစ်ခန့်ကဖွားမြင်သည်။ရောမနိုင်ငံသား၊ ယုဒလူမျိုးဖြစ်သည်။ ငယ်စဉ်ကပင် ဟေဗြဲစာပေကို သင်ကြားတတ်မြောက်ခဲ့ပြီး နာမည်ကျော် ယုဒပညာရှိကြီး ဂါမာလီရယ်(Gamaliel)ထံတွင် တပည့်ခံရန် ဂျေရုဆလင်မြို့သို့သွားရောက်နေထိုင်ခဲ့ဖူးသည်။

ယေရှုခရစ် ကားစင်အတင်ခံရပြီး နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အယူဝါဒသစ်ကို နှိပ်ကွပ်မှုများတွင် နှိပ်ကွပ်သူများဖက်မှ ရပ်တည်အားပေးခဲ့သည်။ တစ်နည်းဆိုရလျှင် ခရစ်ယာန်တို့ကို မိစ္ဆာအဖြစ် သတ်မှတ်သူအများထဲတွင် ပါဝင်သူဖြစ်သည်။ သို့သော် ဒါမသက်မြို့(Damascus) သို့သွားရာ လမ်းတွင် ယေရှုခရစ်တော်၏ လာရောက်စကားပြောကာ ရွေးချယ်သည်ဟုဆိုသည်။ ထိုအချိန်မှစကာ အယူသစ်ကိုကန့်ကွက်သူတစ်ဦးသည် ထိုအယူသစ်အား အကြီးဆုံး အကျိုးပြုသူဖြစ်လာခဲ့သည်။ ခရစ်ယာန်ဘာသာဝင်ဖြစ်လာပြီး ကွယ်လွန်ချိန်ထိတိုင် မနေမနား ဟောပြောရေးသားမှုတို့ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ သက်ဆုံးတိုင် ခရစ်တော်ကဲ့သို့ ကျင့်ကြံနေထိုင်သွားပြီး နောက်လိုက်အင်အားများစွာရခဲ့သည်။ ဂျူးလူမျိုးများ နှင့်ပတ်သတ်လျှင် ၎င်း၏ဟောပြောမှုများမှာ မထိရောက်ဟု ဆိုသော်လည်း အခြားသောလူမျိုးများအပေါ်တွင် များစွာ ဩဇာညောင်းသဖြင့် သူ့ကို ယဟူဒီမဟုတ်သောလူမျိုးအပေါင်းတို့၏တမန်တော် ဟုပင်တင်စားခေါ်ဝေါ်ကြသည်။

ရောမအင်ပါယာ အရှေ့ပိုင်းသို့ ခရီးဝေး သာသနာပြုခြင်းကို သုံးကြိမ်ပြုပြီး နောက်ဆုံးအကြိမ်ဂျေရူစလမ်မြို့ သို့ပြန်အရောက်တွင် ဖမ်းဆီးခံရသည်။ရောမသို့ တရားရင်ဆိုင်ရန် ပို့ဆောင်ခံရပြီး နောက်ဆက်တွဲကို တိကျသေချာစွာမသိရပေ။ ၆၄ ခုနှစ်၊ရောမအနီးအပါးတွင် ကွပ်မျက်ခံရသည်ဟုသာ အကြမ်းဖျင်းပြောနိုင်တော့သည်။

သာသနာပြုရာတွင်

  1. အမှန်ပင် ကိုယ်ကျိုးစွန့်အနှစ်နာခံသူဖြစ်သည်။ နောက်ဆုံး အသက်ပါစွန့်သည်။
  2. ဓမ္မသစ်ကျမ်းတွင် အများဆုံးပါဝင်ရေးသားသူဖြစ်သည်။ အဓိကရေးသားသူလည်းဖြစ်သည်။ ဓမ္မသစ် ၂၇ ခန်းတွင် ပေါလ်ရေးသည်မှာ ၁၄ ခန်းထက်မနည်းဟု ဆိုသည်။ သို့သော် ဘာသာရေးနှင့် သမိုင်းသုသေတီတို့ ငြင်းခုံဆဲဖြစ်သည်။ မည်သို့ဆိုစေ ဓမ္မသစ်ကျမ်း ပေါ်ပေါက်ရေးကို ဦးဆောင်ရေးသားသူအဖြစ် ကျေးဇူးတင်ရှိကြသည်။

တနည်းဆိုရလျှင် ယေရှုခရစ်လက်ထက်က နှုတ်ဖြင့် မြွတ်ကြားခဲ့သည့် အဆုံးအမတို့ကို ပေါလ်လက်ထက်ရောက်မှ စာပေအက္ခရာတင်သည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များက စိန့်ပေါလ်(သူတော်စင်ပေါလု၊ရှင်ပေါလု)ဆိုသည့် ခေါ်ဝေါ်ကိုးကွယ်ကြခြင်းဖြစ်သည်။

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]