စိန်ပါတီ၊ ဒေါ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
စိန်ပါတီ
မွေးဖွားမစံ
၁၉၁၀/၁၉၁၁
ဟင်္သာတမြို့ဗြိတိသျှဘားမား
ကွယ်လွန်၃၁၊ ဒီဇင်ဘာ၊ ၁၉၇၀
ရန်ကုန်မြို့မြန်မာနိုင်ငံ
အခြား အမည်များ​အောင်သန်းစိန်(အငြိမ့်အမည်)
အလုပ်အကိုင်အဆို​တော်၊ အငြိမ့်မင်းသမီး၊ ဂီတသုခုမဌာနမှူး၊ ဂီတကထိက
အိမ်ထောင်ဖက်(များ)ကိုဘသက်
မိဘ(များ)ဦးဘိုးသန့် + ​ဒေါ်ရီ(မယ်ရီ)
ဂီတခရီးလမ်း
တေးသံသွင်း ကုမ္ပဏီကိုလံဘီယာဓာတ်ပြားကုမ္ပဏီ လွတ်လပ်ရေးဓာတ်ပြားကုမ္ပဏီ

နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့သို့ ရောက်ခါနီးအချိန်များ၌ အာဇာနည်ကြီးများနှင့် စပ်လျဉ်းသော တေးသီချင်းများကို မြန်မာ့အသံကအသံလွှင့်လေ့ရှိရာ ထိုသီချင်းများထဲတွင် လွမ်းမပြေတဲ့ ပန်းခွေဂျူ ဗလီဝယ် စသော သီချင်းများကား ကြားရသူများကို မျက်ရည်စို့စေသည်အထိ အောင်မြင်ထက်မြက်လှပေသည်။ ယင်းသီချင်းများကို သီဆိုသောအသံရှင်၏ အသံသည် ဆွဲငင်မှုအပြည့်အဝ ရှိလှပြီးလျှင် နားဆင်ရသူ၏အသည်းနှလုံးကို ယူကြုံးဘိ သကဲ့သို့ ထိရောက်လှပေ၏။ ယင်းအသံရှင်ကား အဆိုတော် ဒေါ်စိန်ပါတီဖြစ်၏။ စိန်ပါတီသီဆိုခဲ့​သော မြနန္ဒာ(နန်း​တော်​ရှေ့ဆရာတင်​ရေး)၊ မင်္ဂလာဆယ့်နှစ်ပါး(ရွှေတိုင်ညွန့်​ရေး)သီချင်းများမှာ ယ​နေ့တိုင်​​ကျော်ကြားဆဲဖြစ်သည်။

ဒေါ်စိန်ပါတီအား ဟင်္သာတမြို့တွင် အဖ နှဲဆရာကြီး ဦးဘိုးသန့်၊ အမိ ဒေါ်မယ်ရီတို့မှ (၁၂၇၃)ခုနှစ်၊ ဝါဆိုလတွင် ဖွားမြင်သည်။ အင်္ဂါသမီးဖြစ်သောကြောင့် မစံဟု မှည့်ခေါ်သည်။ မွေးချင်းနှစ်ဦးရှိပြီးလျှင် အကိုဖြစ်သူမှာ နောင်တွင် ပတ်တီးဆရာဖြစ်လာသည့် မောင်လှသောင်းဖြစ်လေသည်။ မောင်လှသောင်းနှင့် မစံတို့မောင်နှမသည် ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ဂီတကို ဝါသနာပါလှသည်။ အငြိမ့်ကို ခုံမင်သည်။ ကချင်ဆိုချင်သည်။ ပွဲသွားကြည့်ရမည်ဆိုလျှင် မောင်နှမနှစ်စလုံး တပြုံးပြုံးဖြစ်နေကြသည်။ ပွဲကြည့်လျှင် နှမက ကကြိုးကကွက်များလေ့လာသည်။ အကိုက တီးလုံးတီးကွက်များ အကဲခတ်သည်။ အိမ်ပြန်ရောက်လျှင် နှမက အငြိမ့်ကတမ်းကစားသည်။ အကိုက ဆိုင်းတီးတမ်းကစားသည်။ သို့သော် ဖခင်ဖြစ်သူ နှဲဆရာကြီးဦးဘိုးသန့်သည် ဂီတအနုပညာတို့၏ ဘဝခရီးကြမ်းတမ်းပုံကို ကိုယ်တိုင်သိသူဖြစ်သောကြောင့် မိမိ၏ သားသမီးများ ဂီတဝါသနာပါသည်ကို မနှစ်သက်။ ထိုကြောင့် အားမပေးသည့်အပြင် ကွပ်ညှပ်ဆုံးမခဲ့သည်။

ဖခင်က ယင်းသို့အားမပေးသော်လည်း အဖိုးကဆိုင်းထောင်၍ ဖခင်ကိုယ်တိုင်ကလည်း အငြိမ့်နှဲဆရာဖြစ်သည့် အနုပညာ အသိုင်းအဝိုင်းကြောင့် သူတို့၏ဝါသနာမျိုးစေ့သည် ရှင်သန်ကြီးထွားလာလေတော့သည်။

ဖခင်မသိအောင် တိတ်တဆိတ်က၏။ တိတ်တဆိတ်ဆို၏။ ဖခင်ဖြစ်သူက လုံးဝသင်မပေးသော်လည်း မြင်ဆရာများထံမှ မြင်ရင်းတတ်ရသည်။ သို့နှင့် အရပ်ထဲတွင် အဆိုကောင်း၊ အကကောင်းအဖြစ် ထင်ပေါ်ကျော်ကြားလာရတော့သည်။ ဟင်္သတ၊ ဇလွန်၊ ဒေါင့်ကြီး စသော ဒေသများတစ်ဝိုက် လူသိများလာတော့သည်။ ဟင်္သတမြို့ရုပ်ရှင်ရုံများတွင်ပြသော အသံတိတ်ရုပ်ရှင်များ၌ သီချင်းများ သီဆိုရသောအဆင့်ထိရောက်လာတော့သည်။

ရန်ကုန်မြို့မှ ဦးဘကျော်၊ ဦးဓာတ်ဆီ စသော အငြိမ့် လောကသားကြီးများ ဟင်္သာတသို့ရောက်ခိုက် မစံအစွမ်းအစကို လေ့လာမိကြသဖြင့် ရန်ကုန်သို့လိုက်၍ သီချင်းဆိုရန်ခေါ်ယူကြ၏။ ဖခင်ဖြစ်သူက ခွင့်မပြုသောကြောင့်မလိုက်ရပေ။ ထိုနောက် မိသားစုထဲသို့ ကြမ္မာဆိုးဝင်လာတော့သည်။ ဖခင်ဖြစ်သူ နှဲဆရာကြီး ဦးဘိုးသန့်သည် ဦးစိန်ကတုံးဇာတ်နှင့် လိုက်၍ နှဲမှုတ်ရင်း စိတ္တဇဝေဒနာစွဲကပ်ကာ မိသားစု၏ စီးပွားရေးတာဝန်ကို မထမ်းဆောင်နိုင်တော့သည်အထိ ဖြစ်လာတော့သည်။ ရှိသမျှငွေကြေးအင်အားကိုသုံး၍ ဖခင်ကို ဆေးဝါးကုသရင်း လုံးပါးပါးကာ စီးပွားပျက်လေတော့သည်။

ထိုအခါ မောင်နှမနှစ်ယောက်စလုံး ဂီတလောကထဲသို့ ခြေစုံပစ်၍ ဝင်ကြတော့သည်။ အဆိုနှင့်အကကို မင်္ဂလာသိန်းညွန့်က သင်ပြပြီးလျှင် အောင်သန်းစိန်အမည်ဖြင့် မစံကိုကပြစေသည်။ မစံ၏ အောင်မြင်သောအသံ၊ သွဲ့ပြောင်းသောကဟန်တို့က ပရိသတ်ကို အကြိုက်တွေ့စေတော့သည်။ အောင်သန်းစိန်အမည်ခံ မစံသည် ဥဩရွှေနှင့် သူယောင်မယ်သန်းသန်း တို့ကို ဦးစီး၍လည်း အငြိမ့်ထောင်လိုက်သေးသည်။ ထိုစဉ်က အောင်သန်းစိန်ကပြီဆိုလျှင် ပရိသတ်က ရုံလျှံမြဲဖြစ်လေသည်။

ထိုနောက် ဦးမှဲ့ဆိုသူပုဂ္ဂိုလ်ကိုအကြောင်းပြု၍ မောင်နှမနှစ်ယောက် ရန်ကုန်သို့ရောက်ခဲ့ကြသည်။ ရန်ကုန်သို့ရောက်သောအခါ၊ သီချင်းရေးဆရာ ရွှေတိုင်ညွန့်နှင့် တွေ့ဆုံကြ၏။ ရွှေတိုင်ညွန့်က မစံအား အမည်ဟောင်းကိုပြောင်းစေပြီးလျှင် အင်္ဂါသမီးဖြစ်သည့်အားလျော်စွာ စိန်ပါတီဟူသော အမည်သစ်ကို ယူစေသည်။

ထိုနောက်တွင် အင်္ဂလိပ်လူမျိုးပိုင် ကိုလံဘီယာဓာတ်ပြားကုမ္မဏီတွင် စိန်ပါတီအမည်ဖြင့် သီချင်းများကို စဆိုရလေသည်။ ဖောင်စကြာ၊ မင်းယောကျာ်း၊ သီတာသောင် စသည့် သီချင်းများဖြစ်သည်။ သီချင်းတစ်ပုဒ် ဓာတ်ပြားအသွင်းခံရလျှင် ငွေကျပ် (၅ဝ)ရကာ ကုမ္မဏီက ဓာတ်ပြား(၁ဝဝဝ)ထုတ်လုပ်လျှင် သက်ဆိုင်ရာအဆိုတော်ကို ကော်မရှင်ဆုအဖြစ်(၇၅)ကျပ်ပေးကြောင်းသိရလေသည်။

စိန်ပါတီသည် ရန်ကုန်ရောက်ခါစ အဆိုတော်ဖြစ်နေသေးသဖြင့် အမည်တက်စသာဖြစ်သည်။ တစ်နေ့လျှင် ထမင်းစရိတ်တစ်ကျပ် တစ်လလျှင် အိမ်လခ(၁၅)ကျပ် အသုံးပြုကာ ဆင်း ရဲပင်ပန်းစွာ နေထိုင်ခဲ့ရသည်။ အနေအထိုင် အစားအသောက် ဆင်းရဲသော်လည်း မိမိဝါသနာပါသော လုပ်ငန်းဖြစ်သောကြောင့် အပြုံမပျက် ဇွဲကောင်းကောင်းနှင့်နေထိုင်ခဲ့သည်။

ဓာတ်ပြားအဆိုလောကတွင် အောင်မြင်လာသည်နှင့်အမျှ တစ်ဖ က်ကလည်း စတားရုပ်ရှင်ရုံ၊ ဘုရင်ရုံစသော ရုပ်ရှင်ရုံများတွင်ပြသသည့် အသံတိတ်ရုပ်ရှင်ဇာတ်ကားများ၌ ဇာတ်ဝင်သီချင်း၊ ဇာတ်ပို့သီချင်းများကို သီဆိုပေးရသဖြင့် စီးပွားရေးအရ ထူထူထောင်ထောင် ဖြစ်လာလေသည်။

ထိုအချိန်တွင် မြန်မာပြည်သူပြည်သားများသည် အင်္ဂလိပ် အုပ်စိုးမှုအောက်မှ ရုန်းထွက်ရေးအတွက် လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်ကို ဆင်နွဲနေကြ၏။ တို့ဗမာအစည်းအရုံးကြီး၏ ဦးဆောင်မှုအောက်ဝယ် ဒေါ်စိန်ပါတီသည် သခင်မ မစံအဖြစ် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့၏။ သူကိုင်စွဲသော လက်နက်ကား အနုပညာလက်နက်တည်း။ သခင်တရားပွဲများနှင့်တကွ သီချင်းဆိုခွင့်၊ သံသွင်းခွင့်ရသော အခြားနေရာများ၌ မျိုးချစ်စိတ် ထက်သန်ရေးတေးသီချင်းများကို သီဆို၏။ သို့နှင့်ဒေါ်စိန်ပါတီ သီဆိုသော သုံးရောင်ချယ်၊ ပါတော်မူ စသည့် ဇာတိမာန် တေးသီချင်းတို့သည် မြန်မာပြည်သူလူထု၏ နှုတ်ဖျားဝယ် ရေပန်းစားခဲ့ရာမှ အင်္ဂလိပ်အစိုးရ၏ လက်ပါးစေများက ဒေါ်စိန်ပါတီအား ဖမ်းဆီးရန် ကြိုးစားခဲ့ကြဖူးသေးသည်။ ခေတ်ပျက်သွားသဖြင့် အဖမ်းမခံခဲ့ရခြင်းဖြစ်သည်။ ဒီးဒုတ်ဦးဘချို၊ ဦးသိန်းဖေ(မြင့်) စသည့် ပုဂ္ဂိုလ်များကလည်း ဒေါ်စိန်ပါတီအား တစ်ဖက်တစ်လမ်းက အကူအညီပေးခဲ့ကြ၏။ ဒုတိယကမ္ဘာစစ် အတွင်းတွင် ဇာတိဟင်္သာတမြို့သို့ ခေတ္တပြန်နေ၏။ စစ်ဖြစ်ခိုက် ကြုံသောကြောင့် ဓာတ်ပြားလုပ်ငန်းများ ရပ်နားထားရသော်လည်း အလှူ၊ မင်္ဂလာဆောင် စသည့် ပွဲများတွင် ဒေါ်စိန်ပါတီ၏အသံကို နားဆင်ကြရပြန်သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး၌ ရန်ကုန်မြို့သို့ပြန်လာကာ အဆိုလောကတွင် ကျင်လည်ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း အစရှိသော အာဇာနည်ကြီးများကျဆုံးသောအခါ အသည်းနှလုံးမှယိုစိမ့်သော သူ့အသံဖြင့်သီဆိုထားသည့် သဟာယဆရာတင် စပ်ဆိုသော လွမ်းမပြေတဲ့ ပန်းခွေသီချင်းမှာ လူထု၏ စိတ်နှလုံးကို ညွတ်ကြုံးယူငင်ဘိသကဲ့သို့ အောင်မြင်လှပေသည်။ ထိုမျှသာမကသေး တိုင်းသူပြည်သားများ စိတ်ဓာတ်မကျရေး၊ လွတ်လပ်ရေးကို မရရသည့်နည်းဖြင့် အသေခံတိုက်ယူရေး၊ အသက်ကိုစွန့်ရဲသည်အထိ မျိုးချစ်စိတ်ထက်သန်ရေးတို့အတွက် သီချင်းများကိုလည်း ရုပ်ရှင်ရုံ၊ ဇာတ်ရုံများတွင် ဒေါ်စိန်ပါတီက သီဆိုခဲ့သည်။

လွတ်လပ်ရေးရပြီးသည့် နောက်တွင် လွတ်လပ်ရေးဓာတ်ပြား ကုမ္ပဏီ၌ သီချင်းများသီဆိုခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးအဖြစ် သွားရောက်ခဲ့သည်။ ထိုနောက်တွင် ရန်ကုန်မြို့ကံဘဲဆရာအတတ်သင်သိပ္ပံတွင် ဂီတသုခုမဌာနမှူး၊ ဂီတကထိကအဖြစ် တာဝန်ထမ်းဆောင်ရင်း(၁၃၃၂)ခုနှစ် ပြာသိုလဆန်း(၄)ရက် (၁၉၇ဝပြည့်နှစ်၊ ဒီဇင်ဘာလ(၃၁)ရက်) ကြာသပတေးနေ့ညဉ့်တွင် နှလုံးရောဂါဖြင့် အနိစ္စရောက်ခဲ့သည်။ ဒေါ်စိန်ပါတီ၏ခင်ပွန်းဖြစ်သူ ဦးဘသက်မှာလည်း ဂီတပညာရှင်တစ်ဦး ဖြစ်လေသည်။ သား ဦးတင်ညွန့်သည် ယဉ်ကျေးမှုကဇာတ်ဌာန၌ တာဝန်ထမ်းဆောင်နေလေသည်။

ဒေါ်စိန်ပါတီ သီဆိုသွားသော သီချင်းများထဲတွင် စပယ်တင်မှဲ့၊ လင်ဝယ်ရန်၊ ကောသလအိပ်မက်၊ ရတနာဂီရိ၊ သုဝဏ္ဏသာမ၊ ရှင်ဘုရင်နဲ့တွေ့ချင်တယ်၊ မြနန္ဒာ၊ လယ်တောသူ၊ ဟင်္သာကိုးသောင်း၊ နေရဉ္စရာ၊ ကထိန်သင်္ကန်း၊ သီဟိုဠ်ဘုရားဖူး၊ အနန္တသူရိယ၊ ချစ်ဝေ၊ စိုးပါနဲ့မေရယ်၊ မာတိင်္ဂ၊ ကောက်စိုက်မ၊ ဗေဒင်စုံတွဲ၊ မင်္ဂလာဆယ့်နှစ်ပါး၊ ဒင်နာပါတီ စသည့် သီချင်းများလည်း အပါအဝင်ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)