စိတ်နေမြင့်သူ

ဝီကီပီးဒီးယား မှ

စိတ်နေမြင့်သူ ကဗျာကို အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ အိုင်ချင်း ဖြစ်သည်။

ချစ်တဲ့သူငယ်လေ ....
သူငယ်ချင်းကောင်း၊ ယောက်မတို့လေ....။

ပန်ပါရလို၊ ပန်ရလျှင်လဲ
ပန်းများသခင်၊ ဂေါ်သဇင်ဟု
ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။

လိမ်းပါရလို၊ လိမ်းရလျှင်လဲ
ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း
ငွေနိုင်းချင်းသည်
ဝင်းထိန်ထိန်ငယ်၊ အချိန်ခြောက်ကျပ်သားမှသာတဲ့။

ကြင်ရပါလို၊ ကြင်ရလျှင်လဲ
ရေမြေ့သခင်၊ အရှင်စက်ရင်း
ရွှေတိုက်တော်မှာ၊ စာရင်းသွင်းသည်
ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။

အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။

ခက်ဆစ်

၁။ ဂေါ်သဇင် = ပင်ဆင့်ပေါက်သည့်သဇင်နှင့်တူသောပန်း။

၂။ ပင်ဆင့်ပေါက် = အပင်ချင်းဆင့်၍ပေါက်သည်။

၃။ ရွက်မြှောက် = အရွက်ထောင်သော။

၄။ ငွေနိုင်းချင်း = ပစ္စည်းအလေးချိန်နှင့်ဆတူငွေပေး၍ဝယ်ရသော။

၅။ စက်ရင်း = ခြေတော်ရင်း။

၆။ ရွှေတိုက်တော် = မြန်မာဘုရင်လက်ထက်ရွှေငွေဘဏ္ဍာနှင့်နန်းစဥ်မှတ်တမ်း၊စစ်တမ်း၊မော်ကွန်းစသည့်ထိန်းသိမ်းထားရှိရာအဆောက်အအုံ။

၇။ ခြင်းခြင်းတောက် = ရဲရဲတောက်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း