စာရင်းတွက်စက်

ဝီကီပီးဒီးယား မှ
ရုရှားမှ ထုတ်လုပ်သည့် စာရင်းတွက်စက်။

ကုန်တိုက်၊ ဘဏ်တိုက်မှစ၍ အလုပ်တိုက်အသီးသီးတွင် စာရင်းအင်း အမြောက်အမြားကို မှန်ကန်စွာ တွက်ချက်ရေး မှတ်၍ စံနစ်တကျ ထားရှိရသောအလုပ်မှာ လွယ်ကူသည့် အလုပ်မဟုတ်ချေ။ လူတို့သည် အဆိုပါ စာရင်း အင်းများကို ရှေးအခါက လက်နှင့်သာလျှင် ပင်ပန်းကြီးစွာ ရေးမှတ်ခဲ့ကြ ရ၏။ နောင်သော် လက်နှိပ်စက်များ၊ စာကူး စက်များ ပေါ်လာ သဖြင့် ထိုအလုပ်မှာ ယခင်ကထက် အဆပေါင်းများစွာ လျင်မြန် ရှင်းလင်း၍လာသည်။ ယခုအခါ တိုးတက်လျက် ရှိသော စက်မှုပညာ၏ ကျေးဇူးကြောင့် 'စာရင်းတွက်စက်'များ ပေါ်လာပြန်ရာ ထိုစက်မျိုးနှင့် စာရင်းအင်းများကို တွက်ချက် သောအခါ ယခင်ကထက် တိုး၍ အံ့ဩလောက်အောင် အလုပ် တွင်ကျယ်လာသည်ကို တွေ့ရလေသည်။

စာရင်းတွက်စက်မှာ လက်နှိပ်စက်တစ်မျိုးပင် ဖြစ်သည်။ ထိုစက်တွင် ဂဏန်းများကို တစ်လုံးချင်းဖြစ်စေ၊ စုပေါင်းဖြစ်စေ၊ ပေါင်းနိုင်၊ နုတ်နိုင်သည့် ကိရိယာများ တပ်ဆင်ထားသည်။ ပေါင်းလို နုတ်လိုသည့်အခါ ဆိုင်ရာခလုတ်ကို နှိပ်ပေးရန်သာ လို၏။ အချို့သော စာရင်းမျိုးတွင် မင်နီကိုလည်း တစ်ခါ တစ်ရံ ကြားဖြတ်သုံးရန် အလိုရှိတတ်သည်။ ထိုအခါမျိုး၌ လက်နှိပ်စက်မှာကဲ့သို့ပင် ခလုတ်ကို နှိပ်ပေးရုံဖြင့် ကာဗွန်ကြိုး ကို အလိုရှိသလို ပြောင်းပေးနိုင်သည်။ အထက်ဖော်ပြပါ ခလုတ်များ ပါရှိခြင်းကြောင့် လက်ကျန်ငွေ၊ အပိုထုတ်ယူငွေ စသည်တို့ကို မင်နီဖြင့် ပြလိုကလည်း လွယ်ကူစွာ ပြနိုင်သည်။

ကုန် စာရင်း၊ လချုပ်စာရင်း စသည်တို့တွင် ဆိုင်ရာစာရင်းကို တစ်တန်းစီ ပေါင်းနုတ်သွားရုံမက စုစုပေါင်းကိုပါ ပြလိုက လည်း ဆိုင်ရာခလုတ်ကို နှိပ်ပေးခြင်းဖြင့် အလိုရှိသော အဖြေ ကို အလိုအလျောက် တွက်ချက်ပြီး ထွက်ပေါ်စေနိုင်သည်။ စာရင်းတွက်စက်သည် အလုပ်နှင့် အချိန်ကိုသာ အဆပေါင်း များစွာ သက်သာစေသည်မဟုတ်၊ တိကျမှန်ကန်သော စာရင်း များကိုလည်း ရရှိစေနိုင်၏။ သို့ရာတွင် ဤစက်ကို ရိုက်နှိပ် ရသော စက်သမားသည် စာရင်းကိုင် စာရေးများနည်းတူ မိမိ အလုပ်ကို မှန်ကန်စွာ ပြုလုပ်ရန်လိုပေသည်။

စာရင်းတွက်စက်တွင် စီမံထားပုံမှာ ခုမှ ဆယ်သို့၊ ဆယ်မှ ရာသို့၊ ရာမှ ထောင်သို့ စသည်ဖြင့် ဂဏန်းပြောင်းသွားစေရန် အတွက် ခွေးသွားစိတ် ၁ဝ ခုစီပါသည့် ဘီးကလေးများ တပ် ဆင်ထားသည်။ ထိုခွေးသွားစိတ်ကလေးများသည် နှိပ်လိုက် သည့် ခလုတ်ပေါ်ရှိ ဂဏန်းအမှတ်အတိုင်း နေရာရွေ့ကြ၏။ ပမာအားဖြင့် ၅ အမှတ်ခလုတ်ကို နှိပ်က ခွေးသွားစိတ် ၅ ခု ရွေ့၍ ၉ အမှတ်ကို နှိပ်လျှင်လည်း ၉ ခု ရွေ့လေသည်။ သို့ရာ တွင် တစ်ကျပ်၌ ၁၆ ပဲရှိခြင်း၊ တစ်ပဲ၌ ၁၂ ပိုင် ရှိခြင်းတို့ ကြောင့်၊ ပိုင်မှ ပဲသို့ ပြောင်ပေးရမည့်ဘီးတွင် ခွေးသွားစိတ် ၁၂ စိတ်ရှိရန်လို၍ ပဲမှ ကျပ်သို့ ပြောင်းပေးရမည့်ဘီးတွင် ခွေး သွားစိတ် ၁၆ စိတ်ရှိရန် လိုပေသည်။ ထို့အတူ အဂ‡လိပ်ငွေ ပေါင်၊ သျှီလင်၊ ပဲနီကိုသုံးသည့် စက်တွင်လည်း ပဲနီမှ သျှီလင်၊ သျှီလင်မှ ပေါင်သို့ ပြောင်ပေးနိုင်ရန်အတွက် ခွေးသွားစိတ် ၁၂ စိတ်နှင့် အစိတ် ၂ဝ အသီးသီးရှိသည့် ဘီးများ ကို အထက်ပါ ကျပ်၊ ပဲ၊ ပိုင် ဘီးများအစား တပ်ဆင်ပေးရန် လို၏။ ထိုအတူ ပင် ကျပ်နှင့်ပြား စံနစ်အတွက် ဖန်တီးရန် စက်တွင်လည်း ၁ ကျပ်တွင် ၁ဝ မူးရှိ၍ ၁ မူးတွင် ၁ဝ ပြားရှိသောကြောင့် ပြားမှ မူးသို့ ပြောင်းပေးရမည့် ဘီးတွင် ခွေးသွားစိတ် ၁ဝ စိတ်ရှိရန်လို၍ မူးမှကျပ်သို့ ပြောင်းပေးရမည့်ဘီးတွင် ခွေးသွား စိတ် ၁ဝ စိတ်ရှိရန် လိုပေမည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ စာရင်းတွက်စက်များကို ပြုလုပ်သည့်အခါ အသုံးပြုမည့် နိုင်ငံရှိ ငွေကြေး အမျိုးအစားကိုလိုက်၍ သင့်တော်အောင် ပြုပြင် စီမံ ပေးရန် လိုသည်ဟု ဆိုလိုပေသည်။[၁]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)