ဃောသက

ဝီကီပီးဒီးယား မှ

ဃောသက သည် မြတ်စွာဘုရားလက်ထက် ကောသမ္ဗီပြည်တွင် သူဌေးဖြစ်၏။ ဃောသက၏ ဘဝကံကြမ္မာဆန်းကြယ်မှုသည် ထူးခြားဆန်းကြယ်ပေသည်။[၁]

ကောတူဟလိက[ပြင်ဆင်ရန်]

နေရာသည် မဇ္ဈိမဒေသ၊ အလ္လကပ္ပတိုင်းတွင် ဖြစ်၏။ ထိုတိုင်းပြည်တွင် ဒုဗ္ဘိက္ခန္တရကပ် ကျရောက်လျက် ရှိ၏။ ကောတူဟလိကသည် ကပ်ဘေးကို ရှောင်ရှားရန် ကောသမ္ဗီပြည်သို့ ဇနီး ကာဠီ၊ သား ကာပီ တို့နှင့်အတူ သွားလေ၏။ သားငယ်ကို ချီပိုး၍ သွားရသည်မှာ အလွန်ပင်ပန်း၏။ ထို့ကြောင့် ကောတူဟလိကသည် သားငယ်ကို ပစ်ထားခဲ့ရန် အကြံဖြစ်လေသည်။ သားငယ် အိပ်ပျော်သည့်အခါ ဇနီးမသိအောင် လမ်းခရီးတွင်ပင် ပစ်ထားခဲ့လေသည်။ မိန်းမဖြစ်သူက သားကို မတွေ့၍ မေးသောအခါ ပစ်ထားခဲ့ကြောင်း ပြော၏။ ထိုအခါ ကာဠီက သွားပြန်ခေါ်ခိုင်း၏။ ကောတူဟလိကလည်း သွားခေါ်ပါ၏။ သို့သော် ကလေးငယ် ကာပီသည် ခရီးပင်ပန်းဆင်းရဲလှသည့်ဒဏ်ကြောင့် သေဆုံးရလေသည်။[၁]

ခွေးဘဝ၌ ကျင်လည်ခြင်း[ပြင်ဆင်ရန်]

ကောတူဟလိကတို့ ဇနီးမောင်နှံလည်း ခရီးဆက်ထွက်လာခဲ့ရာ နွားကျောင်းသားတစ်ဦး၏ အိမ်သို့ရောက်လေ၏။ ထိုအချိန်တွင် နွားကျောင်းသားသည် နို့ညှစ်မင်္ဂလာပွဲ ပြုလုပ်နေသည်။ မိမိကိုးကွယ်သော ပစ္စေကဗုဒ္ဓအား ဃနာနို့ဆွမ်းဖြင့် လှူဒါန်းဆပ်ကပ်၏။ ဧည့်သည်များကိုလည်း နို့ဃနာဖြင့် ဧည့်ခံ၏။ ကောတူဟလိကလည်း ရက်အတော်ကြာ အစားကောင်းကောင်း မစားရပြီဖြစ်၍ နို့ဃနာတို့ကို မချင့်ချိန်စားမိလေ၏။ နွားကျောင်းသားသည် ဧည့်သည်တို့ကို ကျွေးမွေးပြီးမှ မိမိစား၏။ ထို့နောက် အိမ်ရှိ ခွေးမကြီးကို နို့ဃနာတို့ကို ကျွေး၏။ ထိုအခါ ကောတူဟလိက၏ စိတ်တွင် "မိမိဘဝသည် လူဖြစ်သော်လည်း အငတ်ငတ်အပြတ်ပြန်၊ ဤအိမ်၌ ခွေးဖြစ်၍ နို့ဃနာစားရသည်က ကောင်း၏" ဟု တွေးလေ၏။ ထိုညတွင် အစားမဆင်ခြင်သော ကောတူဟလိကသည် အစာမကြေဖြစ်ကာ သေဆုံး၏။ နောက်ဘဝ၌ ထိုအိမ်ရှိခွေးမကြီး၏ ဝမ်းဗိုက်တွင် ပဋိသန္ဓေနေကာ ခွေးဖြစ်လေသည်။

ခွေးငယ်၏ သခင်သည် ပစ္စေကဗုဒ္ဓါတစ်ပါးကို ကိုးကွယ်၏။ နေ့စဉ် ဆွမ်းဆပ်ကပ်လှူဒါန်း၏။ ပစ္စေကဗုဒ္ဓါသည် ဆွမ်းစားရာတွင် နေ့စဉ် ထမင်းခဲကို ခွေးငယ်အား ကျွေး၏။ ခွေးငယ်သည်လည်း ပစ္စေကဗုဒ္ဓါအပေါ် များစွာချစ်ခင်လေသည်။ နွားကျောင်းသားသည် မိမိမအားလပ်သည့်အခါ ခွေးငယ်ကို ပစ္စေကဗုဒ္ဓါအား သွားခေါ်ခိုင်း၏။ ခွေးငယ်သည် လမ်းတစ်လျှောက်လုံး မြွေစသည့်အန္တရာယ်များ ပစ္စေကဗုဒ္ဓါအပေါ် မကျရောက်ရန် ဟောင်၏။ တစ်နေ့သောအခါ ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်သို့ သင်္ကန်းချုပ်ရန် သွားလေ၏။ ထိုအခါ ခွေးငယ်သည် ပြင်းစွာသောအသံဖြင့် ဝမ်းနည်းစွာ ဟောင်လေရာ ရင်ကွဲကာ အသက်ဆုံးရှုံးရလေသည်။[၁]

ဃောသကနတ်သား[ပြင်ဆင်ရန်]

ခွေးဘဝမှ လွန်သော် တာဝတိံသာနတ်ပြည်တွင် ဃောသကအမည်ဖြင့် နတ်သားဖြစ်၏။ ဃောသကနတ်သားသည် နတ်ပြည်တွင် အထူးထင်ရှား၏။ ပစ္စေကဗုဒ္ဓါအား ချစ်ခင်စိတ်ဖြင့်ဟောင်ခဲ့သည့် ကံသည် နတ်ဘဝတွင် အသံဩဇာဖြင့် ပြည့်စုံစေသည့် အကျိုးကို ပေး၏။[၁]

ခုနစ်ကြိမ်တိုင် ကံကြွေးဆပ်ရခြင်း[ပြင်ဆင်ရန်]

မိခင်၏ စွန့်ပစ်ခြင်း[ပြင်ဆင်ရန်]

နတ်ပြည်မှ လွန်သောအခါ ပြည့်တန်ဆာမ၏ ဝမ်းတွင် လူလာဖြစ်၏။ ထိုအခါ ပြည့်တန်ဆာမသည် သားယောက်ျားလေးဖြစ်သဖြင့် မလိုချင်။ အမှိုက်ပုံထက်တွင် စွန့်ပစ်လေသည်။ ထိုအခါ မြို့သားတစ်ယောက်သည် ဃောသကကို ကောက်ယူမွေးစားလေ၏။[၁]

ကောသမ္ဗီသူဌေးကြီး၏ မွေးစားသား[ပြင်ဆင်ရန်]

ကောသမ္ဗီသူဌေးကြီးသည် နန်းတော်သို့သွားရာ လမ်းတွင် ပုရောဟိတ်နှင့် တွေ့၏။ ပုရောဟိတ်က ယနေ့ဖွားမြင်သူသည် သူဌေးကြီး ဖြစ်လိမ့်မည်ဟု ပြော၏။ ထိုအခါ သူဌေးကြီးသည် ယနေ့ဖွားသူများကို ရှာဖွေစေရာ ဃောသကကိုတွေ့၏။ မွေးစားမိဘတို့ကို အသပြာတစ်ထောင်ပေး၍ ခေါ်ဆောင်လာခဲ့သည်။ သူဌေးကြီးသည် မိမိ၏ ဇနီးသည် မိန်းကလေးမွေးပါက သူငယ်နှင့် ပေးစားမည်။ ယောက်ျားလေး မွေးပါက သူငယ်ကို ဖျောက်ပစ်မည်ဟု အကြံရှိပြီး ဖြစ်၏။ နှစ်ရက်သုံးရက်ကြာသော် သူဌေးကြီး၏ ဇနီးသည် သားယောက်ျားလေးကို မွေးဖွားလေသည်။ ထိုအခါ သူဌေးကြီးသည် ဃောသကကို သတ်ရန် အားထုတ်ရတော်သည်။[၁]

နွားနင်း၍ သတ်ခြင်း[ပြင်ဆင်ရန်]

သူဌေးကြီးသည် ဃောသကအား နွားနင်းသတ်စေရန် ကြံ၏။ ကာဠီကျွန်မကို ဃောသကအား နွားခြံဝတွင် ထားစေ၏။ နွားများထွက်လာသော် နွားလားဥသဘတစ်ကောင်သည် ဃောသကကို ခွထား၏။ ထို့ကြောင့် အခြားနွားများသည် မနင်းဘဲ ရှိလေသည်။ ဤသည်ကို နွားထိန်း မြင်သော် ကလေးငယ်ကို မွေးစားလေ၏။ သူဌေးကြီးလည်း မသေကြောင်း သိသော် နွားထိန်းကို အသပြာတစ်ထောင်ပေး၍ ဝယ်ယူပြန်သည်။[၁]

လှည်းကြိတ်၍ သတ်ခြင်း[ပြင်ဆင်ရန်]

ယခုတစ်ခါတွင် ကလေးငယ်ကို လှည်းလမ်းတွင် ပစ်ထား၏။ လှည်းကုန်သည်တို့၏ လှည်းများသည် ဃောသကအနားသို့ ရောက်လာလေ၏။ နွားတို့သည် ရှေ့ဆက်မသွားဘဲ ရပ်မြဲရပ်နေ၏။ မိုးလင်းသော် ခေါင်းဆောင်သည် ဃောသကကို မြင်လေရာ မွေးစား၏။ ဤသည်ကိုလည်း သူဌေးကြီးသိ၏။ လှည်းကုန်သည်ထံမှ အသပြာဖြင့် ဝယ်ယူပြန်သည်။[၁]

သုသာန်၌ ပစ်ထားခြင်း[ပြင်ဆင်ရန်]

ယခုအခါတွင် ဃောသကကို သင်္ချိုင်း၌ ပစ်ထား၏။ ထိုအခါ ဆိတ်မသည် ဃောသကကို ဝပ်၍ နို့တိုက်၏။ ဆိတ်ကျောင်းသားမြင်သော် ဃောသကကို မွေးစား၏။ သူဌေးကြီးသိပြန်ရာ ဝယ်ယူပြန်၏။[၁]

တောင်ပေါ်မှ ပစ်ချခြင်း[ပြင်ဆင်ရန်]

သူဌေးကြီးသည် ကာဠီကျွန်မအား ဃောသကို တောင်ပေါ်မှ ပစ်ချရန် စေခိုင်း၏။ ပစ်ချသောအခါ ဃောသကသည် ချင်ရွေးနွယ်ချုံပေါ်သို့ ကျ၏။ မည်သည့်ထိခိုက်မှုမှ မဖြစ်ပေ။ ဝါးခုတ်သမားတို့သည် ဃောသကကို တွေ့လေ၏။ အကြီးအကဲဖြစ်သူက မွေးစား၏။ သူဌေးကြီး သိပြန်လေရာ ဝယ်ယူပြန်လေသည်။

မီးဖုတ်၍ သတ်ခြင်း[ပြင်ဆင်ရန်]

ဃောသကသည် အရွယ်အတော်အတန် ကြီးရင့်ခဲ့ပြီ ဖြစ်၏။ တစ်နေ့သော် သူဌေးကြီးသည် အိုးထိန်းသည် တစ်ယောက်ကို မိမိ၏ ဆိုးသွမ်းသော သားတစ်ယောက်ကို အိုးထဲတွင်ထည့်ဖုတ်ကာ သတ်ပေးရန် ပြော၏။ အိုးထိန်းသည်လည်း မနက်ဖြန် လွှတ်လိုက်ရန် ပြော၏။ ဃောသကသည် အိုးထိန်သည်ဆီသို့ သွား၏။ လမ်းတွင် သူဌေးကြီး၏ သားဖြစ်သူသည် ကစားနေ၏။ ဃောသကကို တွေ့လေသော် မိမိခုံညင်းရှုံးနေသဖြင့် မိမိအစား ကစားပေးရန် ပြော၏။ သားရင်းဖြစ်သူက မိမိသည် အစ်ကို၏အစား အိုးထိန်းထံသို့ သွားပေးမည်ဟု ပြော၏။ ညနေစောင်းသော် ဃောသကသည် သူဌေးကြီးထံ ပြန်လာ၏။ သူဌေးကြီးသည် ဃောသကအား အိုးထိန်းထံသို့ မသွားဘူးလားဟု မေး၏။ ဃောသကသည် ညီဖြစ်သူ အစားသွားသည့်အကြောင်း အကုန်အစင် ပြောပြ၏။ သူဌေးကြီး အလျှင်အမြန်လိုက်သွားသော်လည်း မရရတော့ပြီဖြစ်၏။ အချိန်နှောင်းသွားပြီ ဖြစ်၏။[၁]

ဃောသကအား သတ်ရန်ကြံခြင်း[ပြင်ဆင်ရန်]

သူဌေးကြီးသည် ဦးရီးဖြစ်သူထံ ဃောသကကို စာဖြင့် လွှတ်လိုက်၏။ ထိုစာသည် ဦးရီးအား ဃောသကကို အသတ်ခိုင်းသည့်စာ ဖြစ်၏။ စာမတတ်သော ဃောသကသည် ဖခင်၏ စကားကို နားထောင်၏။ လမ်းခရီးအသိအိမ်တွင် နံနက်စာစားပြီးမှ ဆက်သွားရန် ပြော၏။ ဃောသကလည်း သူဌေးကြီး၏ အသိအိမ်သို့ ဝင်၏။ စားပြီးသော် ဆက်မသွားသေးဘဲ တစ်ရေးအိပ်၏။ ခါးတွင် ညှပ်ထားသော စာကို သူဌေးကြီးမိတ်ဆွေ၏ သမီးမြင်လေ၏။ သူမသည် ရှေးဘဝအခါက ကောတူဟလိက၏ ဇနီးဖြစ်၏။ ဃောသကအား မြင်မြင်ချင်း ချစ်ခင်နှစ်သက်၏။ သူမသည် စာကိုယူဖတ်ရာ အဖြစ်မှန်ကို သိလေ၏။ ထိုအခါ “ဤသူသည် မိမိ၏ သားကြီးဖြစ်သည်။ သူ့ကို ဤရွာဤအမည်ရှိသော မိတ်ဆွေ၏ သမီးနှင့် ပေးစားလိုက်ပါ။ ထို့နောက် ရွာလယ်တွင် ဘုံခုနစ်ဆင့်ရှိသော အိမ်ကို ဆောက်ပေးလိုက်ပါ။ လိုအပ်သည့် အကူအညီများ ပေးလိုက်ပါ”ဟု စာကို ပြင်ရေး၏။ ဤတစ်ကြိမ်တွင်လည်း ဃောသကသည် သေဘေးမှ လွတ်မြောက်ခဲ့ပေသည်။[၁]

ကောသမ္ဗီသူဌေးကြီး ဃောသက[ပြင်ဆင်ရန်]

သူဌေးကြီးသည် မိမိ၏ အကြံအစည်များ မအောင်မြင်သဖြင့် စိတ်နှလုံး ထိခိုက်၏။ သွေးသွန်ရောဂါဖြင့် အိပ်ရာထဲ လဲလေ၏။ ဃောသက၏ ဇနီးပါးနပ်လိမ္မာမှုဖြင့် သူဌေးကြီးကွယ်လွန်သော် ဃောသကကို ဥတေနမင်းကြီးက ကောသမ္ဗီသူဌေးကြီးအဖြစ် မြှောက်စား၏။ ဃောသကသည် မြတ်စွာဘုရားရှင်အား ဃောသိတာရုံကျောင်းကို လှူဒါန်းသည့် ဒါယိယာ ဖြစ်သည်။ ထို့ပြင် သောတာပန် အရိယာလည်း ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁၊ ဖေဖော်ဝါရီလ ၂၀၀၁)။ ကုသိုလ်နှင့် အကုသိုလ်။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၁၈၃၊ ၁၈၄၊ ၁၈၅၊ ၁၈၆၊ ၁၈၇၊ ၁၈၈၊ ၁၈၉၊ ၁၉၀၊ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉၊ ၂၀၀၊ ၂၀၁၊ ၂၀၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)