ဂျွန် ဟမ္ပဒန်

ဝီကီပီးဒီးယား မှ

ဂျွန် ဟမ္ပဒန် (အင်္ဂလိပ်: John Hampden; ခရစ် ၁၅၉၅-၁၆၃၄) သည် အင်္ဂလိပ်လူမျိုး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ တိုင်းပြည်ပြု လုပ်ငန်း ၌လည်းကောင်း၊ စစ်ဆင်မှုရေးရာ၌ လည်းကောင်း အရည်အခြင်းနှင့် ပြည့်စုံလှသောကြောင့် သက်ဆိုးသာရှည်ခဲ့ပါမူ အင်္ဂလန်ပြည်၏ ဝါရှင်တန်တစ်ဦး ဖြစ်ကောင်းဖြစ်လာမည်ဟု ပြောဆို ချီးကျူးခြင်းခံရသူကား ဂျွန်ဟမ္ပဒန် ဖြစ်လေသည်။

ဟမ္ပဒန်ကား ကြွယ်ဝချမ်းသာသော မြေပိုင်ရှင်တစ်ဦး၏ သားဖြစ်၍ အော်လစ်ဗား ကရွမ်းဝဲနှင့် သားချင်း တော်စပ်သူ လည်း ဖြစ်၏။ သူသည် ၁၅၉၄ ခုနှစ်တွင် လန်ဒန်မြို့၌ မွေးဖွားခဲ့ဟန်တူသည်။ သူသည် အောက်စဖို့ရှိုင်ယာနယ်ရှိ သဒ္ဒါကျောင်းတွင် ပညာသင်ကြားပြီးနောက် အောက်စဖို့ တက္ကသိုလ် မော့ဂဒါလင်း ကောလိပ်တွင် ဆက်လက် သင်ကြားခဲ့လေသည်။ ၁၆၂၁ ခုနှစ်၊ ၁၆၂၅ ခုနှစ်နှင့် ၁၆၂၆ ခုနှစ်များတွင် ဆင့်ခေါ်သည့် ပါလီမန်များသို့ အမတ်အဖြစ် တက်ရောက်ခဲ့၏။ ၁၆၂၇ ခုနှစ်တွင်ကား ပထမချားဘုရင်၏ ဥပဒေနှင့်လည်းမညီ အကြောင်းလည်း မလျော်ပဲ ငွေချေးသည် ကို ငြင်းဆန်လိုက်သဖြင့် ထောင်ချခြင်း ခံရသောကြောင့် လူသိများလာလေသည်။ ၁၆၃၅ ခုနှစ်တွင် ချားဘုရင်သည် သင်္ဘောအခွန်တော်ကို ကုန်းတွင်း ပိုင်းကျသော ဒေသများတွင် ကောက်ခံခဲ့ရာ၌ ပါလီမန် သဘောတူညီချက်လည်းမရ အကြောင်းလည်း မလျော်သဖြင့် အပြင်းအထန် ကန့်ကွက် ခဲ့လေသည်။ ထိုကြောင့် သူ့ကိုရုံးတင် တရားစွဲဆိုခဲ့သည်တွင် သူကိုယ်တိုင် ခုခံ လျှောက်လဲခဲ့သော်လည်း တရားသူကြီး ၁၂ ဦးအနက် ခုနစ်ဦးက သူ့ကို အရှုံးပေးလိုက်လေသည်။ သို့သော် ထိုဆုံးဖြတ်ချက်ကို ပါလီမန်က ပယ်ဖျက်ခဲ့၏။

မည်သို့ဖြစ်စေ အာဏာရှင်ဆန်လွန်းသော ဘုရင်ကို မူအား ဖြင့် ရဲရဲဝံ့ဝံ့ ကန့်ကွက်ပြောဆိုခဲ့သောကြောင့် လူထုက ကြည်ညို လေးစားခြင်း ခံလာရသည့်ပြင် ပါလီမန်ဂိုဏ်းတွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာလေသည်။

သူသည် သက်တမ်းတိုပါလီမန်သို့လည်းကောင်း၊ သက်တမ်း ရှည် ပါလီမန်သို့လည်းကောင်း တက်ရောက်ခဲ့လေသည်။ သက် တမ်းရှည် ပါလီမန်သို့ တက်ရောက်ခဲ့စဉ်က ရဲရင့်လှသော ပျူရီ တန်တို့၏ ခေါင်းဆောင်ပင်း၏ ညာလက်ရုံးအဖြစ် ထင်ရှားလေ သည်။ ၁၆၄၂ ခုနှစ် ဇန်နဝါရီလအတွင်း ချားဘုရင် ဖမ်းဆီး ရန် ကြံစည်ခဲ့သော အမတ်ငါးဦးတွင် ဟမ္ပဒန်လည်း တစ်ဦး အပါအဝင် ဖြစ်၏။

ပြည်တွင်းစစ်ပွဲဖြစ်ပွားသောအခါ ဟမ္ပဒန်သည် ကရွမ်းဝဲနှင့် အတူ ပါလီမန်စစ်တပ်တွင် ဝင်ရောက်အမှုထမ်းခဲ့၍ ရက်ရက် ရောရော အကူအညီပေးခဲ့လေသည်။ ထို့ပြင် သူကိုယ်တိုင် အကုန်အကျခံပြီးလျှင် ခြေလျင်တပ် တစ်တပ် ဖွဲ့စည်းကာ ဘုရင့်ဂိုဏ်းသားများအား ခုခံတိုက်ခိုက်ခဲ့လေသည်။ တိုက်ပွဲ များတွင်လည်း ရဲစွမ်းသတ္တိနှင့် ပြည့်စုံစွာ ရွပ်ရွပ်ချွံချွံ တိုက် ခိုက်ခဲ့၍ စစ်တပ်များကို ကွပ်ကဲစီမံရာ၌ ထူးခြားလှသော အရည်အခြင်းနှင့် ပြည့်စုံသူဖြစ်ကြောင်းလည်း တွေ့ရှိရလေ သည်။ ယင်းသို့ ထူးခြားသော အရည်အခြင်းများနှင့် ပြည့်စုံသူ ဂျွန် ဟမ္ပဒန်မှာ ၁၆၄၃ ခု ဇွန်လ ၁၈ ရက်နေ့တွင် ရှားလရို့ ကွင်းပြင်တိုက်ပွဲ၌ ရရှိသော ဒဏ်ရာဖြင့် ဇွန်လ ၂၄ ရက်နေ့ တွင် ကွယ်လွန်သွားရှာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)