ဂျွန်နသန်ဆွစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂျိုနသန်ဆွစ်၏ ပုံတူပန်းချီကား

အင်္ဂလိပ်စာရေးဆရာ ဂျွန်နသန်ဆွစ် (Jonathan Swift) သည် သူရေးသော 'ဂါလစ်ဗာ၏ ခရီးစဉ်'ဟူသော စာအုပ်ကြောင့်၊ များစွာကျော်စောလေသည်။ အထူးသဖြင့် ဂါလစ်ဗာ၏ စွန့်စားခန်းတို့မှာကလေးတို့ အဖို့ အံ့ဖွယ်ရာထူးဆန်းသဖြင့်၊ ကလေးငယ်တို့သည် ယင်းစာအုပ်ကို ရှေးဟောင်းဒဏ္ဍာရီအလား ကြိုက်နှစ်သက်ကြသည်။ သို့သော် ယင်းစာအုပ်ကို ဆွစ်ရေးစဉ်က ကလေးတို့ ပျော်ရွှင် ကြစေရန် ရည်စူး၍ ရေးခြင်းမဟုတ်ဘဲ၊ သူ၏ခေတ်တွင် ဖြစ်ပွားနေသော နိုင်ငံရေးအခြင်းအရာတို့ကို ဆင်ခြင်သုံးသပ်၍၊ လူတို့ မဖွယ်မရာပြုကျင့်နေသော အပြုအမူများ၏ အပြစ်အနာ အဆာတို့ကို ဖော်ပြကာ၊ စောင်းချိတ်ရေးသားခြင်း သာဖြစ်လေသည်။

ဆွစ်သည် အင်္ဂလိပ်လူမျိုး မိဖနှစ်ပါးမှ ဒဗ္ဗလင်မြို့တွင် ခရစ် ၁၆၆၇ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် မွေးဖွားသည်။ ပညာသင်ချိန်အရွယ်၌ ဒဗ္ဗလင်မြို့ ထရင်နီတီကောလိပ်ကျောင်းတွင် ပညာသင်ယူသည်။ အသက် ၂ဝ အရွယ်တွင် ဆာ ဝီလျံတင်ပယ် အမည်ရှိသော နိုင်ငံရေးသုခမိန်တစ်ဦး၏ လက်အောက်တွင် အတွင်းရေးမှူး အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ဘူး သည်။ ဆာ ဝီလျံ ပိုင်ဆိုင်သော လယ်မြေကိုင်းကျွန်းတို့တွင် ဆယ်နှစ်ခန့်မျှ နေထိုင်ယင်း အားလပ်သောအချိန်တို့တွင် စာများကို ရေးသားခဲ့သည်။ ဤအချက်သည် နောင်သောအခါ ဆွစ်အား စာပေလောက၌ ထင်ရှားကျော်စောစေရန် အထောက်အပံ့ ဖြစ်စေလေသည်။ ဆာ ဝီလျံသည် ဆွစ်၏အကျိုးကို လိုလားသူဖြစ်သောကြောင့် အောက်စဖို့တက္ကသိုလ်တွင် ဆက်လက်ပညာရှာစေ သဖြင့်၊ ဆွစ်သည် ၁၆၉၂ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၁၆၉၅ ခုနှစ်တွင် ဆာဝီလျံ ကွယ်လွန်သောအခါ၊ ဆွစ်သည် အင်္ဂလန် သာသနာဂိုဏ်းဝင် သိက္ခာတင် ဘုန်းတော်ကြီးဖြစ်သည်။ ထိုနောက် အိုင်ယာလန်ရှိ ဘုရားရှိခိုးကျောင်းတွင် သာသနာရေးကိစ္စကို ဆောင်ရွက်ရသည်။ ဤသို့ ဆောက်ရွက် နေခိုက်ဝယ်၊ ပိုက်ဆံကြေးငွေ အတန်ငယ်ချောင်လည်လာသည် နှင့် ဆွစ်သည် လန်ဒန်မြို့သို့ မကြာခဏ သွားရောက်ခဲ့သည်။ ခရစ် ၁၇ဝဝ ပြည့်နှစ်၌ကား လန်ဒန်မြို့သို့ ရွှေ့ပြောင်းနေထိုင် လေသည်။

လန်ဒန်မြို့၌ နေထိုင်စဉ်၊ ထိုခေတ်ကစာပေအရာ၌ နာမည်ကျော်များဖြစ်သော အက်ဒီဆန်နှင့် စတီးတို့နှင့် ရင်းနှီးသော မိတ်ဆွေသော မိတ်ဆွေဖြစ်ခဲ့သည်။

ဆွစ်ကိုယ်တိုင်မှာမူကား၊ အင်္ဂလန်နိုင်ငံ၏ နိုင်ငံရေးသမားများ ရပ်ကွက်တွင်နာမည်ထင်ပေါ်လာခဲ့သည်။ ဆွစ်သည် နိုင်ငံရေးတွင်တိုရီအဖွဲ့နှင့် ပူးပေါင်းကာ၊တိုရီအဖွဲ့၏ ဝါဒနှင့်လုပ်ငန်းစဉ်တို့ကို ထောက်ခံသောအား ဖြင့် စာတမ်းများစွာတို့ကို ရေးသားခဲ့ရာ၊ ဆန့်ကျင်ဖက်ဖြစ်သော ဝစ်အဖွဲ့သည် သူ့အားများစွာခန့်ညား ကြောက်ရွံ့ကြရသည်။

တိုရီအဖွဲ့ကလည်း သူ့အား လက်လွှတ်ရမည်ကို များ စွာစိုးရိမ်လေသည်။ ထိုကြောင့် နိုင်ငံရေးအဖွဲ့ကြီး နှစ်ရပ်စလုံးကပင် သူ့ကို ဝိုင်းဝန်းမြောက်စားထားလေရာ၊ သူသည် များစွာမာနတက်ခဲ့လေသည်။ နိုင်ငံရေး အဆက်အသွယ်များကို အကြောင်းပြု၍၊ ဆွစ်သည် ဒဗ္ဗလင်မြို့ စိန်ပက်ထရစ် ကသီဒရယ်ဘုရားရှိခိုးကျောင်းတွင် ဂိုဏ်းထောက်ဘုန်းကြီး ဖြစ်လာ လေသည်။

လန်ဒန်မြို့ နိုင်ငံရေးလောကထဲ၌ ကျင်လည်ကျက်စားခဲ့ရာ တွင် ဆွစ်သည် နိုင်ငံရေးဆောင်ရွက်သူတို့၏ အဂတိလေးပါးလိုက်စား၍၊ ပျက်စီးယိုယွင်းမှုများ၊ လောက၏ မတရားမှုနှင့် အဆင်မပြေမှုများကို မျက်ဝါး ထင်ထင်ကြုံတွေ့ခဲ့လေရာ၊ ထို ချွတ်ချော် လွဲမှားနေသောကိစ္စတို့ကို အမှန်သို့ရောက်အောင် ပြုပြင်ပေးရန် စေတနာသည် ဆွစ်၏စာပေ အရေးအသားတို့၌ အရင်းခံ စေတနာဖြစ်လာလေသည်။ ဤကဲ့သို့ လောက၏ အဆင်မပြေမှုတို့ကို ကိုယ်တွေ့ကြုံရ၍၊ ဆွစ်၏စိတ်ဓာတ်သည် အမှောင်တွင်းသို့ ရောက်နေရသည့်ပုံပမာ ဖြစ်ခဲ့သော်လည်း၊ အက်စတာ ဂျွန်ဆန်ဟု အမည်ရင်းရှိသူ စတယ်လာခေါ် မိန်းမတစ်ဦးနှင့် ခင်မင်ရင်းနှီးသည့်အဖြစ်သို့ ရောက်သောအခါ၌မူ၊ အမှောင်မှ အလင်းသို့ထွက်လာရသကဲ့သို့ရှိလေသည်။ စတယ်လာကို ဆွစ်သိရှိသည်ခဲ့သည်မှာ ဆာ ဝီလျံတင်ပယ်၏အိမ်၌ နေစဉ်ကပင်ဖြ်၏။ ထိုအချိန်၌ စတယ်လာသည် ရှစ်နှစ်သမီးမျှသာရှိ၍၊ သူ့အားဆွစ်ကိုယ်တိုင်ကပင် စာသင်ပေးခဲ့ရသည်။ ကြီးပြင်းလာကြသောအခါ၊ ဆွစ်သည် စတယ်လာအပေါ်၌ များစွာစွဲလမ်းခဲ့သည်။ ဆွစ်သည် စတယ်လာထံသို့ မှာတမ်း စာများစွာ ရေးသားပေးပို့ခဲ့သည်။ ယင်းမှာတမ်းများကို ၁၉၄၈ ခုနှစ်ကမှသာ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆွစ်နှင့် စတယ်လာတို့ လက်ထပ်သည် လက်မထပ်သည်ကို သေချာစွာ မသိကြရလေ။ သို့သော် အများအားဖြင့် ၁၇၁၅ ခုနှစ်တွင် လက်ထပ်ကြသည် ဟု ယူဆကြသည်။

ဆွစ်၏ အိမ်ထောင်ရေးသည် လုံးဝချမ်းသာသုခရှိသော အိမ်ထောင်ရေးဟု ဆိုရန်ခက်သည်။ ဆွစ်သည် မိတ်ဆွေတစ်ဦး အနေနှင့် အလွန်ပေါင်းသင်း၍ ကောင်းသူဖြစ်လင့်ကစား၊ ချစ်သူတစ်ဦးအနေနှင့်မူ မိမိချစ်သူကို ပျော်ရွှင်စွာထားတတ်ဟန် မတူချေ။ စတယ်လာနှင့် အိမ်ထောင်မပြုမီ၊ အခြားမိန်းမတစ်ဦးနှင့်လည်း ရင်းနှီးခဲ့ဘူးသည်။ ထိုမိန်းမသည် ဆွစ်ကြောင့်ပင် စိတ်သောကရောက်ကာ ၁၇၂၃ ခုနှစ်တွင် ကွယ်လွန်ရသည်ဟု ဆိုသည်။ သို့သော် ဆွစ်၏ အိမ်ထောင်သည်ဘဝမှာ များသောအားဖြင့် တိမ်မြုပ်လျက်ရှိလေရာ၊ အမှန်ကို ခန့်မှန်းရန် ခဲယဉ်းလှသည်။

သို့ရာတွင် အဆင်မပြေသော လောကတွင် အဆင်မပြေသော အိမ်ထောင်ရေးကိစ္စသည် ဆွစ်၏ စိတ္တဇ အခြေအနေကို မီးလောင်လေပင့်ပြုလုပ်လိုက်လေရာ၊ နောက်ဆုံး၌ ရူးသွပ်သွားရရှာသည်။ ဆွစ်သည် ၁၇၄၅ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့တွင် ကွယ်လွန်ရာ၊ သူ၏ရုပ်ကလာပ်ကို ဒဗ္ဗလင်မြို့ စိန်ပက်ထရစ် ကသီ ဒရယ်ဘုရားရှိခိုးကျောင်း၌ စတယ်လာ၏ ဂူအနီးတွင်ပင် မြှုပ်နှံသင်္ဂြီုဟ်လိုက်ကြသည်။

ဆွစ်သည် အင်္ဂလိပ်စာပေလောက၌ လောကကြီး၏ အချိုးမကျ အဆင်မပြေပုံကို သရော်သော စာပေအရေးအသားတွင် ထိပ်တန်းဟု အသိအမှတ်ပြုခြင်းခံရသည်။ ဆွစ်၏ 'ထေ့'တတ်သောသဘောမှာ သေသည်အထိပါခဲ့သည်။ စိတ္တဇရောဂါ ဖိစီး နှိပ်စက်လေသောအခါ၊ ဆွစ်သည် သူပိုင်ပစ္စည်းဘဏ္ဍာအရပ်ရပ်ကို ဒဗ္ဗလင်မြို့၌ စိတ္တဇဆေးရုံ တည်ဆောက်ရန်အလို့ငှာ သေတမ်းစာ ရေးပေးခဲ့သည်။ ဤအကြောင်းအရာကို ရည်စူး၍၊ အင်္ဂလိပ်လူမျိုးတို့အတွက် စိတ္တဇဆေးရုံ ခပ်များများလိုလျက်ရှိကြောင်းဖြင့် ဆွစ်သည် ကဗျာတစ်ပုဒ်တွင် ငေါ့၍ရေးခဲ့သေးသည်။ ဆွစ်သည် ကမ္ဘာလောကကြီးကို အလွန်စိတ်နာခဲ့သူဖြစ် ၏။ ထိုကြောင့် လူ့ဘောင်တွင် တွေ့ရတတ်သော စိတ်သဘောထား သေးသိမ်ခြင်း၊ တရားမျှတမှု ကင်းမဲ့ခြင်း၊ သစ္စာစောင့်ထိန်းမှုမရှိခြင်း၊ ဟန်ဆောင်ခြင်း စသည်တို့ကို အလွန်တရာ မုန်းတီးရွံရှာသည်။ ဤအချက်တို့ကို ပြင်းပြင်းထန်ထန် ရေရွတ်ရှုတ်ချသောအားဖြင့် 'ဂါလစ်ဗာ၏ခရီးစဉ်'ဟူသော စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်၌ ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လောကကို အတိုင်းမသိ အနန္တဟုထင်မြင်နေကြသည်ကို ပြောင်းပြန်ဆင်ခြင် သုံးသပ်ကြည့်သည်ရှိသော်၊ ဘာမျှအနှစ်သာရမရှိချေဟူသော အကြောင်းကို၎င်း၊ လူတို့၏ သေးသိမ်မှုတို့ကို တိရစ္ဆာန်တို့၏ သဘောထားမြင့်မြတ်မှုတို့နှင့်ယှဉ် ကြည့်အပ်သည်ဟူသော အချက်ကို၎င်း၊ ဆွစ်သည် ဖော်ပြခဲ့လေ သည်။ တစ်နည်းအားဖြင့်လည်း လူဟူသည် သိမ်ဖျင်းကြစို့ဟုဆိုလျှင် အောက်အဝီစိရောက်အောင် သိမ်ဖျင်းလျှောကျနိုင်စွမ်း ရှိ၍၊ မြင့်မြတ်ကြစို့ဟု ဆိုလျှင်လည်း အထက်ဘဝဂ်သို့ရောက်အောင် တက်လှမ်းနိုင်စွမ်းရှိပုံကို ဆွစ်သည် စာပေအနုပညာဖြင့် ပြဆိုခဲ့ပေသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)