ဂျွန်ကိ

ဝီကီပီးဒီးယား မှ
ဝီလီယံ ဟေတန် ရေးဆွဲသော ဂျွန်ကိ၏ ပုံတူ။ နိုင်ငံတော် ပုံတူပြခန်း လန်ဒန်မြို့

အင်္ဂလိပ်စာပေသမိုင်းတွင် ထင်ရှားသော ကဗျာစာဆိုတဦးဖြစ်သည့် ဂျွန်ကိသည် ၁၇၉၅ ခုနှစ်တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။ သူ၏ ဖခင်မှာ အညတြ မြင်းထိန်းတစ်ဦးသာ ဖြစ်သောကြောင့် သားဖြစ်သူအား အထက်တန်း ပညာရပ်များကို သင်ကြားရန် တက္ကသိုလ်သို့ မစေလွှတ်နိုင်ခဲ့ရှာဘဲ သာမန်စာသင်ကျောင်းကလေးတွင်သာ ပညာသင်ကြားစေခဲ့ရသည်။

ဂျွန်မှာ ငယ်စဉ်ကပင် မဟုတ်မခံစိတ်ဓာတ်နှင့် မြင့်မြတ်သော သဘောထားရှိသူဖြစ်ရာ ကျောင်းသားတိုင်း ဆရာတိုင်းကပင် သူ့ကို ချစ်ခင်ကြလေသည်။ အထူးသဖြင့် သူနေသောကျောင်းမှ ဆရာကြီး၏သားနှင့် ချစ်ကျွမ်းတဝင် ခင်မင်ခဲ့ရာ ဤအချက်သည်ပင် ဂျွန်၏ နောင်ရေးကို ဖန်တီးခဲ့သော အကြောင်းတစ်ခု ဖြစ်လာလေသည်။

အင်္ဂလိပ်လူမျိုး ကဗျာဆရာတို့သည် အများအားဖြင့် ဆိတ်ငြိမ်သာယာသော တောရွာဒေသများတွင် အချိန် ကုန်လွန် စေတတ်ကြသော်လည်း ဂျွန်ကိမှာမူ သူ၏ ကလေးဘဝကို စည်ကားလှသော လန်ဒန်မြို့တော်ကြီးတွင်သာ ကုန်လွန်စေ ခဲ့ရလေသည်။ အလှအပကို သဘောကျတတ်ခြင်းကား ကိ၏ နဂိုဓာတ်ခံပင် ဖြစ်၏။ 'အလှ သည် သစ္စာ၊ သစ္စာသည် အလှ' ဤကား ကိ၏ ဝမ်းတွင်းပါ ယုံကြည်ချက်ဖြစ်သည်။ ကိအဖို့ လောကကြီးတွင် အရေးအကြီးဆုံးသော အရာတစ်ခုတည်း သာရှိ၏။ ထိုအရာသည် အခြားမဟုတ် အလှပင်ဖြစ်၏။ ကိသည် သူနှင့် တစ်ခုတည်းပေါ်ပေါက်လာသော ရှဲလီ၊ ဝမ်ဇဝပ် စသည့် ကဗျာစာဆိုကြီးများကဲ့သို့ ကမ္ဘာ ကြီးကို ပြောင်းလဲလို၊ တော်လှန်လိုသော ဆန္ဒရှိသည့် စာဆိုမျိုး မဟုတ်ချေ။ အလှအပတည်းဟူသော သာယာသည့် လောကဝယ် စိတ်ကူးယဉ်ကာ ပျော်မွေ့နေလိုသော စိတ်ကူးယဉ် အလှစာဆို (ဝါ) အနွဲ့စာဆိုတစ်ဦးသာလျှင် ဖြစ်ပေသည်။

၁၈၈၁ ခုနှစ်တွင် မိဘနှစ်ပါး ကွယ်လွန်လေရာ ကိသည် ကျောင်းမှထွက်ပြီးသော် ဆရာဝန်တစ်ဦးထံတွင် လက်ထောက် အဖြစ် လုပ်ကိုင်ရ၏။ သို့ရာတွင် ထိုလုပ်ငန်းတွင် စိတ်မဝင်စားဘဲ ကဗျာလင်္ကာများ စီကုံးရေး သားသည့်ဖက်သို့သာ စိတ်ယိုင်လျက်ရှိသည်။ ထိုကြောင့် ဆေးဝါးကုသသည့် လုပ်ငန်းကို စွန့်ပယ်ကာ သူဝါသနာစူးရှသော စာဆိုလောကသို့ ဝင်ရောက် ခဲ့သည်။ ကိသည် သူ၏ ပထမဆုံးကဗျာစာအုပ်ကို ၁၈၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ စာပေအကဲခတ်ပုဂ္ဂိုလ်တို့၏ ပြင်းထန်စွာ ဝေဖန် ရှုတ်ချခြင်းကို ခံရသည်။ သို့ရာတွင် စိတ်ပျက်ခြင်းမရှိဘဲ 'အင်ဒင်မီယွန်'အမည်ရှိ ကဗျာ ရှည်ကြီးတစ်ပုဒ်ကို နောက်ထပ် ရေးသားထုတ်ဝေပြန်သည်။ ထိုကဗျာမှလည်း စာပေဝေဖန်ရေးသမားများ၏ အပြစ်ပြောဆိုခြင်း ခံရပြန်၏။ ထိုကြောင့် ကိသည် သူ့ကဗျာများ၏ ချွတ်ယွင်းချက်များကို ကိုယ်တိုင် သိမြင်ရကား ထိုကဗျာတို့ကို ကောင်းသည်ထက်ကောင်းအောင် ထပ်မံပြုပြင်ရေးသားခဲ့၏။

ကိ၏ နောက်ပိုင်းကဗျာစုကား အင်္ဂလိပ်စာပေလောကတွင်မည်သည့်အခါမျှ တိမ်မြှုပ်သွားနိုင်တော့မည် မဟုတ်သော ကဗျာ အညွန့်အဖူးများ ဖြစ်လေသည်။ သို့ရာတွင် ကဗျာပါရဂူ ကိမှ စိတ်လက် ချမ်းချမ်းသာသာ နေရသည်ဟူ၍ မရှိရှာဘဲ နုနယ်ပျိုမျစ် အသက် ၂၆ အရွယ်တွင် အီတလီနိုင်ငံသို့ ဆေးကုသွားရင်း ချောင်းဆိုးသွေးပါရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)