ဂျော်ရွှေဝေါင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Joshua Wong Chi-fung
(黄之鋒)
Joshua Wong Causeway Bay 130604.jpg
မွေးဖွား ၁၃ အောက်တိုဘာ ၁၉၉၆
British Hong Kong
ဌာနေ  ဟောင်ကောင်
နိုင်ငံလူမျိုး Hong Kong Chinese
မိခင်ကျောင်း United Christian ကောလိပ်
ရှေ့လူ Office established
နိုင်ငံရေးပါတီ Scholarism
ဝက်ဘ်ဆိုဒ် wongchifung.wordpress.com

ဂျော်ရွှေဝေါင် (Joshua Wong) ကို စက်တင်ဘာ ၂၆ ရက်နေ့ညက ဟောင်ကောင် SAR အစိုးရအဆောက်အအုံတွင်းသို့ ဝင်ရောက်မှုဖြင့် ဖမ်းသွားသည်။ ထိုနေရာတွင် ကျောင်းသားများ ဆန္ဒပြရန် စုဝေးနေကြခြင်းဖြစ်သည်။ ရဲများက ဝေါင်နေထိုင်သည့် တက္ကသိုလ်အဆောင်တွင်းသို့ဝင်ကာ ရှာဖွေကြသည်။ ထို့နောက် ကွန်ပျူတာနှင့် ဖုန်းများကို သိမ်းသွားသည်။ သူ့ကို စက်တင်ဘာ ၂၈ ရက်နေ့မှ ရဲများက ပြန်လွှတ်ပေးလိုက်သည်။

ဂျော်ရွှေဝေါင်သည် ဟောင်ကောင် နိုင်ငံရေးလှုပ်ရှားသူများကြားတွင် တောက်မည့်မီးခဲတစ်ရဲရဲ ကောင်လေး တစ်ယောက် ဖြစ်လာသည်။ သူ့ကို တရုတ်ပြည်မကြီးအစိုးရပိုင် မီဒီယာများက “အစွန်းရောက်သမားလေး” ဟု ခေါ်ဝေါ်သမုတ်ကြသည်။ ပြောသာပြောရသည်၊ ထိုကောင်လေးမှာ ကားလိုင်စင်ပင်မရသေး။

တရုတ်ပြည်မကြီးက ကြောက်ရွံ့စိုးရိမ်လာရသည့် ဝေါင်ဆိုသော ကောင်လေးမှာ အသက်က ၁၇ နှစ်၊ အရိုး ဂေါက်ဂက် ပိန်သေးသေး။ အများအခေါ် မှန်ကြောင်ဟုဆိုရမည့် မျက်မှန်ထူထူတပ်ထားသည့် အူကြောင်ကြောင် ရုပ်သွင်ကို နိုင်ငံရေး လုပ်မည့် သူတစ်ယောက်ဟု လုံးဝထင်စရာ အကြောင်းမရှိ။

လွန်ခဲ့သည့် နှနှစ်လောက်ကတည်းက ဟောင်ကောင်တွင် ဒီမိုကရေစီထောက်ခံသည့် ဆန္ဒပြပွဲများနှင့် အစပျိုးခဲ့ သည်ဟုဆိုရမည်။ လွန်ခဲ့သည့် ၂၅ နှစ်က တိန်အန်မင် ကျောင်းသားအရေးအခင်းတွင် သွေးမြေကျခဲ့ရသည့် အဖြစ်မှာ ဟောင်ကောင် ကျောင်းသားများထံလာပြီး အရိုးတွန်ခဲ့ခြင်းဖြစ်သည်။ တရုတ်ကျောင်းသားအရေးကို ဟောင်ကောင် ကျောင်းသားများကလည်း မိမိတို့အရေးဟု သတ်မှတ်ကာ နောက်နှစ်ပေါင်း ၂၅ နှစ်ကြာမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုအထဲတွင် ဝေါင်ဆိုသည့် ကောင်လေးတစ်ယောက်လည်း ပါသည်။ အမှန်တော့ တရုတ်အစိုးရသည် ဟောင်ကောင်ကို မဲပေးပိုင်ခွင့် ကန့်သတ်ပြီး ကိုယ့်စိတ်ကြိုက် ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့် မပေးခြင်းကပင် ကျောင်းသားများကို ဆန္ဒပြရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ဆုံးဖြတ်ချက် ချစေလိုက်သည်။

ဟောင်ကောင်သည် ယခင်က ဗြိတိန်၏ကိုလိုနီလက်အောက်ခံ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံလက်အောက်သို့ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။ တရုတ်နှင့် ဗြိတိန်တို့သည် ဟောင်ကောင်ကို အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပါမည်ဆိုသော ကတိကိုပေးခဲ့သည့်အပြင် မိမိတို့နိုင်ငံကို အုပ်ချုပ်မည့် ခေါင်းဆောင်ကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခွင့်ပြုမည်ဆိုသည့် သဘောတူညီချက်များလည်း ထားခဲ့ကြသည်။ သို့သော် နောက် ၁၇ နှစ်ကြာသည်အထိ ဟောင်ကောင်တွင် ဒီမိုကရေစီဆိုသည်မှာ အရိပ်အယောင်မျှသာဖြစ်ခဲ့သည်။ နောက်ဆုံး တရုတ် အစိုးရက ဟောင်ကောင်သားများကို နောက်ခေါင်းဆောင်အား ကိုယ်ပိုင်ရွေးချယ်ခွင့်ပြုမည်ဟု လေသံပစ်ထားသော်လည်း ဘေကျင်းကချပြသူကိုသာ ဟောင်ကောင်သား တို့က ရွေးချယ်ပေးရမလို ဖြစ်ခဲ့ရသည်။

ဝေါင်တစ်ယောက် နိုင်ငံရေးထဲဝင်လာရခြင်းသည် တရုတ်၏ ဟောင်ကောင်အပေါ် မရိုးသားသည့် လုပ်ဆောင် ချက်များအပေါ် အခြေခံသည်ဟု ဆိုရမည်ဖြစ်သည်။

'ကျွန်တော်တို့ တိုက်ပွဲက သိပ်ပြီးကြာလိမ့်မယ်မထင်ဘူး။ တကယ်လို့ ဒီမိုကရေစီဆိုတာကို အကြာကြီး အချိန်ဆွဲပြီး တိုက်နေ ရရင်လည်း၊ တိုက်ရတာအဖတ်တင်ပြီး အောင်မြင်ဖို့နှေးလိမ့်မယ်။ တိုက်ပွဲတိုင်းမှာ နောက်ဆုံးအဆင့် ပွဲသိမ်းတိုက်ပွဲဆိုတာ ရှိတတ်တယ်။ အဲဒီအချိန်ဟာ ဘယ်လိုတိုက်ရမလဲဆိုတာ နောက်ဆုံး အဆုံးအဖြတ်ပေးရတဲ့ကာလပဲဖြစ်တယ်” အရွယ်နှင့် မလိုက်အောင် ရင့်ကျက်စွာပြောလိုက်သည့် ဝေါင်၏စကားကို CNN က ပုဂ္ဂိုလ်များပင် ငိုင်သွားရသည်။

နိုးကြားလာသော လူငယ်များ[ပြင်ဆင်ရန်]

ဝေါင်ကို ဗလမရှိသော်လည်း ဇရှိသည့်ကောင်လေးဟု ပြောရမည်။ ၂၀၁၁ ခုနှစ် ဝေါင် ၁၅ နှစ်အရွယ်လောက်တွင် ဟောင်ကောင်ရှိ အစိုးရကျောင်းများ၌ ကွန်မြူနစ်စနစ်ကိုထောက်ခံသည့် “အမျိုးသား ကိုယ်ကျင့်တရားဆိုင်ရာ ပညာရေး” ကို သင်ကြားရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ထိုအချိန်ကတည်းက ဝေါင်သည် သူငယ်ချင်းအချို့နှင့်အတူ “Scholarism” ဆိုသည့် အုပ်စုအမည်ဖြင့် ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ်ကတည်းက တရုတ်ပြည်မကြီး၏ လွှမ်းမိုးမှုအပေါ် သူတို့ မကျေမနပ်ဖြစ်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် Scholarism အဖွဲ့၌ ပူးပေါင်းလာသူ ၁၂၀,၀၀၀ ဦးခန့်အထိရှိလာသည်။ ထိုအချိန်ကတည်းက သူတို့သည် ဟောင်ကောင်ရှိ အစိုးရရုံးချုပ်နေရာကို သိမ်းပိုက်ပြီးဆန္ဒပြကြရာ ၁၃ ဦးသည် အစာအငတ်ခံ တိုက်ပွဲဝင်ပြီးနောက် အာဏာပိုင်များက သင်ရိုးညွှန်းတမ်းကို ဆက်လက်မပြဋ္ဌာန်းရန် ဆုံးဖြတ်ပြီး လက်လျှော့ပေးလိုက်ကြသည်။

ထိုအချိန်ကတည်းက ဝေါင်သည် ဟောင်ကောင်ကျောင်းသားလူငယ်တို့၏ စွမ်းအားအကြောင်းကို ကောင်းစွာ လေ့လာသိရှိ ထားပြီးဖြစ်သည်။

“နောက်ငါးနှစ်လောက်အကြာမှာ ဟောင်ကောင်ကျောင်းသားတွေဟာ နိုင်ငံရေးကို မယုံကြည်နိုင်လောက်အောင် စိတ်ဝင်စားလာကြတာတွေ့ရတယ်။ အမျိုးသားပညာရေးပွဲမှာ အစိုးရနဲ့ တစ်ပွဲတစ်လမ်းနွှဲပြီးကတည်းက ကျောင်းသားတွေ ပိုပြီးနိုးကြားတက်ကြွလာကြတယ်။ ကျွန်တော်တို့ နိုင်ငံရေးကို သေသေချာချာ လေ့လာခဲ့ကြပါတယ်” ဟု ဝေါင်ကဆိုသည်။

CNN က ဝေါင်ကို ဟောင်ကောင်အပေါ် တရုတ်အစိုးရ၏ စိုးမိုးခြိမ်းခြောက်မှုအကြောင်း မေးကြည့်သောအခါ ဝေါင်က သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိကြောင်းပြောသည်။ ထို့ပြင် ဟောင်ကောင်ရှိ ဘေကျင်းကို ထောက်ခံ နေသူများသည် အမျိုးသားကောင်းစားရေးထက် ငါ့ဆွေငါ့အမျိုးကောင်းစားရေးကိုသာ လက်ကိုင်ထားနေကြသူ များဖြစ်ကြောင်း ထောက်ပြ သည်။ ထိုသို့ ဘေကျင်းကို ထောက်ခံနေသူများသာ နေရာရတတ်ကြောင်းလည်း သူက ဆိုသည်။ အသက် ၁၇ နှစ် သာရှိသေးသည် ဝေါင်က “ ဗဟိုဦးစီးချုပ်ကိုင်မှု ဘယ်လောက်ရှိတယ်ပြောပြောပါ ကျွန်တော်တို့ ဟောင်ကောင်ကိုလည်း အခြား ပြည်နယ်တွေပုံစံအတိုင်း လုပ်ပိုင်ခွင့်နဲ့ အာဏာတွေ ပေးတာပဲ လိုချင်ပါတယ်” ဟုဆိုသည်။

ဝေါင်က မဲပေးပိုင်ခွင့်ကို နိုင်ငံတကာစံအတိုင်း သတ်မှတ်ပေးစေလိုသည်။ သူ့ Scholarism အဖွဲ့သည် ယခုအခါ ကျောင်းသား ပေါင်း ၃၀၀ ခန့်ရှိနေပြီ။ ဟောင်ကောင်အတွင်း ဒီမိုကရေစီအသံကို ပြည်သူ့ထံ ရောက်နိုင်စေရန် လုံလောက်သည့် အရေအတွက်လည်းဖြစ်သည်။ လူငယ်တွေဖြစ်သော်လည်း သူတို့ စိတ်ဓာတ်နှင့်ရုပ်သွင်တွေက ခိုင်မာလှသည်။

ပြီးခဲ့သည့် ဇွန်လကတည်းက Scholarism အဖွဲ့သည် ဟောင်ကောင်ရွေးကောက်ပွဲကို ပြန်လည်ပြုပြင်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ဇူလိုင်လတွင် သူတို့အုပ်စုသည် ထိုင်သပိတ်မှောက်ပြီး တရုတ်ဒုသမ္မတကို မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းနေမှုအား ထိပါးနှောင့်ယှက်ခြင်းမပြုရန် သတိပေးခဲ့သည်။ နောက်ဆုံးတွင် ကျောင်းသားပေါင်း ၅၁၁ ဦးကို ခေတ္တထိန်းသိမ်းလိုက်ပြီး ပြန်လွှတ်ပေးလိုက်သည်။

စက်တင်ဘာလအတွင်းက ကျောင်းသားများ ဆန္ဒပြခြင်းကို နိုင်ငံအနှံ့အပြားတွင် ထောက်ခံမှုများ ရှိလာခဲ့သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲများကို သက်ညှာပေးခြင်း၊ အတန်းကျော်ပြီးတက်ရောက်ခွင့်ပြုခြင်းများအထိ ပြုလုပ် ပေးခဲ့သည်။ ဟောင်ကောင်ရှိ အင်အားတောင့်တင်းမှုအရှိဆုံး ဆရာများ သမဂ္ဂကလည်း ကျောင်းသားများအပေါ် စာနာထောက်ထားပြီး “ကျောင်းသားချည်းသက်သက် ငါတို့ဆက်လွှတ်မထားနိုင်” ဟုကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်မကြီး၏ တုံ့ပြန်မှုကား ထင်မှတ်မထားလောက်အောင်ပင်။ တရုတ်နိုင်ငံတော်ပိုင် မီဒီယာက Scholarism အုပ်စုကို “အစွန်းရောက်အုပ်စု” အဖြစ်ကြေညာလိုက်သည်။ ထို့ပြင် ဝေါင်ကိုလည်း စာရွက်ပြာဟု ခေါ်သည့် စာရင်းတွင် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသူတစ်ဦးအဖြစ်သတ်မှတ်ပြီး ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေး၏ အန္တရာယ်ကောင်ဟုပင် သတ်မှတ်ထားခဲ့ကြသည်။

ဟောင်ကောင်ကျောင်းသားများကား နောက်တွန့်မသွားပေ။ “ပြည်သူတွေက သူတို့အစိုးရကို မကြောက်တော့ဘူး။ အစိုးရက သူတို့ပြည်သူကို ကြောက်နေရပြီ” ဟုဝေါင်က ရုပ်ရှင်ကားတစ်ကားဖြစ်သည့် V for Vendetta ဇာတ်ကားထဲက စကားတစ်ခွန်းကို ကိုးကားပြောနေပုံမှာ အုပ်ချုပ်သူလူတန်းစားအတွက် သတိထားစရာဖြစ်တော့သည်။

ဂျော်ရွှေဝေါင်၏ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

တရုတ်အမျိုးသား ဟောင်ကောင်ကျောင်းသားအခွင့်ရေး လှုပ်ရှားသူတစ်ဦးဖြစ်သည်။ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မွေးဖွားသူဖြစ်သည်။ ဟောင်ကောင်ကျောင်းသားလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Scholarism ကို စတင်ဖွဲ့စည်း နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်သူ၊ စတင်ထူထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ သူသည် United Christian ကောလိပ် တွင်ပညာသင်ခဲ့ပြီး၊ ယခုအခါ Open University of Hong Kong တွင် ပညာဆက်လက် သင်ကြားနေသူဖြစ်သည်။

ငယ်စဉ်ကတည်းက နိုင်ငံရေးကိုစိတ်ဝင်စားသူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီး အမြန်မီးရထားလမ်းသပိတ်တွင် ပထမဆုံး ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ထိုစဉ်က သူ့အသက်မှာ ၁၄ နှစ်သားခန့်သာရှိသေး သည်။

၂၀၁၁ ခုနှစ် မေလတွင် ဂျော်ရွှေဝေါင်းနှင့် အတန်းဖော်သူငယ်ချင်း အိုင်ဗန် လန်းတို့သည် Scholarism ဆိုသည့် ကျောင်းသားလှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ခဲ့သည်။ သူ့ကို ၂၀၁၂ ခုနှစ်တွင်တရုတ်ပြည်မကြီးက ပြဋ္ဌာန်းသည့် ကိုယ်ကျင့်တရားဆိုင်ရာ ကွန်မြူနစ်ပညာရေးကို ဟောင်ကောင်ကျောင်းသားများအား သင်ပေးရမည်ဆိုသည့် သတ်မှတ်ချက် ကို ဆန့်ကျင်တိုက်ပွဲဝင်ရာမှ လူသိများလာခဲ့ရသည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် ဟောင်ကောင်ရဲများသည် ဒီမိုကရေစီထောက်ခံဆန္ဒပြသူ ၇၈ ဦးကို ဖမ်းဆီးသွား ခဲ့ရာတွင် ဝေါင်လည်းတစ်ဦးအပါအဝင် ဖြစ်သွားခဲ့ရသည်။ သူတို့ကို နှစ်ရက်ခန့်ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးခဲ့သည်။ ထိုအချိန်မှစပြီး ဝေါင်ကို ဟောင်ကောင်ကျောင်းသားထုကလည်းကောင်း၊ တရုတ်အာဏာပိုင်များကလည်းကောင်း သတိပြုလာမိကြသည်။

ကိုးကား[ပြင်ဆင်ရန်]