ဂျူးဂျစ်ဆူအတတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဂျူးဂျစ်ဆူ အတတ်(ဂျူဒို)[ပြင်ဆင်ရန်]

ဂျူးဂျစ်ဆူဆိုသည်မှာ ဂျပန်နပန်းသတ်နည်းတစ်မျိုးပင် ဖြစ်သည်။ ဂျူးဂျစ်ဆူပညာတတ်မြောက်သူသည် ကာယဗလအားဖြင့် ကြုံလှီသူဖြစ်သော်လည်း မိမိထက်အားအင်ကြီးမားသန်စွမ်းသူကို အလွယ်တကူ အောင်မြင်နိုင်သည်။ ဤအတတ်၏ မူရင်းသဘောမှာ လက်မောင်းအားအရှိန်နှင့် ချိန်သားကို စနစ်တကျ တွက်ဆအသုံးပြုခြင်းပင် ဖြစ်သည်။ လက်မောင်းအား အရှိန်ဖြင့် ရန်သူ၏ခြေလက်စသည်တို့ ကျိုးသွားစေ နိုင်သည့်ပြင် အကြောအလစ်လွဲခြင်း၊ သတိမေ့လျော့ခြင်းတို့ကို လည်း ဖြစ်စေနိုင်၏။

ဂျူးဂျစ်ဆူ အတတ်မှာ အာရုံကြောများကို အရိုးနှင့် ဖိကပ်ပေးခြင်းဖြင့် ကြီးစွာသော ဝေဒနာကို ဖြစ်ပေါ်စေပြီးလျှင် ထုံကျင်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။ သွေးလွှတ်ကြောများကို ဖိနှိပ် ထိုးကြိတ်ခြင်းအားလည်း ချက်ချင်းပင် မေ့မြောသွားစေနိုင်သည်။ ဂျူးဂျစ်ဆူ သိုင်းကွက်များကို မတ်တတ်ရပ်နေစဉ် အခါတွင်၎င်း၊ မြေကြီးပေါ်တွင် ဝမ်းလျားမှောက်သည့်အခါတွင်၎င်း အသုံးချနိုင်သည်။ သိုင်းဆရာသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်ဖြစ်စေ၊ အရေးကြီးသည့် သိုင်းကွက်တစ်ခုခု ရရန်အတွက်ဖြစ်စေ၊ နည်းပရိယာယ်ကို ဉာဏ်စေစား၍ သုံးလေ့ရှိသည်။ ရန်သူကို အနည်းငယ် လျှော့ပေးတန်က လျှော့ပေးခြင်းဖြင့် အောင်မြင်နိုင် ပေသည်။ တစ်ခါတစ်ရံသူသည် ရန်သူ ၏ မျက်နှာကို ဦးထုပ်ဖြင့် ပေါက်ခြင်း၊ လက်ကိုင်ပုဝါဖြင့် ပစ်ခြင်းစသည့် တမုဟုတ်ခြင်း အံ့အားသင့်စေတတ်သောနည်းကို သုံး၍ လိုရာသိုင်းကွက်ကို ဖမ်းယူကာ ရန်သူကို ဗုံးဗုံးလဲစေနိုင်ပေသည်။ ဂျူးဂျစ်ဆုပညာတွင် ပူးသတ်ခြင်းများသည် အလွန် ပြင်းထန်လှ၏။ အဘယ်ကြောင့်ဆိုသော် ရန်သူကို ပခုံးသို့မဟုတ် ကျောရိုးဖြင့် ဦးစောက်ကျအောင် ပြုလုပ်လိုသောကြောင့်ပင် ဖြစ် သည်။ ရန်သူတို့၏ တိုက်ခိုက်ခြင်းကို ခံရသောအခါ ဂျူးဂျစ်ဆူသမားသည် အနည်းငယ် နောက်ဆုတ်ပေးပြီးလျှင် ရှေ့သို့ ကျွံလာသော ရန်သူခြေမျက်စိ သို့မဟုတ် ဒူးကို ခြေဖဝါးဖြင့် ခတ်လိုက်၍ ရန်သူကို အရေးနိမ့် စေသည်။ လက်မောင်း အရှိန်ဖြင့် ရန်သူကို ပစ်ချရာဝယ် ပေါင်၊ တင်ပါး နှင့် ပခုံးအားကို အသုံးပြုသည်။ ရန်သူ၏ ကုတ်အင်္ကျီ ကော်လာ၊ အင်္ကျီလက် စသည်တို့ကို ဆွဲကိုင်၍ ဂျူးဂျစ်ဆူသမားသည် ချိန်သားပျက် အောင် ပစ်ချအနိုင်ယူစမြဲ ဖြစ်သည်။

ရန်သူသည် ပစ်ချခြင်းခံရသောအခါ အများအားဖြင့် အရိုးကျိုး၊ အဆစ်လွဲသွားသော်လည်း ဂျူးဂျစ်ဆူပညာ ကျွမ်းကျင်ထားလျှင် ယင်းသို့ အကျမနာအောင် ကျင့်သားရနိုင်ပေသည်။ အကျမနာအောင် လေ့ကျင့်ရာ ဝယ် ဦးခေါင်း သို့မဟုတ် အဆစ် တစ်ခုခုဖြင့် ကြမ်းပြင်ပေါ်သို့မကျရန် သတိပြုဖို့ပင် ဖြစ်သည်။ ထမ်းပိုး၍ ပစ်ချခြင်းခံသောအခါ ဂျူးဂျစ်ဆူသမားသည် လက်ကို လျင်မြန်စွာ ဆန့်တန်းပြီးသော် ကြမ်းပြင်ကို လက်ဖဝါးဖြင့် ရိုက်လိုက်ရသည်။ ယင်းသို့ ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ မကျမီ စက္ကန့်ပိုင်းအတွင်း ရိုက်ပတ်လိုက်ခြင်းဖြင့် ပစ်ချခြင်းခံရသော အရှိန်ကို ပျက်ပြားစေသည်။ ကြမ်းပြင်ကို မျက်နှာမူ၍ တည့်တည့်ကြီး ဆင်းလာလျှင် ကိုယ်၊ လက်၊ ခြေထောက်နှင့် ဦးခေါင်းကို တန်းနေစေပြီးလျှင် လည်ပင်းကြွက်သားများကိုလည်း တောင့်ထားလိုက်ရသည်။ ကြမ်းပြင်ပေါ် လက်ဖဝါးဖြင့် ကျစေ၍ ယင်းသို့ကျသည့်အခါတွင်လည်း လက်မောင်းများကို အတန်ငယ်ကွေးညွတ်ရပေသည်။ ဤကဲ့သို့ အကျမနာအောင် အလေ့အကျင့် ပြုလုပ်ထားခြင်းမှာ ဂျူးဂျစ်ဆူ အတတ်၌ သာမက ဘောလုံးကစားခြင်းစသော အခြားအတတ်များ တွင်လည်း အသုံးဝင်ပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)