မာတိကာသို့ ခုန်သွားရန်

ကာယဗလအားကစား

ဝီကီပီးဒီးယား မှ
ကာယဗလ
အာနိုး၊ ကာယဗလလောကတွင် အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦး၊ ၁၉၇၄
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်းနိုင်ငံတကာ ကာယဗလနှင့် ကြံ့ခိုင်ရေး အဖွဲ့ချုပ်
နာမည်ပြောင်များBB
ပထမဆုံးတီထွင်အင်္ဂလန်၊ ၁၉ ရာစုနှောင်းပိုင်း
ဝိသေသလက္ခဏာများ
ထိတွေ့မှုမရှိ
အသင်း အဖွဲ့ဝင်များမရှိ
ကျားမ ရောနှောမရှိ
ကဏ္ဍFitness sports
ကျင်းပကွင်းAuditorium
အိုလံပစ်မရှိ
မသန်မစွမ်းအိုလံပစ်မရှိ

ကာယဗလအားကစားသည် ကျန်းမာကြံ့ခိုင်လိုသူ လူအများကို အဆွဲဆောင်နိုင်ဆုံးသော ယနေ့ခေတ် ပြိုင်ပွဲဝင် အားကစားနည်း တစ်ခုဖြစ်သည်။ လူ့သမိုင်းကြောင်း အစကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သော်လည်း ယခုခေတ် တွင် အားကစားတစ်ခုအဖြစ် ရပ်တည်လာခဲ့ခြင်း ဖြစ်သည်။ ကိုယ်ကာယကြံ့ခိုင်မှုကို အထူးဂရုပြုပြီး သန်မာထွားကြိုင်းသူများကို နတ်ဘုရားများသဖွယ် စတင်ကိုးကွယ်ခဲ့ကြသည်မှာ ဂရိလူမျိုးများဖြစ်သည်။ ထိုလူမျိုးများ၏ ရာဇဝင်တွင် ဟာကျူလီသည် သူရဲကောင်း နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။

ကမ္ဘာပေါ်ရှိ လူမျိုးများ၏ ရာဇဝင်သမိုင်းများတွင် လူသန်ကြီးများကို နတ်ဘုရားများသဖွယ် ကိုးကွယ်ခဲ့ကြသည်ကို အထင်အရှား တွေ့နိုင်သည်။ ဥပမာအားဖြင့် မြန်မာ့ရာဇဝင်တွင် ပန်းပဲမောင်တင့်တယ် ကဲ့သို့ ဖြစ်သည်။ အထူးသဖြင့် သာမန်ယောက်ျားများအနေဖြင့် အလေးအပင်နှင့် ကျောက်တုံးများကို မကာ မိမိကိုယ်ကို သန်စွမ်းကြံ့ခိုင်အောင် ပြုလုပ်ကြသည်ကို ဂရိလူမျိုးများ၊ အီဂျစ်လူမျိုးများနှင့် ရောမလူမျိုးတို့၏ ရာဇဝင်ကို လေ့လာကြည့်ပါက သိနိုင်သည်။ ထိုလူမျိုးများသည် ကာယဗလနှင့် သန်စွမ်းမှုအားကစား၏ သမိုင်းအတွက် ကနဦးလမ်းပြများ ဖြစ်ကြသည်။

ကာယဗလသမိုင်း၏ အစ

[ပြင်ဆင်ရန်]

အာရှတိုက်တွင် ကိုယ်ကာယကြံ့ခိုင်မှုကို အထူးဂရုပြုမှု စတင်ခဲ့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ အထောက်အထားများအရ အိန္ဒိယနိုင်ငံတွင် ၁၁ ရာစုနှစ်ကတည်းက ကျောက်တုံးဒမ်ဘယ်များကို စတင်တီထွင်ခဲ့ကြသည်။ ၎င်းတို့က ထိုကျောက်တုံးဒမ်ဘယ်များကို "နာလ်း" (Nals) ဟု ခေါ်တွင်ခဲ့ကြသည်။ အိန္ဒိယလူမျိုးများသည် ထိုနာလ်းများဖြင့် မိမိတို့ကိုယ်ကို ကျန်းမာသန်စွမ်းပြီး ကြွက်သားထုထည် ကြီးထွားလာစေရန် လေ့ကျင့်ခဲ့ကြသည်။ ထိုခေတ်က အိန္ဒိယတစ်နိုင်ငံလုံးတွင် ကိုယ်ကာယလေ့ကျင့်ရေးခန်းမ (Gym) များကို နေရာအနှံ့အပြား၌ တွေ့ရှိနိုင်သည်။ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ကိုယ်ကာယလေ့ကျင့်ရေးခန်းမများ ပထမဆုံး ပေါ်ထွက်ခဲ့သော နိုင်ငံဖြစ်သည်။ အိန္ဒိယလူမျိုးများသည် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းကို မိမိတို့၏ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူကာ လေ့ကျင့်ခဲ့ကြသည်။ ၁၁ ရာစုမှ ၁၆ ရာစုအထိ အိန္ဒိယလူမျိုးများ၏ ထိုကဲ့သို့ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အာဟာရများကို ဂရုတစိုက် မှီဝဲခဲ့ကြသည့် ဖြစ်ရပ်များသည် ယနေ့ခေတ် လူအများ လိုက်လံလေ့ကျင့်နေကြသည့် ကာယဗလအားကစား၏ ပထမဆုံး အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။

ခေတ်သစ်ကာယဗလ၏ အစပိုင်း

[ပြင်ဆင်ရန်]

ခေတ်သစ်ကာယဗလသည် ၁၉ ရာစု နှောင်းပိုင်းတွင် စတင်ခဲ့သည်။ ဂရိလူမျိုးများနှင့် အီဂျစ်လူမျိုးတို့၏ ကျောက်တုံးများဖြင့် လေ့ကျင့်ခဲ့သော နည်းစနစ်ဟောင်းမှာ ထိုအချိန်တွင် လုံးဝပြောင်းလဲကာ အသစ်ဖြစ်လာမည့် အချိန်ဖြစ်သည်။ စတင်ပြောင်းလဲခဲ့ပုံမှာ ထိုအချိန်က လူအများသည် လူတစ်ဦး၏ ကိုယ်ခန္ဓာမှ ကြွက်သားများကို သိပ်ပြီး စိတ်ဝင်စားရကောင်းမှန်း မသိသေးဘဲ ထိုသူသည် မည်မျှသန်စွမ်းသည်၊ အလေးမည်မျှမနိုင်သည်ကိုသာ စိတ်ဝင်စားခဲ့ကြသည်။ ၁၉ ရာစုမှ စတင်၍ ဥရောပတွင် အလေးမပြိုင်ပွဲများကို လူထုဖျော်ဖြေရေးအသွင်ဖြင့် ပြိုင်ပွဲများ ပြုလုပ်လာကြသည်။ ၁၈၉၀ ပြည့်နှစ် မှ ၁၉၂၉ ခုနှစ်အထိ အလေးမပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များသည် မိမိ၏ပြိုင်ဖက်ကို ထမ်းပိုးကာ တစ်မြို့မှတစ်မြို့သို့ ခရီးမည်မျှသွားနိုင်သည်အထိ ရူးသွပ်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။ အချို့က ပြိုင်ပွဲများတွင် လှည်းများကို အလေးများတင်၍ ဆွဲပြခြင်း၊ တိရစ္ဆာန်များကို မပြခြင်း စသည်တို့ကို ပြုလုပ်ကာ ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုကဲ့သို့ အင်အားပြ ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များ၏ ရုပ်ပိုင်းဆိုင်ရာ အနေအထားကို ကြည့်ပါက လူအများကို စွဲဆောင်နိုင်စွမ်းမရှိသော ဗိုက်ပူနံကားများသာ ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးသည် ၂၀ ရာစု အစောပိုင်းအထိ ဖြစ်ပျက်ခဲ့သော်လည်း ၁၉ ရာစု နှောင်းပိုင်းမှစ၍ အလေးမပြိုင်ပွဲဝင်များတွင် ယခင်အတိုင်း ဗိုက်ပူနံကားများ၊ လူပိန်လူသန်များနှင့် ကာယဗလမောင်များ ပုံစံကိုယ်ခန္ဓာပိုင်ရှင်ဟူ၍ ပြိုင်ပွဲဝင် အမျိုးအစားများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ပြိုင်ပွဲက တစ်ခုတည်းသာ ဖြစ်ပြီး ကိုယ်ခန္ဓာ အချိုးအစားများမှာ မိမိတို့ လေ့ကျင့်သည့်ပုံစံ၊ စားသောက်သည့် အာဟာရပေါ်မူတည်၍ ပြောင်းလဲလာခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကာယဗလကို အားကစားအဖြစ် ကမ္ဘာသို့ မိတ်ဆက်ပေးမည့် ခေတ်သစ်ကာယဗလ၏ ဖခင် (Father of modern bodybuilding) မှာ ဥရောပမှ ပေါ်ထွက်လာခဲ့ပေသည်။ သူကို ၁၈၆၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သူ၏အမည်မှာ ယူဂျင်း ဆန်ဒို (Eugene Sandow) ဖြစ်သည်။ သူဝင်ပြိုင်သည့် အလေးမပြိုင်ပွဲများတွင် သူ့ခွန်အားကို မည်သူမျှ မယှဉ်နိုင်သလို သူ၏ ကြွက်သားမျှင်များဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို လူအများ ရင်သပ်ရှုမော ငေးကြည့်ရသည်အထိ လှပခဲ့သည်။ ဆန်ဒို ပေါ်ထွက်လာခြင်းက ရုပ်ပိုင်းဆိုင်ရာ လှပစေရန် အလေးဖြင့် လေ့ကျင့်လျှင် ရနိုင်သည်ဆိုသည့်အချက်ကို လူအများ လက်ခံလာစေခဲ့သည်။

ထိုအချိန်မှစ၍ ဗိုက်ပူလူသန်များနှင့် လူပိန်လူသန်များသည် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာသည် ချန်ပီယံဖြစ်တည်မှုအပေါ်တွင်သာမက ပရိသတ်များကို စွဲဆောင်ရာတွင်လည်း များစွာအကျိုးပြုသည်ကို သဘောပေါက်နားလည်လာပြီး ဆန်ဒို၏ အယူအဆများအတိုင်း လေ့ကျင့်လာကြသည်။ ဆန်ဒိုသည် အစပိုင်းတွင် လူသန်ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲများတွင် မိမိကိုယ်ကို ပရော်ဖက်ရှင်နယ်အဆင့် ရောက်အောင် ကြိုးစားခဲ့ပြီး ပြိုင်ပွဲတိုင်းတွင် အနိုင်ရသည့် ချန်ပီယံ ဖြစ်လာခဲ့သည်။ ဆန်ဒိုသည် သူ့ကိုယ်ကို ကမ္ဘာ့အသန်ဆုံးလူအဖြစ် အသိအမှတ်ပြုခံရရန် ၁၈၉၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ၌ ကျင်းပသော အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် အမေရိကန်မှ လူအများက သူ၏ခွန်အားထက် ဆွဲဆောင်အားအပြည့်ရှိသော ခန္ဓာကိုယ် အလှအပကိုသာ ပိုမိုမျက်စိကျခဲ့ကြသည်။

ဆန်ဒိုသည် ခန္ဓာကိုယ်လှပသော အလေးမချန်ပီယံ တစ်ဦးဖြစ်သကဲ့သို့ ကမ္ဘာ့ကာယဗလ အားကစားကို စတင်ခဲ့သူလည်း ဖြစ်သည်။ ဆန်ဒိုသည် ကမ္ဘာ့ပထမဦးဆုံးသော ကာယဗလမဂ္ဂဇင်းနှင့် အချို့သော ကာယဗလ လေ့ကျင့်ရေး ပစ္စည်းကိရိယာများကို စတင်တီထွင်ခဲ့ပြီး အမေရိကန်နှင့် အခြားသောနိုင်ငံများသို့ အလေးမပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ရာတွင် သူ၏ပရိသတ်များကို ကာယဗလ လေ့ကျင့်နည်းများအကြောင်း တင်ပြကာ ရောင်းချခဲ့သည်။

ဆန်ဒိုသည် ထိုပုံစံဖြင့် ကာယဗလကို ကမ္ဘာသို့ စဉ်ဆက်မပြတ် မိတ်ဆက်ပေးခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံတွင် ၁၈၉၁ ခုနှစ်၌ ကမ္ဘာလုံးဆိုင်ရာ အလေးမနှင့် ကာယဗလပြိုင်ပွဲ (World Championship bodybuilding and weight-lifting) ကို ကျင်းပပေးခဲ့သည်။ ဆန်ဒို၏ ကျေးဇူးကြောင့်ပင် ၁၈၉၆ ခုနှစ် ဂရိနိုင်ငံ အေသင်မြို့တွင် ကျင်းပသော ခေတ်သစ် အိုလံပစ်ပြိုင်ပွဲတွင် အလေးမပြိုင်ပွဲများသည် အားကစားပြိုင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ ထိုအချိန်မှစ၍ ကာယဗလ လေ့ကျင့်ရေး ပစ္စည်းများဖြစ်သော ဒမ်ဘယ် (Dumbbell) နှင့် ဘားရှည် (Barbell) များသည် ဆန်ဒို၏ ရောင်းမလောက် ဖြစ်ရသည့် ပစ္စည်းများ ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်း ဆန်ဒိုသည် အချိန်တိုအတွင်း အလွန်အမင်း တိုးတက်ချမ်းသာလာခဲ့သည်။

ဆန်ဒိုသည် ၂၁ ရာစု မျိုးဆက်များ နှစ်ခြိုက်ခုံမင်စွာ လေ့ကျင့်နေကြသော ကာယဗလအားကစားနှင့် မစ္စတာအိုလံပီယာ ပြိုင်ပွဲများကို အစပျိုးတည်ထောင်ပေးခဲ့ပြီး ကာယဗလဒိုင်လူကြီးများအတွက် စည်းမျဉ်းများကို စတင်ရေးဆွဲပေးခဲ့သော ခေတ်သစ်ကာယဗလ၏ ဖခင် (Father of Modern Bodybuilding) ဖြစ်ပေသည်။ ပထမဦးဆုံးသော ကာယဗလပြိုင်ပွဲကို ဆန်ဒိုသည် ၁၈၉၁ ခုနှစ်တွင် ကျင်းပခဲ့ပြီး ထိုပြိုင်ပွဲအပြီးတွင် ဥရောပနှင့် အမေရိကတို့တွင် ကာယဗလပြိုင်ပွဲများသည် ရေပန်းစားလာခဲ့ကာ လူအများက အားကျတောင့်တလာခဲ့ကြသည်။

ထိုအချိန်တွင် ဆန်ဒိုက ကာယဗလပြိုင်ပွဲဝင်မောင်များ၏ အဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ သူ၏တပည့်များကို အင်္ဂလန်နိုင်ငံတွင် စုဆောင်းစခန်းသွင်းကာ လေ့ကျင့်ပေးခဲ့သည်။ သုံးနှစ်ကြာပြီးနောက်တွင် အောင်မြင်နေသော သူ၏ကာယဗလမဂ္ဂဇင်းကို စပွန်ဆာပြုလုပ်ပြီး ဆုကြေးစား ကာယဗလပြိုင်ပွဲတစ်ပွဲကို ပြုလုပ်ပေးခဲ့သည်။ ပြိုင်ပွဲတွင် စုစုပေါင်း ချီးမြှင့်မည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့် ဖြစ်ပြီး ပထမဆုရှင်ကို ဒေါ်လာ ၂,၅၀၀ နှင့် ရွှေတံဆိပ်ဆု ချီးမြှင့်ပေးသည်။ ဒုတိယနှင့် တတိယဆုရှင်များကို ငွေနှင့်ကြေးတံဆိပ်များ ချီးမြှင့်ပြီး ထိုက်သင့်သော ဆုကြေးများကိုလည်း ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲဝင်များ၏ ဝင်ခွင့်သတ်မှတ်ချက်တွင် ၎င်းတို့သည် ဒေသဆိုင်ရာ ပြိုင်ပွဲငယ်များတွင် ဆုရဖူးသူများ ဖြစ်ရမည်ဟု ပါရှိသည်။ ထိုစည်းကမ်းချက်များ သတ်မှတ်ပြီးနောက် ၁၉၀၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ စနေနေ့တွင် အင်္ဂလန်နိုင်ငံရှိ Royal Albert Hall တွင် ပရိသတ်များ ထောင်နှင့်ချီကာ ခြိမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆန်ဒို၏ မြင့်မြတ်သော စိတ်ထားတစ်ခုမှာ ကာယဗလပြိုင်ပွဲကို ဝင်ကြေးပေး၍ ကြည့်ရှုသော ပရိသတ်များသည် ၎င်းတို့ကုန်ကျသော ငွေကြေးနှင့် တူညီသော ဖျော်ဖြေမှုကို ခံစားနိုင်စေရန် အစွမ်းကုန်ကြိုးစားပြီး ကာယဗလပြိုင်ပွဲကို လူထုဖျော်ဖြေရေး အသွင်ဖြင့် ကြိုးစားတင်ဆက်ခဲ့ခြင်း ဖြစ်သည်။

ထိုအပြင် ပြိုင်ပွဲမစတင်ခင်တွင် ဆန်ဒိုသည် ပရိသတ်များကို နပမ်းပွဲများ၊ အလေးမပြိုင်ပွဲများနှင့် အခြားသော အစီအစဉ်ကောင်းများဖြင့် တင်ဆက်ပေးခဲ့သည်။ သူ၏ မှန်ကန်သော စေတနာကြောင့် ကာယဗလသည် လူကြိုက်များသော အားကစားတစ်ရပ် ဖြစ်လာခဲ့သည်။ ဆန်ဒို၏ ပထမဆုံးသော ဤကာယဗလပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ပေါင်း ၆၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပေသည်။ ပြိုင်ပွဲဝင်အားလုံးသည် ဆန်ဒို သတ်မှတ်ထားသော ဘောင်းဘီနှင့် ခါးပတ်တို့ကိုသာ တူညီစွာ ဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုကဲ့သို့ စည်းစနစ်ကျနသော၊ အချိုးအစားကျန လှပသော ကာယဗလပြိုင်ပွဲဝင်များဖြင့် ကျင်းပသော ကာယဗလပြိုင်ပွဲသည် ပရိသတ်များ၏ အထူးနှစ်ခြိုက်ခြင်းကို ခံခဲ့ရပေသည်။ ထိုပွဲသို့ လာရောက်ကြည့်ရှုသော ဂျာနယ်လစ်တစ်ဦးက "to stand in these men’s rank is a distinction" ဟု မှတ်ချက်ချခဲ့သည်။ ထိုပြိုင်ပွဲတွင် ဆန်ဒိုသည် အောက်ဖော်ပြပါ အချက်များဖြင့် ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးခဲ့သည်။

  1. တစ်ကိုယ်လုံးရှိကြွက်သားများကြီးထွားမှု
  2. ကြွက်သားထုထည်အချိုးအစားညီမျှမှု
  3. ကြွက်သားမျှင်များ၏ကွာလတီ
  4. အထွေထွေကျန်းမာရေးကောင်းမွန်မှု
  5. အသားအရေကောင်းမွန်မှုတို့ ဖြစ်သည်။

အထက်ပါ အရည်အချင်းများဖြင့် ပြည့်စုံသော ဂရိတ်ဗြိတိန်၊ နော်တင်ဟမ်မှ ဝီလျံ အယ်လ် မာရေး (William L Murray) သည် ကမ္ဘာ့ပထမဆုံးသော ဆုကြေးစား ကာယဗလပြိုင်ပွဲ၏ ချန်ပီယံ ရွှေတံဆိပ်ဆုရှင် ဖြစ်လာခဲ့ပေသည်။ ထိုပြိုင်ပွဲပြီးနောက်တွင် ကာယဗလသည် အရှိန်အဟုန်ဖြင့် တွင်ကျယ်လာခဲ့ပေသည်။ ထိုနောက်ပိုင်းတွင် ကာယဗလ စာပေနှင့် လေ့ကျင့်နည်း ကိရိယာများကို ပိုမိုထုတ်လုပ်လာခဲ့ကြသည်။

ဆန်ဒို၏နောက်ပိုင်းတွင် ကာယဗလဖခင်ဟု တင်စားခံထိုက်သူ တစ်ဦး ထပ်မံပေါ်ထွက်လာခဲ့ပေသည်။ သူ၏အမည်မှာ ဘားနာ မက်ဖင်ဒင် (Bernarr Macfadden) ဖြစ်သည်။ မက်ဖင်ဒင်၏ အကျော်ကြားဆုံးသော ကာယဗလ လေ့ကျင့်ရေးကိရိယာမှာ ရင်အုပ်လေ့ကျင့်သည့် Chest expander ဖြစ်ပြီး ၂၀ ရာစုအစတွင် အကျော်ကြားဆုံးသော ကာယဗလ လေ့ကျင့်ရေးကိရိယာ ဖြစ်လာခဲ့သည်။ မက်ဖင်ဒင်သည် ၂၀ ရာစု၏ ပထမဆုံးသော ကာယဗလမဂ္ဂဇင်းဖြစ်သည့် "Physical Culture" ကို ထုတ်ဝေခဲ့သည်။

မက်ဖင်ဒင်နှင့် ခေတ်ပြိုင် ကာယဗလ သူရဲကောင်းတစ်ဦး ထပ်မံပေါ်ထွက်လာပြန်သည်။ သူ၏အမည်မှာ ချားလ် အက်တလက်စ် (Charles Atlas) ဖြစ်သည်။ သူသည် ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်သည့် နည်းပြတစ်ယောက် ဖြစ်ပြီး သူ၏ Dynamic tension ဟုခေါ်သော စာပေးစာယူ သင်တန်းမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်အထိ ကျော်ကြားခဲ့သည်။

၁၉၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ဒမ်ဘယ်နှင့် ဘားဘယ်များကို လူအများက ကျန်းမာသန်စွမ်းစေသော အထောက်အကူပြု ကာယဗလ လေ့ကျင့်နည်း ပစ္စည်းများအဖြစ် နားလည်လာကြပြီး ကာယဗလ အားကစားနည်းသည်လည်း ကမ္ဘာတစ်ဝန်း ကျော်ကြားလာခဲ့ပေသည်။ ကာယဗလပြိုင်ပွဲများကိုလည်း မကြာခဏ ကျင်းပလာခဲ့ကြပြီး ကာယဗလဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သော နာမည်ကျော် ကာယဗလမောင်များနှင့် ကာယဗလနည်းပြများ ပေါ်ထွက်လာခဲ့ကြသည်။[၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ myanmarfitness.com။ 10 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2012 တွင် ပြန်စစ်ပြီး။