ဂျိုးဇက် ဟိုင်းဒင့်

ဝီကီပီးဒီးယား မှ

ဖရန့်ဂျိုးဇက် ဟိုင်းဒင်သည် ဆင်ဖနီဂီတ (တူရိယာသံစုံ တီးကွက်)ကို တီထွင်ခဲ့သူအဖြစ် ထင်ရှားသော ဩစတြီးယန်းအမျိုးသား ဂီတစာဆိုဖြစ်သည်။ ဂီတပညာကျော်များဖြစ်သော မိုးဇက် နှင့် ဘီသိုဗင်တို့က နောင်အခါ၌ ဟိုင်းဒင်ဆင်ဖနီ ဂီတ (သံစုံတီးကွက်)ကို အချောကိုင်ခဲ့ကြသည်။ ယခုခေတ် အနောက်တိုင်းတူရိယာတီးဝိုင်းသည် ဟိုင်းဒင်ဆင်ဖနီဂီတ (သံစုံ တီးကွက်)ကို အခြေခံ၍ ပေါက်ပွားလာသည်ဟု ဆိုနိုင်သည်။ ဂီတပညာလောကမှ အပေါင်းအဖော်များသည် ဟိုင်းဒင်ကို ဖခင်ကြီးသဖွယ် ချစ်ခင်လေးစားကြသည်။


ဟိုင်းဒင်သည် ၁၇၃၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဩစတြီးယားနိုင်ငံ ရိုရောမြို့၌ ဖွားမြင်သည်။ သူ၏ ဖခင်သည် ဂီတဘက်တွင် ဝါသနာထုံသူဖြစ်၍ ညနေချိန်များ၌ မိသားစုတို့သည် ဝိုင်းဖွဲ့ကာ ဟန်ဂေရီအမျိုးသား ရိုးရာတေးသီချင်းများကို သီဆိုလေ့ ရှိကြသည်။ ဖခင်က စောင်းကိုတီး၍ မိခင်က သီချင်းများကို သီဆိုပြလေသည်။ ဟိုင်းဒင်သည်လည်း ငယ်စဉ်ကပင် ဂီတပညာဘက်၌ အစွမ်းအစ ထက်မြက်သူဖြစ်ရာ အသက်ရှစ်နှစ်အရွယ်တွင် ဗီယင်းနားမြို့ရှိ နာမည်ကျော် စိန်စတီဖင် ဘုရားရှိခိုးကျောင်း သံပြိုင် သီချင်းသည်အဖွဲ့၌ ပါဝင်သီဆိုခဲ့ရသည်။ အသက် ၁၇ နှစ်အရွယ်တွင် အသံကလည်းပျက်၊ သံပြိုင် သီချင်းသည်အဖွဲ့မှလည်း ထုတ်ပယ်ခြင်းကို ခံရသဖြင့် ၁ဝ နှစ်တိုင်တိုင် ဆင်းရဲငြိုငြင်စွာ နေထိုင်ခဲ့ရသည်။ သို့ရာတွင် ဂီတပညာကိုမူကား လက်မလွတ်ပဲ သီချင်းများ စပ်ဆိုတီးမှုတ်ခြင်းအားဖြင့် အသက်မွေးခဲ့လေသည်။ ထိုခေတ်က နာမည်ကျော် အဆိုနည်းပြဆရာ ဣတာလျံအမျိုးသား ပေါ်ပိုရာထံ၌လည်း တပည့်ခံခဲ့သည်။


ထိုနောက် ၁၇၆ဝ ပြည့်နှစ်တွင် ဟိုင်းဒင်သည် ဩစတြီးယားနိုင်ငံ၌ ထိပ်တန်းအကျဆုံးသော တူရိယာတီးဝိုင်း၏ ပိုင်ရှင် အက်စတာဟာဇီမင်းသားထံ၌ တီးဝိုင်းလက်ထောက် ဒါရိုက်တာအဖြစ် ဝင်ရောက် အမှုထမ်းသည်။ ဟိုင်းဒင်သည် ထိုတူရိယာတီးဝိုင်းတွင် ဒါရိုက်တာအဖြစ် နှစ်ပေါင်း ၃ဝ မျှ ဆောင်ရွက်ခဲ့သည်။ ထိုအချိန်အတောအတွင်း တေးဂီတပေါင်းများစွာတို့ကို ရေးစပ်ခဲ့ရာ သူ၏ဂုဏ်သတင်းသည်လည်း လိုက်ပဆစ်မြို့၊ ပါရစ်မြို့၊ လန်ဒန်မြို့စသော မြို့ကြီးများသို့ ပျံ့နှံခဲ့ပေသည်။ ထိုအချိန်အတွင်းကပင် နာမည်ကျော် ဂီတစာဆိုဖြစ်သူ မိုးဇတ်နှင့်မိတ်ကျွမ်းဝင်ခဲ့သဖြင့် ဂီတာစာဆိုနှစ်ဦးတို့သည် ပညာချင်းဖလှယ်၍ ပေါင်းစပ်မိ ကြလေသည်။

မိုးဇတ်သည် ဟိုင်းဒင်၏ ပညာစွမ်းကို ချီးကျူးခဲ့သည့်နည်းတူ ဟိုင်းဒင်ကလည်း မိုးဇတ်ထံမှ တီးလုံးတီးကွက်ကို ထိမိအောင် စပ်ဆိုမှုပညာကို ရရှိခဲ့သည်။

အက်စတာဟာဇီမင်းသား ကွယ်လွန်ပြီးနောက် ၁၇၉၁ ခုနှစ် တွင် ဟိုင်းဒင်သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်၍အော်ဖီယိုခေါ်တေးသံစုံဇာတ်ကိုလည်းကောင်း၊ ဆင်ဖနီဂီတ(တူရိယာသံစုံတီးကွက်)ကိုးပုဒ်နှင့် အခြား တေးဂီတပေါင်းမြောက်မြားစွာကိုလည်းကောင်း ရေးစပ်ခဲ့လေသည်။

အင်္ဂလန် နိုင်ငံတွင် ဟိုင်းဒင်၏ တေးဂီတကို လူကြိုက်များသည်။ အောက်စဖို့တက္ကသိုလ်ကလည်း သူ့အား ဂီတပါရဂူဘွဲ့ဖြင့် ဂုဏ်ပြု ချီးမြှင့်သည်။ ၁၇၉၈ ခုနှစ်တွင် ဟိုင်းဒင်သည် သမ္မာကျမ်းစာကို အခြေခံ၍ ဖန်ဆင်းခြင်းခေါ် တေးသီချင်းကြီးကို စပ်ဆိုခဲ့သည်။ ဩစတြီးယားနိုင်ငံ အမျိုးသားသီချင်းကိုလည်း ရေးစပ်ခဲ့၏။ ဂီတစာဆို ဟိုင်းဒင်သည် တေးသီချင်းများကို စေ့စပ်သေချာစွာ ရေးစပ်လေ့ရှိသည်။ တီးဝိုင်းရှိဆိုင်ရာ တူရိယာနှင့် စပ်အပ်သော တေးသံကိုလည်း စီကုံးလေ့ရှိသည်။ ထို့ပြင် တေးသံဖြင့် ဟာသဂုဏ်ကိုလည်း ထုတ်ဖော်နိုင်စွမ်းရှိသည်။ ငယ်စဉ်က ကြားနာမှတ်သားခဲ့ရသော ရိုးရာတေးသီချင်းများကိုလည်း သီချင်းကြီး သီချင်းခန့်များအဖြစ်သို့ ပြောင်းလဲစပ်ဆိုခဲ့သည်။

ဂီတပညာသည်တို့က ဖခင်ဟိုင်းဒင်ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့သော ဂီတစာဆိုကြီးသည် ၁၈ဝ၉ ခုနှစ်၊ မေလ ၃ဝရက်နေ့တွင် ဗီယင်နားမြို့၌ ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)