ဂျဝါဟာလာ နေရူး

ဝီကီပီးဒီးယား မှ
ဂျဝါဟာလာ နေရူး
(၁၈၈၉-၁၉၆၄)
မွေးသက္ကရာဇ် ၁၈၈၉ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ရက်
အမည်ရင်း
မိဘအမည် မိုတီလာနေရူး+ ဆွာရပ်ရာနီ
မွေးဖွားရာဒေသ ကတ်ရှ်မီးယားပြည်နယ်၊ အလာဟာဘတ်
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း ဥပဒေဘွဲ့
အလုပ်အကိုင်
ကြင်ဖော် ကင်မလာကူးလ်
သားသမီး သမီး အင်ဒရာဂန္ဒီ၊ မြေးများ ရာဂျစ်ဂန္ဒီ၊ ဆန်ဂျေးဂန္ဒီ
ထင်ပေါ်ကျော်ကြားမှု အိန္ဒိယဝန်ကြီးချုပ်
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၁၉၆၄ခုနှစ်၊ မေလ၊ ၂၇ရက်နေ့
ကွယ်လွန်ရာဒေသ
လက်မှတ်
ကွန်ယက်


လွတ်လပ်သော အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာမည့် ဂျဝါဟာလာနေရူးအား အဖ မိုတီလာနေရူးနှင့် အမိ ဆွာရပ်ရာနီ တို့မှ ကတ်ရှ်မီးယားပြည်နယ်၊ အလာဟာဘတ်တွင် ၁၈၈၉ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ရက်နေ့က ဖွားမြင်ခဲ့သည်။ အရွယ်ရောက်လျှင် အင်္ဂလန်နိုင်ငံ ဟာရိုးကောလိပ်၊ ကင်းဘရစ်ချ်တက္ကသိုလ် နှင့် အင်းနားတင်မ်ပယ် ကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး ဥပဒေဘွဲ့ရရှိခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ကင်မလာကူးလ်နှင့် လက်ထပ်ခဲ့ပြီးနောက်တွင် ဘဝကို လွတ်လပ်ရေးကြိုးပမ်းမှုတွင် နှစ်မြှပ်ခဲ့သည်။

၁၉၁၉တွင် အိန္ဒိယအမျိုးသားကွန်ဂရက် (ကွန်ဂရက်ပါတီ) သို့ဝင်ရောက်ခဲ့ပြီး မဟတ္တမ ဂန္ဒီကို အားကျလေးစားအတုယူကာ လှုပ်ရှားခဲ့သည်။ ကြိမ်ဖန်များစွာ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသော်လည်း လှုပ်ရှားမှုများကို တိုးတက်လုပ်ဆောင်ခဲ့သည်။ ၁၉၃၀၊ ၁၉၃၆၊ ၁၉၃၇ ခုနှစ်များတွင် ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဂန္ဒီကွယ်လွန်ပြီးနောက် ၁၉၄၂ခုနှစ်တွင် ဂန္ဒီအားဆက်ခံသူအဖြစ် ရွေးချယ်ခံရသည်။ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ အိန္ဒိယ ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် စီးပွားရေးစီမံကိန်းများချမှတ်ခြင်း၊ အကြီးစားစက်မှုလုပ်ငန်းများ အားပေးထူထောင်ခြင်း၊ ပြည်တွင်းတွင် ပါလီမန်ဒီမိုကရေစီ ဖော်ဆောင်နိုင်ခြင်း၊ ပြည်ပဘက်မလိုက်လှုပ်ရှားမှုများအား ဦးဆောင်နိုင်ခြင်း တို့ဖြင့် ကျော်ကြားသည်။ ၁၉၅၅ခုနှစ်တွင် ဘားရက်ရတနာဆုကို ရရှိသည်။ ၁၉၆၂ အင်ဒိုချိုင်းနားစစ်ပွဲကြောင့် များစွာစိတ်ထိခိုက်ခဲ့ရသည်။ ၁၉၆၄ခုနှစ်၊ မေလ၊ ၂၇ရက်နေ့တွင် ဂျဝါဟာလာနေရူး ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သမီးအင်ဒရာဂန္ဒီ၊ မြေးများဖြစ်သည့် ရာဂျစ်ဂန္ဒီနှင့် ဆန်ဂျေးဂန္ဒီတို့ ကျန်ရစ်သည်။

ရေးသားခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

  • ချစ်သမီးတို့ပေးစာများ (Letters from a father to a daughter)
  • လွတ်လပ်ရေးဆီသို့ (Towards Freedom)
  • ကမ္ဘာ့သမိုင်းအပေါ် လျှပ်တပြတ်အမြင်များ(Glimpses of world history) စသည့် စာအုပ်များကို ရေးသားခဲ့သည်။

နေရူးပြတိုက်နှင့် ကလေးများနေ့[ပြင်ဆင်ရန်]

ဂျဝါဟာလာနေရူး နေထိုင်ခဲ့သည့် အစိုးရအိမ်တော် (Teen Mutri House) အား ၁၉၆၄ခုနှစ်မှစကာ နေရူးအမှတ်တရပြတိုက် အဖြစ်ဖွင့်လှစ်ပြသခဲ့သည်။ ထို့အတူ နေရူး၏ မွေးနေ့ဖြစ်သော နိုဝင်ဘာလ၊ ၁၄ရက်နေ့ကို ကလေးများနေ့ အဖြစ် သတ်မှတ်ခဲ့သည်။

နေရူး၊ ရှရီဂျဝါဟလာ (မြန်မာ့စွယ်စုံကျမ်း တွဲ ၆)[ပြင်ဆင်ရန်]

ဝါဒအမှောင်ဖုံးလွှမ်းနေသည့် ဤခေတ်တွင် ငြိမ်းချမ်းသော ကမ္ဘာနှင့် လွတ်လပ်သောအာရှတိုက်အတွက် မဆုတ်မနစ် ကြိုးပမ်းနေသူမှာ အိန္ဒိယခေါင်းဆောင်ကြီး ရှရီဂျဝါဟလာနေရူး ဖြစ်သည်။ နေရူးကို ခရစ် ၁၈၈၉ ခု နိုဝင်ဘာ ၁၄ ရက်တွင် ယူနိုက်တက်ပရော့ဗ်ပြည်နယ် အယ်လာဟာဗက်မြို့၌ ကုံလုံကြွယ်ဝသော မိဖများမှ ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ မျိုးချစ်စိတ်ထက်သန်လှသော ရှေ့နေကြီး မိုတီလာနေရူး ဖြစ်သည်။ ငယ်ရွယ်စဉ်အခါက နေရူးသည် နည်းပြဆရာများနှင့် အိမ်မှာပင် ပညာသင်ကြားခဲ့သည်။ အသက် ၁၅ နှစ်အရွယ် ၁၉၀၅ ခုနှစ် မေလသို့ ရောက်သောအခါ အင်္ဂလန်ပြည် ဟဲရိုးကျောင်းကြီးသို့ ပညာများ သွားရောက်သင်ကြားသည်။ ထိုမှတဆင့် ကိန်းဘရစ်တက္ကသိုလ် ထရင်နီတီကောလိပ်တွင် ပညာဆက်လက် ဆည်းပူးသည်။ ၁၉၁၂ ခုနှစ်၌ ဝတ်လုံတော်ရဘွဲ့ကို ရရှိပြီးနောက် အမိအိန္ဒိယနိုင်ငံသို့ ပြန်လာ၍ ဇာတိဖြစ်သော အယ်လာဟာဗက်မြို့ တရားလွှတ်တော်တွင် အမှုလိုက်လေသည်။ ထိုခေတ်က အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်များသည် အကြီးအကျယ်အာဏာပြ စိုးမိုးခြယ်လှယ်လျက် ရှိကြသည်။ အင်္ဂလိပ်ကုမ္ပဏီကြီးများသည် အိန္ဒိယအလုပ်သမားများနှင့် တိုင်းသူပြည်သားများအပေါ်တွင် စီးပွားရေးအားဖြင့် ခြယ်လှယ်အမြတ်ထုတ်လျက်၊ အိန္ဒိယနိုင်ငံရေးနှင့် နိုင်ငံခြားဆက်သွယ်ရေးများကိုလည်း အုပ်ချုပ်ထားကြရာ ယင်းအဖြစ်ကို ဥပေက္ခာပြု၍ လျစ်လျူရှု၍ မနေနိုင်သော နေရူးသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးတိုက်ပွဲအတွင်းသို့ ခြေစုံပစ်ဝင်လိုက်တော့သည်။ ထိုစဉ်အခါက အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးလောကတွင် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်ပါတီသည် ဟိန္ဒူတို့၏ အင်အားကြီးမားသော အဖွဲ့အစည်းဖြစ်ပြီးလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် အပြင်းအထန် ကြိုးပမ်းတောင်းဆိုလျက် ရှိနေလေသည်။ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာသော နေရူးသည် ၁၉၁၈ ခုနှစ်၌ အိန္ဒိယနိုင်ငံဆိုင်ရာ ကွန်ဂရက်ပါတီ၏ ကော်မတီဝင်တဦးဖြစ်လာ၏။ အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ လက်ရုံးတစ်ဆူလည်း ဖြစ်လာ၏။ မဟတ္တမဂန္ဒီသည် အနုနည်းသက်သက်ဖြင့် အာဏာဖီဆန်ရေး၊ မပူး‌ပေါင်းရေးတို့ကို လှုံ့ဆော်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ၊ နေရူးလည်း ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ လမ်းစဉ်ကိုလိုက်၍၊ တဖက်သတ်ဖိနှိပ်ချုပ်ချယ်သော ဗြိတိသျှအစိုးရအာဏာပိုင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းများ မပြုကြရန်၊ နိုင်ငံတဝှန်းလုံးသို့ လှည့်လည်ကာ နိုင်ငံရေးတရားများ ဟောလေသည်။ ၁၉၂၉ ခုနှစ်၌ နေရူးသည် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရလေသည်။ နေရူးသည် မိဖတို့ ထိမ်းမြားပေးသော ကမလာဆိုသူ အမျိုးသမီးတစ်ဦးနှင့် ၁၉၁၆ ခုတွင် လက်ဆက်ခဲ့သည်။ သို့သော် သူတို့နှစ်ဦး၏ချစ်ခြင်းသည် အနှစ် ၂၀ ကြာပြီးသည့်နောက်၊ ကြေကွဲဖွယ်ရာ အဆုံးသတ်ခဲ့ရပေသည်။ နေရူး၏ ဇနီးကမလာသည် ၁၉၃၆ ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့သော နေရူးသည် မဟတ္တမဂန္ဓီနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲယင်း ၁၉၂၁ နောက်ပိုင်း၌ ဗြိတိသျှအာဏာပိုင်အစိုးရတို့၏ ထောင်သွင်းအကျဉ်းချထားခြင်းများကို အကြိမ်ကြိမ် ခံခဲ့ရသည်။ နေရူးထောင်ကျခံခဲ့ရသည့်နှစ်များကို စုပေါင်းသော် ၁၄ နှစ်ခန့် ရှိပေသည်။ နေရူးသည် ထောင်ကျနေသည့်နှစ်များအတွင်း ထောင်ထဲ၌သူ၏ ကမ္ဘာကျော်စာအုပ်များ ဖြစ်သော “ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ”၊ “လွတ်လပ်ရေးသို့ Toward Freedom” နှင့် “ကမ္ဘာ့သမိုင်းကြေးမုံ Glimpses of World History” တို့ကို ပြုစုရေးသားခဲ့လေသည်။ နိုင်ငံရေးကို ‌ဆောင်ရွက်ရာ၌ နောက်ပိုင်းတွင် နေရူးသည် မတ်ဝါဒကို သက်ဝင်ယုံကြည်သော ဆိုရှယ်လစ်တဦး ဖြစ်လာသည်။ သို့သော် နေရူးသည် ကွန်မြူနစ်ဝါဒကို ဆန့်ကျင်လေသည်။ ၁၉၄၆ ခုနှစ်၌ ဗြိတိသျှအစိုးရသည် အိန္ဒိယနိုင်ငံအား လွတ်လပ်ရေးပေးရန် စီစဉ်ပြုလုပ်ကြသောအခါ နေရူးသည် ထိုနှစ် စက်တင်ဘာလတွင် အိန္ဒိယကြားဖြတ်အစိုးရ၏ ဘုရင်ခံချုပ် အလုပ်အမှုဆောင်ကောင်စီအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာလေသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့၌ အိန္ဒိယနိုင်ငံသည် ဒိုမီနီယန်အဆင့်အတန်းရ၏။ ထိုအခါ နေရူးသည် အိန္ဒိယအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်လာသည်။ ထိုနောက် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့၌ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးကို ရရှိခဲ့သောအခါ နေရူးပင်လျှင် ဝန်ကြီးချုပ်အဖြစ်ဖြင့် လွတ်လပ်သော အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံးအစိုးရအဖွဲ့ကို ခေါင်းဆောင် ဖွဲ့စည်းခဲ့ပေသည်။ နေရူးသည် သူ၏ ရည်မှန်းချက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကို ရရှိပြီးနောက် အာရှတိုက်၏ လွတ်လပ်ရေးကို ပေါ်‌ပေါက်အောင် ကြိုးပမ်းခဲ့ပြန်သည်။ “အာရှတိုက်သည် အာရှတိုက်သားများအဖို့” ဟူသော သူ၏ ကြွေးကြော်သံသည် အာရှနိုးကြားထကြွမှုတွင် အဓိကဆောင်ပုဒ်ဖြစ်လေသည်။ နယ်ချဲ့လက်အောက်တွင် ကြာရှည်လေးမြင့်စွာ ဖိနှိပ်ချုပ်ချုယ်ခြင်းခံနေခဲ့ရသော အာရှတိုက်တစ်တိုက်လုံးသို့ အမျိုးသားစိတ်ဓာတ်အဟုန်ကို ဖြန့်လွှတ်သူမှာ နေရူးပင်ဖြစ်သည်ဟု ဆိုသင့်ပေသည်။ နေရူးသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အပြင်းအထန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နေရူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂသို့ ဝင်ခွင့်ပြုရန်အတွက်လည်း အပြင်းအထန်ထောက်ခံ တောင်းဆိုခဲ့သည်။ ကမ္ဘာဖျက် လက်နက်ဆန်းဖြစ်သော အနုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံးအစရှိသော လက်နက်များကို ပိတ်ပင်တားမြစ်ရန်လည်း နေရူးက လေးနက်စွာ တောင်ဆိုခဲ့သည်။ နေရူးသည် ဝါဒကို ဂရုမပြု၊ သူ၏ရည်မှန်းကြိုးပမ်းချက်မှာ တကမ္ဘာလုံး၏ ငြိမ်းချမ်းရေး ဖြစ်လေသည်။ သန်းပေါင်း ၃၅၀ ‌ကျော်မျှရှိသော အိန္ဒိယအမျိုးသားတို့ ကြည်ညိုအားထားခြင်း၊ ကမ္ဘာ့နိုင်ငံတကာရှိ လူထုအသီးသီးတို့၏ ချစ်ခင်လေးစားခြင်းတို့ကို ခံယူရရှိနေသော နေရူးကို လူတစ်ယောက်အနေဖြင့် လေ့လာသော် စိတ်ကူးယဉ်သမားနှင့် လက်တွေ့သမားတို့ ပေါင်းစပ်ထားသော သဘောသဏ္ဍန်ကို တွေ့မြင်ရပေလိမ့်မည်။ နေရူးသည် နိုင်ငံရေးရာများကြောင့် လူပန်းစိတ်ပန်းဖြစ်နေစဉ် အခါမှာပင် စာပေရေးရာကို မမေ့လျော့ခဲ့ချေ။ စာအုပ်စာတမ်း‌ပေါင်းများစွာကို ပြုစုရေးသားခဲ့လေသည်။ ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံသူနိုင်ငံသားအ‌ပေါင်းက သူ့အား နာမည်ရှေ့တွင် ပဏ္ဍစ် (ဝါ) ပညာရှင်ဟူသော ဝိသေသထူးကို ထည့်၍ ခေါ်ဝေါ်ခဲ့ကြ၏။ သို့ရာတွင် မြင့်မြတ်မှုသဘောကို လိုလားခုံမင်ခြင်း၊ စုံမက်နှစ်သက်ခြင်း မရှိသော နေရူးသည် လူသာမန်ပုဂ္ဂိုလ်တို့ကဲ့သို့ ရှရီဟူသော ဝိသေသကိုသာ သူ၏ နာမည်ရှေ့၌ ထည့်သွင်း ခေါ်ဝေါ်စေလေသည်။ နေရူးသည် မြန်မာနိုင်ငံသို့ ၁၉၃၇ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၄၉ ခုနှစ်၌ တစ်ကြိမ်နှင့် ၁၉၅၅ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်မျှ ချစ်ကြည်ရေးအလည်အပတ် ရောက်ရှိခဲ့ဖူးသည်။

သေဆုံးခြင်း[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ်မှ စ၍ ကျန်းမာရေးအခြေအနေ ယိုယွင်းလာသော နေရူးသည် အသက် (၇၅) နှစ်အရွယ် ၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် လဲကျသေဆုံးသွားခဲ့သည်။