အင်ဒီရာ ပရိယာဒါရှီနီ ဂန္ဒီ

ဝီကီပီးဒီးယား မှ
(ဂန္ဒီအင်ဒီရာ ပရိယာဒါရှီနီ မှ ပြန်ညွှန်းထားသည်)
အင်ဒီရာပရိယာဒါရှီနီ ဂန္ဒီ
Indira Priyadarshini Gandhi
၁၉ နိုဝင်ဘာ ၁၉၁၇ - ၃၁ အောက်တိုဘာ ၁၉၈၄
ပရိယာဒါရှီနီ ဂန္ဒီ
တတိယကြိမ်မြောက်
အိန္ဒိယ ဝန်ကြီးချုပ်
၁၄ ဇန်နဝါရီ ၁၉၈၀ - ၃၁ အောက်တိုဘာ ၁၉၈၄
ယခင် ချာရန် ဆင်းဂ်
ဆက်လက် ရာဂျစ် ဂန္ဒီ
ကိုယ်ရေး အချက်အလက်
မွေးရက် ၁၉ နိုဝင်ဘာ ၁၉၁၇
မိဘများ ရှရီ ဂျဝါ ဟာလာနေရူး နှင့် [[]]
ကွယ်လွန်ရက် ၃၁ အောက်တိုဘာ ၁၉၈၄

အင်ဒီရာဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ တတိယကြိမ်မြောက်ဝန်ကြီးချုပ် ဖြစ်ပြီး ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်လည်းဖြစ်သည်။ အင်ဒီရာအား အလာဟာဘတ်မြို့၌ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိသော ၁၉၄၇ ခုနှစ်မှစ၍ ၁၉၆၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ရှရီ ဂျဝါ ဟာလာနေရူး နှင့် ကမလာ တို့၏ တစ်ဦးတည်းသော သမီးဖြစ်သည်။

အသက်ခြောက်နှစ်အရွယ်တွင် စတင်ကျောင်းနေသည်။ အသက် ၁၂ နှစ် အရွယ်တွင် ကွန်ဂရက်လူ ငယ်အဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။ အစဉ်အလာ နိုင်ငံရေး သမားများ ဖြစ်သော အဘိုး၊ အဘွား၊ ဖခင်၊ အဒေါ်တို့၏ အလယ်တွင် ကြီးပြင်းခဲ့ရသဖြင့် ငယ်စဉ်ကပင် နိုင်ငံရေးသန္ဓေ ပါခဲ့သည်။ ငယ်စဉ်ကပင် နိုင်ငံရေးအသိအမြင်ရှိလေရာ ၁၅ ရာစုနှစ်အတွင်းက ပြင်သစ်ပြည် လွတ်မြောက်ရေးအတွက် အင်္ဂလိပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သူ အမျိုးသမီးသူရဲကောင်း ဂျုန်းအော့အတ်အဖြစ် ခံယူကာ ယဇ်တိုင်၌ မီးရှို့ခံခြင်း ကစားနည်းအမျိုးမျိုးကို ကစားခဲ့သည်။

၁၉၃၄ ခုနှစ်တွင် အိန္ဒိယအမျိုးသား ကဗျာဆရာကြီး ရာဗင်ဒြာ နတ်တဂိုး၏ စန်တိနိကေတန် တက္ကသိုလ်တွင် ပညာသင်သည်။ ၁၉၃၅ ခုနှစ်တွင် မိခင်၏ ကျန်းမာရေး အတွက် ဆေးကုရန် ဂျာမနီမှတစ်ဆင့် ဆွစ်ဇာလန်သို့ ရောက်သည်။ ဆွစ်ဇာလန်တွင် နေစဉ် ဂျီနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ကျောင်းတွင် ပညာသင်သည်။ အင်ဒီရာ ၁၉ နှစ်အရွယ်တွင် မိခင် ကွယ်လွန်သည်။

၁၉၄ဝ ပြည့်နှစ်များ တစ်ဝိုက်တွင် လန်ဒန်မြို့ရှိ ဗက်ဒမင်တန်ကျောင်းနှင့် အောက်စဖို့တက္ကသိုလ်မှ ဆမ်းမားဗီး ကောလိပ်တို့တွင် ပညာ ဆက်လက်သင်ခဲ့သည်။ အင်္ဂလိပ်ဘာသာစကားနှင့် ပြင်သစ်ဘာသာနှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ တတ်မြောက် သည်။ အင်ဒီရာသည် မျိုးရိုးဇာတိ ဓလေ့အလိုက် ကက်ရှမီးရီး ဗြဟ္မဏချင်း လက်မထပ်ပဲ ကျောင်းနေဘက် ဖာရစီလူမျိုး ရှေ့နေ အင်္ဂလန်တွင် ပညာသင်စဉ် ရင်းနှီး ချစ်ကျွမ်းခဲ့သော ဘာသာကွဲ ဖာရစီ အမျိုးသားတစ်ဦးဖြစ်သူ ဖားရို့ဂန္ဓီနှင့် ၁၉၄၂ တွင်လက်ထပ်လိုက်ပြီး လပ်ကနောင်းမြို့တွင် အခြေချ နေထိုင်ကြသည်။

နိုင်ငံခြားတွင် ပညာသင်ရာမှ ပြန်လည်ရောက်ရှိလာတိုင်း ကွန်ဂရက်ပါတီကို ကူညီ၍ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှား ခဲ့သည်။ အသက် ၂၁ နှစ်အရွယ် ၁၉၃၈ ခုနှစ်တွင် အိန္ဒိယပြည် အမျိုးသား ကွန်ဂရက်ပါတီသို့ ဝင်ခဲ့သည်။ ခင်ပွန်းသည် ဖားရို့ဂန္ဓီက အိန္ဒိယ သံတော်ဆင့် သတင်းစာတွင် မန်နေဂျာလုပ်နေစဉ် အင်ဒီရာဂန္ဓီသည် ကွန်ဂရက်ပါတီတွင် အမျိုးသမီးများကို ဦးဆောင်၍ နိုင်ငံရေးကို ထိရောက်စွာ ဆောင်ရွက်သည်။ နယ်ချဲ့အင်္ဂလိပ်က အင်ဒီရာကို ၁၉၄၂ ခုနှစ်တွင် ၁၃ လကြာ ထောင်ဒဏ်ချမှတ်ခဲ့သည်။

၁၉၄၃ ခုနှစ်တွင် လူထုစည်းဝေးပွဲ တစ်ခု၌ ဗြိတိသျှတို့နှင့် မပူးပေါင်းရေး တရားဟောနေစဉ် အင်ဒီရာတို့ ဇနီးမောင်နှံ အဖမ်းခံရသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီး အင်ဒီရာ၏ဖခင် ဂျဝါဟာလာနေရူးက ပထမဦးဆုံး ဝန်ကြီးချုပ် ဖြစ်လာသည်။

၁၉၅၅ ခုနှစ်တွင် ကွန်ဂရက်ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်လာပြီး ၁၉၅၉ ခုနှစ်တွင် ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် အင်ဒီရာမှာ အသက် ၄၂ နှစ်အရွယ်ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ခင်ပွန်းသည် ဖားရို့ဂန္ဓီ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ အင်ဒီရာတွင် သားကြီး ရာဂျစ်နှင့် သားငယ် ဆန်ဂျေးဟူသော သားနှစ်ဦး ကျန်ရစ်သည်။ ကွန် ဂရက်ပါတီအတွင်း၌ အင်ဒီရာသည် လုပ်ရည်ကိုင်ရည်ကြောင့် တဖြည်းဖြည်း ထင်ပေါ်ကျော်ကြားလာခဲ့သည်။ ဖခင်ဂျဝါဟာလာ နေရူး၏ လမ်းညွှန်ပျိုးထောင်မှုကြောင့် ၁၉၄၆ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံရေးလောကနှင့် အကျွမ်းတဝင် ရှိသည်။ ၁၉၄၇ ခုနှစ်က မဟတ္တမဂန္ဓီ ဦးဆောင်သော နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်သည်။ ၁၉၅ဝ ပြည့်လွန်နှစ်များမှစ၍ နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ် ဝင်ခဲ့ရာ ၁၉၅၉ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဖြစ်လာသည်။

၁၉၆၄ ခုနှစ်တွင် အင်ဒီရာ၏ဖခင် နေရူး ကွယ်လွန် ခဲ့သည်။၊ အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ်အဖြစ် လားဗဟာဒူး ရှပ်စထရီ တက်လာသည်။ ရှပ်စထရီ၏ အစိုးရ အဖွဲ့တွင် အင်ဒီရာသည် ပြန်ကြားရေးနှင့် အသံလွှင့်ဌာန ဝန်ကြီးအဖြစ် အစိုးရအဖွဲ့၏ အရေးပါသူများတွင် စတုတ္ထ နေရာမှ တာဝန်ထမ်းဆောင်ခဲ့သည်။ အခြားတစ်ဖက်တွင် ကွန်ဂရက်ပါတီ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး အဖြစ်လည်း ဆောင်ရွက်နေခဲ့သည်။

ဝန်ကြီးချုပ် ရှပ်စထရီသည် ဆိုဗီယက်ပြည်ထောင်စု တပ်ရှကင့်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ၁၉၆၆ ခုနှစ် ရွေးကောက်ပွဲတွင် အိန္ဒိယနိုင်ငံ၏ အသက် အငယ်ဆုံးနှင့် ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် အရွေးခံရပြီး ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှစ၍ ဝန်ကြီးချုပ် ဖြစ်လာသည်။

ဆူပူဆန္ဒပြမှု၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသောကြောင့် အင်ဒီရာသည် ပါလီမန်ကို သက်တမ်းမစေ့မီ ဖျက်သိမ်းပြီး ၁၉၇၁ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁ဝ ရက်နေ့ထိ ကာလအတွင်း ဒုတိယအကြိမ် အောက်လွှတ်တော် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ အမတ်နေရာ ၅၁၈ နေရာတွင် အင်ဒီရာ၏ ပါတီမှ ၃၅ဝ နေရာ အနိုင်ရခဲ့ သဖြင့် မတ်လ ၁၈ ရက်နေ့တွင် အစိုးရသစ် ဖွဲ့ခဲ့သည်။

၁၉၇၁ ခုနှစ်က ရွေးကောက်ပွဲတွင် အင်ဒီရာသည် ရွေးကောက်ပွဲ ဥပဒေများကို ဖောက်ဖျက်သည်ဆိုကာ အင်ဒီရာ၏ ဝန်ကြီးချုပ်အဖြစ် အရွေးခံရမှုကို ပျက်ပြယ်စေပြီး နောင်ခြောက်နှစ်အတွင်း၌ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဟု အလာဟာဗတ်ရုံးတော်မှ ၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက် နေ့တွင် စီရင်ချက် ချလိုက်သည်။ ထိုစီရင်ချက်ကို ပယ်ဖျက် ပေးရန် အင်ဒီရာက အယူခံဝင်သည်။ အယူခံကာလအတွင်း တရားလွှတ်တော်ချုပ်၏ ခွင့်ပြုချက်အရ ဝန်ကြီးချုပ်အဖြစ် ဆက်လက် ဆောင်ရွက်သည်။ သို့သော် အင်ဒီရာအဖို့ ပါလီမန် နှစ်ရပ်တွင် မိန့်ခွန်း မြွက်ကြားရရုံမှအပ မဲပေးပိုင်ခွင့် မရှိတော့ ချေ။


ပါလီမန်တွင် မဲပေးခွင့်မရှိသူကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထားရှိခြင်းမှာ ဥပဒေဘောင်မဝင်ဟု အတိုက်အခံ ပါတီများက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြလာကြသည်။ အင်ဒီရာက ၁၉၇၅ ခု ဇွန်လ ၂၆ ရက်နေ့ အိန္ဒိယနိုင်ငံ၏ အရေးပေါ် အခြေအနေကို ကြေညာသည်။

အရေးပေါ် အခြေအနေအတွင်း၌ အင်ဒီရာသည် ရက်လ အကန့်အသတ်မရှိ ဝန်ကြီးချုပ်အဖြစ် ခံယူသည်။ ပြင်ဆင် ရေးဆွဲသော ဥပဒေအရ ၁၉၇၁ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ ဖောက်ဖျက်မှုဖြင့် အပြစ်ပေးထားသော အလာဟာဗတ် တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်၍ အိန္ဒိယ တရားရုံးချုပ်က အင်ဒီရာကို အနိုင်ပေးကာ အမှုကို ပယ်လိုက်သည်။

သို့ဖြင့် အင်ဒီရာသည် ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဒုတိယအကြိမ် အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသည်။

၁၉၇၆ ခုနှစ်တွင် အိန္ဒိယ ပြည်လုံးဆိုင်ရာ ကွန်ဂရက်ပါတီ ကော်မတီ အစည်းအဝေးတွင် တိုင်းပြည်၏ စီးပွားရေး စီမံ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဒုဝန်ကြီးချုပ် ဒေဆိုင်း၏ အုပ်စုနှင့် အင်ဒီရာ သဘောကွဲခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ် ဒေဆိုင်းသည် အစိုးရအဖွဲ့မှ နုတ်ထွက်သွားသည်။ အင်ဒီရာ၏ ရွေးကောက်ပွဲ ပြဿနာ၊ သားကြောဖြတ် စစ်ဆင်ရေး၊ အတိုက်အခံ ပါတီများကို နှိပ်ကွပ်မှု၊ သတင်းစာ လွတ်လပ်ခွင့်ကို ပိတ်ပင်မှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု စသော ပြဿနာပေါင်းစုံအပေါ် ပြည်သူများ မကျေနပ်ကြချေ။ ဆူပူ ကန့်ကွက်မှုများမှာ ဒီရေအလား တိုးတက်လာခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲကို ၁၉၇၇ ခု မတ်လတွင် ကျင်းပပေးခဲ့ရသည်။

အင်ဒီရာသည် သားဖြစ်သူ ဆန်ဂျေးကို မိမိ၏ နိုင်ငံရေး အမွေခံအဖြစ် လျာထား၍ ပါလီမန်အမတ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်စေသော်လည်း ပြည်သူများက မလိုလားကြချေ။၁၉၇၇ ခု မတ်လ ၂ဝ ရက်နေ့ ရွေးကောက်ပွဲတွင် အင်ဒီရာ၏ ကွန်ဂရက်ပါတီသည် အောက်လွှတ်တော်အမတ် ၅၄၂ နေရာတွင် ၁၅၃ နေရာသာ အနိုင်ရသဖြင့် ၁၉၇၇ ခု မတ်လ ၂၁ ရက်နေ့တွင် အင်ဒီရာသည် ယင်း၏ ၂၁ လကြာ အရေးပေါ် အခြေအနေကို ရုပ်သိမ်း၍ ၁၁ နှစ်ကြာ ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်လိုက်ရတော့သည်။

မစ္စက်ဂန္ဒီက ၁၉၇၅ ခုနှစ် ဇွန်လမှစ၍ အရေးပေါ် အုပ်ချုပ်ရေးကာလ သတ်မှတ်ခဲ့ခြင်း၊ ၁၉၇၆ ခုနှစ်တွင် လက်ထပ်ထိမ်းမြားနိုင်သည့် အသက်ကို အမျိုးသားအတွက် ၂၁ နှစ်၊ အမျိုးသမီးအတွက် ၁၈ နှစ် သတ်မှတ်၍ မိသားစု စီမံကိန်းနှင့် ပဋိသန္ဓေတားဆီးမှု အစီအစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊ မစ္စက်ဂန္ဒီအား အတိုက်အခံများက ဘုံရန်သူ အဖြစ် ဝိုင်းတိုက်ချိန်တွင် ကွန်ဂရက်ပါတီအတွင်း သဘောထား ကွဲလာခြင်းတို့ကြောင့် မစ္စက်ဂန္ဒီသည် ၁၉၇၇ ခုနှစ် မတ်လ ရွေးကောက်ပွဲတွင် အာဏာလက်လွှတ်ခဲ့ရသည်။ မစ္စက်ဂန္ဒီသည် ရွေးချယ်တင်မြှောက်ပွဲဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံရ၍ ထိန်းသိမ်းခံရပြီးနောက် ၁၉၇၇ ခုနှစ် အောက်တိုဘာလတွင် လွတ်မြောက်လာသည်။ ၃၃ လကြာမျှ အာဏာလက်လွှတ်ခဲ့ရပြီးနောက် ၁၉၈ဝ ပြည့်နှစ် ဇန္နဝါရီလ ရွေးကောက်ပွဲတွင် အပြတ် အသတ်အနိုင် ရရှိရာ ဝန်ကြီးချုပ်အဖြစ် ပြန်လည် ရွေးချယ်တင်မြှောက် ခံရသည်။

မစ္စက်ဂန္ဒီသည် အဖွဲ့ဝင် ၁ဝ၁ နိုင်ငံရှိသော ဘက်မလိုက်နိုင်ငံများအဖွဲ့ကို ၁၉၈၃ ခုနှစ်မှ စ၍ တည်ငြိမ်စွာ ဦးဆောင်မှု ပေးခဲ့သည်။ မစ္စက်အင်ဒီရာဂန္ဒီသည် မိမိအရိုက်အရာကို ဆက်ခံနိုင်ရန် သားငယ် ဆန်ဂျေးဂန္ဒီကို မြေတောင်မြှောက်ခဲ့ရာ ဆန်ဂျေးသည် ကွန်ဂရက်(အိုင်)ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး မကြာမီ ၁၉၈ဝ ပြည့်နှစ်တွင် လေယာဉ်ပျက်ကျ၍ ကွယ်လွန်သည်။ ထို့ကြောင့် မစ္စက်ဂန္ဒီ သည် သားကြီး ရာဂျစ်ဂန္ဒီကို နိုင်ငံရေးလောကသို့ လက်တွဲ ခေါ်ယူလာရာ ၁၉၈၁ ခုနှစ်တွင် ရာဂျစ်သည် ကွန်ဂရက်(အိုင်) ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။ မစ္စက်ဂန္ဒီသည် အောက်စဖို့ဒ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့နှင့် ဆိုဗီယက်သိပ္ပံပညာတံခွန်အသင်းမှ ဂုဏ်ထူးဆောင်သိပ္ပံပါရဂူဘွဲ့တို့ကို ချီးမြှင့်ခံရသည်။ အင်ဒီရာ ဂန္ဒီ၏ အမှတ်တရဖြစ်ရပ်များနှင့် မိန့်ခွန်းများစာအုပ်ကို ၁၉၇၅ ခုနှစ်က ပြုစုထုတ်ဝေခဲ့သည်။


မစ္စက်အင်ဒီရာဂန္ဒီသည် ဆစ်ခ်လူမျိုးများအား အင်အားသုံးနှိမ်နှင်းခဲ့သည့် ဘလူးစတား စစ်ဆင်ရေးအပြီး ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဝန်ကြီးချုပ်အိမ်ရာ (အင်ဒီရာဂန္ဒီ မယ်မိုရီယမ် ပြတိုက်) ၌ ကိုယ်ရံတော် အစောင့်တပ်မှ ဆစ်ခ်လူမျိုး နှစ်ဦးက လုပ်ကြံသဖြင့် ကွယ်လွန်သည်။

နောက်ဆုံးဝတ်ဆင်ခဲ့သော အဝတ်တန်ဆာများ


[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၅)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)