ဂဏန်းသင်္ချာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂဏန်းသင်္ချာ[ပြင်​ဆင်​ရန်​]

ဂဏန်းမသင် လဒ်မမြင်[ပြင်​ဆင်​ရန်​]

ကျောင်းသူကျောင်းသား၊ အိမ်ရှင်မများ၊ ကုန်သည်ပွဲစား၊ အလုပ်သမား လယ်သမားများနှင့်သိပ္ပံပcညာရှင်များပါမကျန် ကြီးငယ်မဟူ လူတိုင်းတတ်အပ်သည့် ပညာတစ်ရပ်မှာ ဂဏန်းသင်္ချာဖြစ်၏။ လူတို့၏လုပ်ငန်းဆောင်တာ အဝဝတွင် ဂဏန်းသင်္ချာသည် အခြေခံဖြစ်ရကား၊ လူတိုင်းလူတိုင်း ဂဏန်းသင်္ချာ ဗဟုသုတနှင့် ပြည့်ဝရန် လိုအပ်လေသည်။ မည်သည့်နိုင်ငံမဆို စာရေးစာဖတ်အပြင် အတွက်ဟူသော ဂဏန်းသင်္ချာအတတ်ကိုပါ မူလအခြေခံဟု သတ်မှတ်သည်။

သင်္ချာသည် ရေတွက်ခြင်းကိုပြသည်။ ဂဏန်းသင်္ချာသည် ဂဏန်းဖြင့်ရေတွက်ခြင်း ပညာဟု အဓိပ္ပာယ်ရသည်။ သို့သော်လည်း ဂဏန်းဖြင့် ရေတွက်သည်ထက် များစွာကျယ်ဝန်းလာသော ပညာဖြစ်သည်။ အရေအတွက်တစ်ခုခုုကို ကိန်းတစ်ခုအနေ ဂဏန်းခြေဖြင့်ရေးပြပြီးသည့်နောက် ကိန်းချင်းပေါင်းခြင်း၊ နုတ်ခြင်းစသော အမှုကိစ္စများကို ဆောင်ရွက်ရာ၌ ကိန်းပြဂဏန်းချင်း ပေါင်းခြင်း၊ နုတ်ခြင်းများကို လုပ်ဆောင်ရရာ ယင်းကိုပင် ဂဏန်းတွက်ခြင်းဟုဆိုကြသည်။ တစ်ခါတစ်ရံ အတွက်တွက်သည်ဟု ဆိုကြသည်။

ဂဏန်းခြေခေါင်းစဉ်အောက်တွင် ရောမလူမျိုးတို့၏ ကိန်းရေးကိန်းဖတ်စနစ်ကို ဖော်ပြခဲ့ရာ ယင်းတို့၏အပေါင်းအနုတ်သဘောများ သက်ရောက်နေပြီး ဖြစ်သည်ကို ကြည့်ရခြင်းအားဖြင့် လူများသည် ကိန်းများကို မရေးတတ်မီကပင် ပေါင်းတတ် နုတ်တတ်နေသည်ဟု ယူဆရန်ရှိသည်။

ရောမလူမျိုးတို့၏ သင်္ချာပညာရပ်၌-

  • တစ်ကို I
  • ငါးကို V
  • တစ်ဆယ်ကို X
  • ငါးဆယ်ကို L
  • တစ်ရာကို C
  • တစ်ထောင်ကို M ဟု အမှတ်သညာပြုကြသည်။

ရှစ်ဆယ်ကိုတိုတိုဖြင့် ငါးဆယ်နှင့်သုံးဆယ် နှစ်ခုပေါင်းအနေဖြင့် LXXX ဟု၎င်း၊ ကိုးရာကို တစ်ထောင်တစ်ရာလျော့အနေဖြင့် CM ဟု ၎င်း ရေးပြခဲ့ကြသည်မှာ အထက်ကဆိုခဲ့သည့်ကိန်းကို မရေးတတ်မီ ပေါင်းတတ်နုတ်တတ်သည်ဟူသောအဆိုကို ထောက်ခံလျက်ရှိ နေသည်။ အပေါင်းအနုတ်သင်စ ကလေးသူငယ်များ သည် လက်ချိုးရေတွက်၍ ပေါင်းခြင်း၊ နုတ်ခြင်းပြုလုပ်သကဲ့သို့ပင် ရှေးအခါက လူများသည်လည်း ထိုကဲ့သို့ပင်လုပ်ခဲ့ကြသည်ဟု အနောက်နိုင်ငံသင်္ချာသမိုင်းများက ဆို၏။ ပေါင်းနုတ်ရန် အကြောင်းပေါ်လာလျှင် လက်တွေ့နည်းဖြင့် လက်ကိုချိုး၍ဖြစ်စေ၊ ရေတွက်ရာ၌ အကူအညီယူခဲ့သည့် ပေသီးခုံကို အသုံးချ၍ဖြစ်စေ၊ အလားတူ အကူအညီ တစ်မျိုးမျိုးဖြင့်ဖြစ်စေ တွက်ချက်၍ အဖြေမျှလောက်ကိုသာ ရေးမှတ်ကြသည်။ နှစ်ပေါင်းများစွာ ကြာရှည်မှ ယခုပေါင်းနုတ်နည်းမျိုးကို ရရှိအသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ အမြှောက်အစားတွက်များကို ထိုထက်များစွာ နောက်ကျ၍ ခရစ် ၁၂ဝဝ ပြည့်နှစ်လောက်ကျမှ ယခုတွက်နည်းမျိုးဖြင့် တွက်နိုင်ခဲ့ကြသည်။ ထိုခေတ်မတိုင်မီက အမြှောက်အစားကို တွက်ရန်ရှိလျှင် အဖြေကိုတွေ့သည်တိုင်အောင် ပင်ပန်းကြီးစွာဖြင့် အကြိမ်ကြိမ်ပေါင်းနုတ်၍ တွက်ခဲ့ကြသည်ကို ကြည့်ရသော် လူများသည် အမြှောက်အလီဇယားများကို ကောင်းစွာ မတတ်ကြသေးဟူ၍သော်၎င်း၊ ကောင်းစွာအသုံးမပြုတတ်ကြသေးဟူ၍ သော်၎င်း ယူဆရသည်။ ရရှိသောအဖြေကို ကိုးဖြင့်ချေ၍ ချိန်ထိုးနည်းဖြင့်မှန်သည် မမှန်သည်ကို စစ်ဆေးကြည့်ရှုလေ့ရှိကြသည်။ မြန်မာတို့၏ ကိုးကြောင်း တွက်နည်းသည်လည်း ရှေးကျသောနည်း တစ်နည်းဖြစ်သည်။ ၅x ၅ အထိ အလီ ဇယားကို ကျက်မှတ်ထားပြီးသည်နောက်၅x ၅ ဆထက် ၁ဝx ၁ဝ အထိ အမြှောက်များကို တွက်ရာ၌ လက်ချောင်းကလေး များဖြင့် တွက်သောနည်းမှာ ရှေးက အီတလီပြည်တွင် ပေါ် ပေါက်ဖူး၍ မှတ်သားဖွယ်ရာကောင်းသည်။

အမြှောက်ခံရသည့် ကိန်းကို ၅ ဖြစ်ခဲ့လျှင် လက်ငါးချောင်းထောင်၍၎င်း၊ ၆ ဖြစ်ခဲ့လျှင် လက်တစ်ချောင်းချိုး ထား၍၎င်း ၇ ဖြစ်ခဲ့လျှင် လက်နှစ်ချောင်း၊ ၈ ဖြစ်ခဲ့လျှင် သုံးချောင်း၊ ၉ ဖြစ်ခဲ့လျှင် လေးချောင်းချိုးထား၍၎င်း လက်တစ်ဖက်၌ ပြထားသည်။ မြှောက်မည့်ကိန်းကိုမူ အခြားလက်တစ်ဖက်၌ ဤစနစ်အတိုင်း ပြထားပြီးလျှင် ထောင်လျက်နေသော လက်တစ်ဖက်မှ လက်ချောင်းအရေအတွက်၏ဆယ်ဆနှင့်ပေါင်းလိုက်သောအခါ မြှောက်လဒ်ဖြစ်သော အဖြေကို ရရှိသည်။ ပုံစံအားဖြင့် ၇ ထ ၈ ကို တွက်လိုသောအခါ လက်တစ်ဖက်၌ လက် ၂ ချောင်း၊ အခြားတစ်ဖက်၌လက် ၃ ချောင်းကို ချိုးထားခြင်းဖြင့် ၇ နှင့် ၈ တို့ကို ပြလိုက်သည်။ ထိုအခါ တစ်ဖက်၌ ၃ ချောင်းထောင်လျက်ရှိ၍ အခြားတစ်ဖက်၌ ၂ချောင်း ထောင်လျက်ရှိသဖြင့် ၃ x ၂ မှ ၆ ကိုရသည်။ တစ်ဖက်၌ ချိုးထားသော လက် ၂ချောင်းနှင့် အခြားတစ်ဖက်၌ ချိုးထားသော ၃ ချောင်း၊ ပေါင်း လက် ၅ ချောင်းတို့၏ဆယ်ဆဖြစ်သည့် ၅ဝ ကို ၆ နှင့်ပေါင်း၍ အဖြေကို ၅၆ ဟုပေးရသည်။ (၅+က)(၅+ခ)=(၅-က) (၅-ခ)+၁ဝ(က+ခ)ဟူသောထပ်တူညီချက်အရ ဖြစ်သည်မှာ ထင်ရှားသည်။

ရာပုံ၊ ဆယ်ပုံ၊ ခုပုံများခွဲ၍ ရေတွက်ထားသော အရေအတွက် နှစ်ခုတို့ကိုပေါင်း၍ ရေတွက်ရာ၌ ရာပုံချင်း ပေါင်းလျက် သီးခြားရေတွက်ခြင်း၊ ဆယ်ပုံချင်း ပေါင်းလျက် သီးခြား ရေတွက်ခြင်းများ ပြုလုပ်သည့်နည်းတူ ယခုခေတ်အရေအတွက် ပြကိန်းများကို ပေါင်းရာ၌ တန်ဖိုးတူများကို တစ်သန့်စီ ပေါင်းနိုင်စေခြင်းငှာ ခုဂဏန်းများကို တစ်ခုအောက် တစ်ခု ကျနေစေ၍ ဆယ်ဂဏန်းများ၊ ရာဂဏန်းများကိုလည်း ထိုကဲ့သို့ ကျနေစေရန် ကိန်းများကိုတစ်ခုအောက်တစ်ခုစီလျက် ရေးပြီးမှ ပေါင်းကြသည်။ ငွေကြေးမူမမတူနှင့် အခြားမူမတူကိန်းများကိုလည်း ဤနည်းအတိုင်းပင် ပေါင်းကြသည်။ နုတ်သောနည်း၊ လိုသောကိန်းဖြင့် ဖြည့်စွက် ပေါင်းထည့်ပေးသောနည်း စသည် တို့မှ သင့်လျော်ရာ နည်းတစ်နည်းဖြင့် တွက်ကြသည်။ အပေါင်း အနုတ်ကို လျင်မြန်စွာတွက်နိုင်ရန် အပေါင်းအနုတ် ဇယား များကို ကျက်မှတ်ထားရသည်။ အမြှောက်အစားများကို ကောင်းစွာတွက်ချက်နိုင်ရန်လည်း အလီဇယားများကို ၁ဝ x ၁ဝ အထိ ကျေကျေ ကျက်မှတ်ထားရန် လိုအပ်ပေသည်။ ဂဏန်းသင်္ချာတွင် အပိုင်းဂဏန်း၊ ဒသမဂဏန်း၊ မူမတူတွက်၊ ဈေးတွက်မှစ၍ အတိုးတွက်၊ ရာခိုင်နှုန်းတွက်၊ ရောင်းရေးဝယ်ရေးဆိုင်ရာ အတွက် စသည်ဖြင့် အတွက်မျိုး မြောက်မြားစွာ ပါရှိသည်။

လူမှုကိစ္စ ကျယ်ဝန်းလာသည်နှင့်အမျှ တစ်စတစ်စနှင့် နယ်ကျယ် လာခဲ့သော ဂဏန်းသင်္ချာပညာသည် အလွန်ရှေးကျသော ပညာတစ်ရပ်ဖြစ်သည်။ ရှေးအခါက အချို့သင်္ချာပညာရှင်များသည် ရောင်းရေးဝယ်ရေးဆိုင်ရာ ပုစ္ဆာများထက် ဉာဏ်စွမ်းဉာဏ်စကို စမ်းသောပုစ္ဆာမျိုးများကို ပိုမိုစိတ်ဝင်စားကြသဖြင့် ထိုပညာကို သင်ကြားကြသူ တပည့်များစွာတို့အဖို့ ပျင်းရိငြီးငွေ့ဖွယ် ကောင်းခဲ့ပေမည်။ တွက်နည်းများသည် ရှည်လျား၍ နားလည်ရန် ခဲယဉ်းလှသည်။ ထိုခေတ်က ဂဏန်းသင်္ချာ တတ်မြောက်လိုသူများသည် တွက်နည်းများနှင့် သင်္ချာဥပဒေများကို အလွတ် ကျက်မှတ်ထားရသဖြင့် အတွက်တွက်ရန်မှာ မလွယ်ကူလှပေ။ ယခုခေတ်တွင် ကျောင်းသားသူငယ်၊ ဈေးသည်၊ အလုပ်သမား၊ အလုပ်ရှင်၊ လက်မှုပညာသည်များမကျန် အတွက်အချက်နှင့် မကင်းနိုင်ကြပေ။ သို့သော် သင်ကြားနည်းများကို လွယ်သည် ထက်လွယ်အောင် တစ်စတစ်စပြုပြင်လာခဲ့ကြသည့်ပြင် တွက်ရသောအတွက်များမှာလည်း လူများ နေ့စဉ်ကြုံတွေ့ နေကြသော ပြဿနာများနှင့် ဟပ်မိလာ၍ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာသဖြင့် ဂဏန်းသင်္ချာသည် ရှေးကကဲ့သို့ သင်ကြားရန် ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းလှသည့် ပညာမျိုး မဟုတ်တော့ ဂဏန်းသင်္ချာသည် အသုံးများ၍ လူထုအား အကူအညီအများဆုံးပေးသည့် သင်္ချာပညာ၏ အပိုင်းကဏ္ဍတစ်ခု ဖြစ်သည့်ပြင် လူတို့အား ပြဿနာကို ရှင်းရှင်း မြင်နိုင်စွမ်းနိုင်စေသည့်သတ္တိမျိုးကို ဖွံ့ဖြိုးလာစေရန်၎င်း၊ တိကျမှန်ကန်စွာ ဆောင်ရွက်တတ်သော အလေ့အကျင့်ကို ရရှိစေရန်၎င်း၊ ဇွဲနှင့် တည်ကြည်မှု အားများ ကောင်းလာစေရန်၎င်း၊ အဖိုးတန်သော လေ့ကျင့်ခန်းတစ်ခု အနေဖြင့် အသုံးပြုရန် ကောင်းသောကြောင့် လူတိုင်းတတ်သိ အပ်သော အသုံးလုံးပညာတရပ် ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)