ဂဏန်းခြေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဂဏန်းခြေ[ပြင်ဆင်ရန်]

အရေအတွက်တစ်ခုကို အချင်းချင်း သိနားလည်အောင် အမှတ်အသားတစ်ခုဖြင့် ရေးပြရာ၌ ၁ မှ ၉ အထိနှင့် ဝ အမှတ်အသားတို့ကို နေရာအလိုက် တန်ဖိုးထားပေးသောစနစ် အရ ကမ္ဘာအနှံ့အပြား၌ ယခုရေးပြနေကြသည်။ သုံးဆယ့် ခြောက်အုပ်ရှိသော စာအုပ်ပုံတစ်ပုံမှ စာအုပ်အရေအတွက်ကို ၃ နှင့် ၆ အမှတ်အသားနှစ်ခုတည်းဖြင့် ၃၆ ဟုရေးပြကြသည်။ အထက်ပါအမှတ်အသား ဆယ်ခုတို့အနက် သက်ဆိုင်ရာတို့ကို ၄၅၁ ကဲ့သို့ တစ်တန်းတည်း၌ စဉ်၍ ရေးထားခြင်းကို အရေ အတွက် ပြကိန်းတစ်ခုဟုခေါ်သည်။ ထိုကိန်းတွင်ပါရှိသည့် ၄၊ ၅၊ ၁ အမှတ်အသားများကို ကိန်း၏ဂဏန်းခြေများဟု ခေါ် သည်။ တိုတိုဖြင့်လည်း ၄ ဂဏန်း၊ ၅ ဂဏန်း၊ ခု ဂဏန်း၊ ဆယ်ဂဏန်းဟူ၍ ဂဏန်းခြေအစား ဂဏန်းဟူသော ဝေါဟာရ ကို သုံးနေကြသည်။ အထက်ပါ ဂဏန်းဆယ်လုံးနှင့် ယင်းတို့ အတွက် ဝေါဟာရများနှင့်တကွ ခု၊ ဆယ်၊ ရာ အစရှိသော နောက်ထပ်ဝေါဟာရအနည်းငယ်မျှဖြင့် မည်မျှပင် များပြားသော အရေအတွက်တစ်ခုကိုမဆို ဖော်ပြနိုင်၍ မည်မျှပင်ကြီးသော ကိန်းတစ်ခုကိုမဆို ရေးပြနိုင်အောင် တီထွင်ထားသည့် ဤ ကိန်းရေးကိန်းဖတ်နည်းသည် တစ်ဆယ်စီရေတွက်သောစနစ်ကို မှီးလျက် ဟိန္ဒူသင်္ချာပညာရှင်များက တီထွင်ထားခဲ့သည့် အလွန်ရှေးကျသောနည်း ဖြစ်သည်။ သို့သော် အနောက်နိုင်ငံ များသို့ အာရပ်လူမျိုးများမှတစ်ဆင့် ရောက်ရှိ သွားသည်ဖြစ် သောကြောင့် အသုံးပြုသော ဂဏန်းခြေများကို အာရေဗျဂဏန်း ခြေများဟု ခေါ်နေကြသည်။ ဤကိန်းရေးနည်း စနစ်ကို ကမ္ဘာ အနှံ့အပြား၌မလိုက်နာမီက အချို့လူမျိုးများ၏ ရေတွက်ပုံ ရေတွက်နည်းနှင့်တကွ အရေအတွက်ပြကိန်း ရေးနည်းများသည် စိတ်ဝင်စားဖွယ် ဖြစ်သဖြင့် ယင်းတို့ကို အောက်၌ အကျဉ်းမျှ ဖော်ပြထားပါသည်။

ဝတ္ထုပစ္စည်းတစ်မျိုးကို မည်မျှနည်းသည်များသည်ဟု တိတိ ကျကျပြောနိုင်ရန် အရေအတွက်ဝေါဟာရများကို တီထွင်ခဲ့ကြ သည်မှာ နှစ်ပေါင်းကြာရှည်လေပြီ။ စကားကောင်းစွာ မတတ် သေးသော ကလေးသူငယ် တစ်ယောက်သည် မိမိမှာကစားစရာ အရုပ်မည်မျှရှိသည်ကို လက်ချောင်းကလေးများဖြင့် မှန်ကန်စွာ ထောင်ပြနိုင်သော်လည်း သုံးခု၊ လေးခု စသော အခေါ်အဝေါ် များကို မတတ်သေးသဖြင့် ပြောမပြနိုင်သေးချေ။ ယင်းအခြေ အနေကဲ့သို့ပင် ရှေးနှစ်ပေါင်းများစွာက လူများသည် ဝတ္ထု ပစ္စည်း အရေအတွက်ကို သိရှိရန် လက်ချိုး၍ရေတွက်ခြင်း၊ မည်ရွေ့မည်မျှရှိသည်ဟု လက်ချောင်းကို ထောင်ပြခြင်းဖြင့်သာ မိမိတို့၏ကိစ္စပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြပုံရသည်ဟု သင်္ချာသမိုင်းပညာရှင်များက ယူဆကြသည်။ အာဖရိကတိုက်ရှိ တိုင်းရင်းသားလူမျိုးအနည်းငယ်တို့သည် ယနေ့တိုင် ဤကဲ့သို့ ရေတွက်နေကြဆဲပင် ဖြစ်သည်။ ဝတ္ထုပစ္စည်းအရေအတွက် များကို ရေတွက်ဖော်ပြရန် လိုအပ်လာသောကာလသို့ ရောက်ရှိ လာသည့်အခါ ရေတွက်နည်းနှင့်တကွ အရေအတွက် အခေါ် အဝေါ် ဖြစ်သောဝေါဟာရများကို အကြောင်းအားလျော်စွာ တီထွင်လာကြသည်။ လူတို့၏ခန္ဓာကိုယ်တွင် လက်နှစ်ဖက်၊ ခြေနှစ်ချောင်း စသည်ဖြင့် အစုံအစုံရှိသည်ကို အမှတ်ပြုလျက် နှစ်ခုပြူးစီရေတွက်ခဲ့ကြသူများရှိသည်။ ဩစတြေးလျတိုက်၊ တောင်အမေရိကတိုက်နှင့် အာဖရိကတိုက်များရှိ တိုင်းရင်းသား လူမျိုးအချို့တို့သည် နှစ်ခုကို မူတည်ပြီးလျှင် ရေတွက်နေကြဆဲ ဖြစ်သည်။ စုံ မဝှက်၊ ဇယ်ခုတ်၊ဇယ်တောက်တမ်းကစားကြသော မြန်မာကလေးသူငယ်များသည်လည်း အလျော်အစား ပြုလုပ်ရာ ၌ ဇယ်ကို နှစ်ခုပြူးစီရေတွက်၍ တစ်ပြူး၊ တစ်လံ စသည်ဖြင့် ခေါ်လျက် ငါးပြူးပြည့်သည်အထိ ရေတွက်ကြသည်။ လက် တစ်ဖက်၌ လက်ငါးချောင်းရှိသည်ကို အမှတ်ပြု၍ ငါးခုစီရေ တွက်ကြသည်လည်းရှိသည်။ မြန်မာတို့၌ တစ်ကျိပ်ဟူသော ဝေါဟာရ ရရှိသည်မှာ ဆယ်ခုစီရေတွက်သည့် သဘောအတိုင်း ပင် ဖြစ်၏။ လက်ခြေအချောင်းနှစ်ဆယ်ရှိသဖြင့် စကိုးခေါ် နှစ်ဆယ်စီ ရေတွက်ကြသည်ကိုလည်း အင်္ဂလိပ်ဝေါဟာရ၌ တွေ့နိုင်သည်။ နှစ်ပိုင်း၊ သုံးပိုင်း၊ လေးပိုင်း၊ ခြောက်ပိုင်း စသော အပိုင်းညီများနှင့် အရေအတွက်တူပုံများ ပြုလုပ်ရန် လွယ်ကူသည်ဖြစ်သောကြောင့် ဒါဇင်လိုက် ဆယ့်နှစ်ခုစီ ရေတွက်ကြသည်လည်း ရှိလေသည်။

ဆယ်ခုစီရေတွက်ခြင်းသည် ယခုကမ္ဘာအရပ်ရပ်၌ အသုံးပြု နေသည့် ဆယ်လီစနစ် ရေတွက်နည်း ဖြစ်သည်။ လက် ဆယ်ချောင်းချိုးကာ ရေတွက်မကုန်နိုင်သေး၍ ဆက်လက် ရေတွက်ရန်လည်း လက်မအားဖြစ်နေသောအခါ ဆယ်ချောင်း အားလုံးကုန်အောင် တစ်ခါချိုးရပြီးကြောင်းကို ပြသည့်အနေဖြင့် အနီးရှိသူတစ်ဦးက လက်တစ်ချောင်းချိုးကာ မှတ်ထားရသည်။ ဤကဲ့သို့မှတ်ထားပေးရန် ဒုတိယလူတစ်ယောက်ကို မရနိုင် ပြန်သောအခါ ဆယ်ပြည့်အရေအတွက်များကို ခဲလုံးကလေးများ ချ၍၎င်း၊ နီးရာဝတ္ထုတစ်ခုပေါ်မှာ အခြစ်အမှတ်ငယ်များပြု၍၎င်း တစ်မျိုးမျိုးဖြင့်မှတ်ထားကြသည်။ ဆယ်ပြည့်အမှတ်ကလေးများ ကို ရေတွက်သည့်အခါ၌လည်း ဤစနစ်အတိုင်းလိုက်သွားပြီး လျှင် ဆယ် ဆယ်လီအတွက် အမှတ်အသား တစ်မျိုးထွင်ရ ပြန်သည်။

ထို့နောက် ဆယ်ခုပြည့်အမှတ်အသားမျိုးနှင့် ဆယ် ဆယ်လီ ပြည့်သော အမှတ်အသားမျိုးများကို တစ်ခုနှင့်တစ်ခု မရောစေ ဘဲ တသန့်စီရှိစေရန် အစုလိုက်နေရာနှင့်နေရာထားပေးရသည်။ ထိုသည်မှအစပြု၍ ပေသီးကဲ့သို့သော အလုံးကလေးများကို ထွင်းဖောက်ကာစီ၍ ထောင်ထားသော တုတ်ချောင်း၊ သံချောင်း သေးသေးများတွင် စွပ်ပေးရသည့် ပေသီးခုံဖြင့် ရေတွက်သည့် ဆယ်အလိုက်ရေတွက် သွားသော ယခုစနစ်ကို လိုက်နာခဲ့ကြ ခြင်းဖြစ်သည်။ တစ်မျိုးမျိုးဖြင့် ရေတွက်၍ရရှိသောအရေအတွက် တစ်ခုကို အခြားအရေအတွက်တစ်ခုမှ ခွဲခြားသိရှိရအောင် အမည်မှည့်ရန် လိုအပ်လာသောအခါ မိမိတို့၏ ဘာသာစကား အလိုက် တစ်ခုမှ ဆယ်ခုအထိ ဝေါဟာရများကို သုံးလာကြ သည်။ ဆယ်ခုပြည့်တိုင်း ပြည့်တိုင်းလည်း ဆယ်ခုတွဲတစ်တွဲ လုပ်ထားသည်ဟု အမှတ်ပြုလျက် တစ်ဆယ်၊ နှစ်ဆယ်စသည် ဖြင့် ဆယ်လိုက် ခေါ်သွားကြသည်။ ဆယ်ခု ပုံနှစ်ပုံနှင့် ဆယ်ခု မပြည့်သဖြင့် ဆယ်ခုပုံမလုပ်နိုင်၍ ပိုနေသော ဝšုအလွတ် သုံးခုကို နှစ်ဆယ် သုံးခုဟု ရှိရင်း ဝေါဟာရဆယ်လုံးကိုပင် သင့်လျော်အောင် တွဲလျက်သုံးသွားသဖြင့် အရေအတွက် တစ်ခု လျှင် ဝေါဟာရသစ်တစ်လုံးစီ တီထွင်ထားရန်မလိုအောင် စီမံ နိုင်ခဲ့သည်မှာ ကျေးဇူးများပါပေသည်။ အရေအတွက်တစ်ခုကို ဝေါဟာရသစ် တစ်လုံးစီဖြင့်သာ မှတ်သားနေရပါလျှင် တစ်ရာ အထိရှိသောအရေအတွက်များကို မှတ်သားရန်ပင် အခက်အခဲ များစွာ ရှိချေမည်။ဤရေတွက်နည်းစနစ်တွင် ဆယ်ခုတစ်ဆယ်၊ ဆယ်ဆယ်တစ်ရာ၊ ဆယ်ရာတစ်ထောင်စသည်ဖြင့် ဆယ်လိုက် တိုးလျက် အဆင့်ဆင့်တက်သွားရာ ထောင်ပြီးသည်နောက် သောင်း၊ သိန်း၊ သန်း၊ ကုဋေတို့ဖြစ်လာကြသည်။ အချို့နိုင်ငံ များ၌ သန်းကျော်ခဲ့လျှင် သန်းပေါင်း မည်မျှရှိသည်ဟု၍ သန်းဖြင့် ဖော်ပြကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ကုဋေအရောက် ရေတွက်ကြသည့်ပြင် ကုဋေကျော်ခဲ့လျှင် ကုဋေလေးဆယ်၊ကုဋေ တစ်ရာဟု ကုဋေဖြင့် ဖေါ်ပြကြသည်။ များသောအားဖြင့် သိန်း ဖြင့်လည်း သိန်းလေးဆယ်ဟု ဖော်ပြကြသေးသည်။ ရှေးကျမ်း များအရ ကုဋေတစ်ကုဋေသည် ပကောဋိ။ ပကောဋိတစ်ကုဋေ သည် ကောဋိ ပကောဋိဟု အဆင့်ဆင့်တက်သွားသည့် အရေ အတွက်များ ရှိသေးကြောင်း သိရသည်။ ထိုအဆင့်များအနက် အေက္ခာဘိဏီနှင့် အသင်္ချေတို့သည် ကျမ်းများ၌ အတွေ့ရများ သော အရေအတွက်နှစ်ခုဖြစ်သည်။

အရေအတွက်တစ်ခုကို မေ့ပျောက်မသွားစေရန် မှတ်သား ထားလိုသည့်အခါ အနောက်နိုင်ငံသင်္ချာသမိုင်းများက အစအဦး ၌ တုတ်ချောင်းတစ်ချောင်းပေါ်တွင် အရေအတွက်ရှိသလောက် အထစ်ကလေးများလုပ်၍သော်၎င်း၊ ကျောက်တုံးတစ်ခုပေါ်တွင် အလားတူ အမှတ်အသားကလေးများလုပ်၍သော်၎င်း မှတ်သားခဲ့ သည်ဟုဆိုသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)