ခ၊ ဦး (ပဉ္စရူပံ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပဉ္စရူပံ ဦးခ[ပြင်ဆင်ရန်]

ပဉ္ဒရူပံဦးခသည် မြန်မာစာပေလောကတွင် ခေတ်မီစာအုပ်ထုတ်လုပ်မှုကို အစောဆုံးစတင်သူဖြစ်သည်။ ပုံနှိပ်စာအုပ် အပြင်အဆင်(ဒီဇိုင်းအထားအသို)နှင့် ထုတ်လုပ်မှုကို အဆင့်မြင့်ခေတ်မီမီ လုပ်ကိုင်ခဲ့သူဖြစ်သည်။

ငယ်ဘ၀[ပြင်ဆင်ရန်]

မန္တလေးဇာတိဖြစ်သည်။ ၁၈၈၅ ဖေဖော်ဝါရီလတွင် ဖွားမြင်သည်။ အရဗီအမည်မှာ အဗ္ဗဒူလ်ရဟ်မန် ဖြစ်သည်။ မြန်မာအမည်မှာ ဦးခဖြစ်သည်။ မန္တလေးတွင် ပညာသင်ကြားခဲ့သည်။ ငယ်စဉ်ကပင် ဖခင်ကွယ်လွန်သည်။ ထို့ကြောင့် သူ့အစ်ကိုက စောင့်ရှောက်ခဲ့သည်။ သူ့အစ်ကို ကွယ်လွန်သည့်အခါ မရီးဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် မန္တလေးဈေးချို မီးလောင်သည့်အခါ ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ပြီး မိခင်ကြီးကို စောင့်ရှောက်ရင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်သည်။ ရန်ကုန်တိုင်းမ်တွင် စာစီသမားအဖြစ်ဆောင်ရွက်သည်။ ၁၉၀၇ ခုနှစ်တွင် ပြည်မြို့၌ အိမ်ထောင်ကျသည်။ ထို့နောက် ပြည်မြို့သီရိခေတ္တရာ ပုံနှိပ်တိုက်နှင့် ဆက်သွယ်မိပြီး နှစ်နှစ်ကြာသည့်အခါ ထိုပုံနှိပ်တိုက်တွင် မန်နေဂျာဖြစ်လာသည်။ ၁၉၁၁ ခုနှစ်တွင် မျက်နှာလိမ်းပေါင်ဒါကို စတင်ထုတ်လုပ်သည်။ ၁၉၄၁ ခုနှစ်တွင် ကိုယ်ပိုင် ပဉ္ဒရူပံပုံနှိပ်တိုက်ကို စတင်တည်ထောင်သည်။

အလှူဒါန[ပြင်ဆင်ရန်]

ထို့အပြင် ပြည်မြို့ အမျိုးသားကျောင်းအတွက် ငွေကြေးထောက်ပံ့ခဲ့သည်။ ၁၉၂၄ တွင် ပြည်မြို့လူမှုရေးအသင်းတွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရပြီး တတ်နိုင်သမျှစွမ်းဆောင်ခဲ့သည်။ ၁၉၂၅ တွင် ပြည်မြို့အတွင်းနေထိုင်သည့် အသက် ၅၀ ကျော်အရွယ် သက်ကြီး ရွယ်အိုများကို စောင်များ လှူဒါန်းဝေငှခဲ့သည်။ သူပုံနှိပ်ထုတ်ဝေသည့် နံရံကပ်ဆောင်ပုဒ် ကတ်ပြားများမှာ ပရိသတ်၏အားပေးခြင်းကို ခံရသည်။

ရေးသားခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

ပဉ္စရူပံ ဦးခသည် စာအုပ် ၅ အုပ်ရေးသား၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။

  1. ချွေတာခြင်း(၁၉၂၇)၊
  2. နူရေမိုဟမ္မဒ် ကျေးဇူးတော်ရှင် (ပုံနှိပ်နှစ် မသိရ၊ ၁၉၃၈ ဟုခန့်မှန်းပါသည်။)
  3. ယုဝတီများရဲ့စက္ခုမိန်းမမှု(၁၉၃၉)၊
  4. တစ္ဆေညွန့်ပေါင်း(၁၉၅၀)၊
  5. ဗမာနှင့် မွတ်စလင်လူမျိုးဘာသာပြဿနာ (၁၉၅၁) စာအုပ်တို့ ဖြစ်သည်။

ချွေတာခြင်း၊ မိန်းမမှု၊ တစ္ဆေညွန့်ပေါင်းတို့မှာ မြန်မာစာပေတွင် ထင်ရှားပြီး နူရေမိုဟမ္မဒ် ကျေးဇူးတော်ရှင်၊ ဗမာနှင့် မွတ်စလင်လူမျိုးဘာသာ ပြဿနာစာအုပ်တို့မှာ ဘာသာရေး၊ အမျိုးသားရေးဆိုင်ရာ စာအုပ်များ ဖြစ်သည်။ ချွေတာခြင်း နှင့်မိန်းမမှုတို့မှာ ကျောင်းသုံးစာအုပ်အဖြစ် အစိုးရကပြဌာန်းခဲ့သည်။ ချွေတာခြင်းစာအုပ်မှာ အလွန်ကျော်ကြားသည်။ ၁၁ ကြိမ်အထိ ပြန်လည်ရိုက်နှိပ် ခဲ့ရသည်။ ယုဝတီများရဲ့စက္ခု မိန်းမမှု မှာ ၇ ကြိမ်အထိ ပြန်လည်ပုံနှိပ်ခဲ့ရသည်။ အသက် ၇၅ နှစ်အရွယ် ၁၉၆၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်တွင် ပြည်မြို့၌ ကွယ်လွန်သည်။


စာရေးဆရာငွေဥဒေါင်း(၁၉၁၅-၁၉၉၇)က[ပြင်ဆင်ရန်]

“စာဖတ်သမားတစ်ယောက်၏ ဘဝခရီး” ဟူသော စာတမ်းတွင် ပဉ္စရူပံဦးခ၏ ချွေတာခြင်းစာအုပ်နှင့် ပတ်သက်၍ ဤသို့သုံးသပ်ထားသည်။

ချွေတာခြင်းမှာ အဖုံးတွင်သာမက အတွင်းစာသားကဏ္ဍများတွင်ပါ သူ့နေရာနှင့်သူကန့်၍ သက်ဆိုင်ရာပုံများ၊ အဖြတ်အတောက်များဖြင့် စီစဉ်ထားပုံမှာ ထိုအချိန်အရ ခေတ်မီစာအုပ်ဟု ဆိုနိုင်ရုံသာမက အပြင်အဆင်တွင် ခေတ်လွန်စာအုပ်ဟုပင် ဆိုချင်ပါသည်။ အကြောင်းမှာ ဦးခ၏စာအုပ်ပုံစံကို မီသောစာအုပ် ရှားပါးနေသေးသောကြောင့်ဖြစ်သည်။ ကွယ်လွန်သွားပြီဖြစ်သော ပဉ္စရူပံဦးခမှာ စာရေးဆရာ တစ်ယောက်ဖြစ်ရုံသာမက ကျွန်တော်တို့စာအုပ်လောကတွင် ခပ်စောစောအချိန်မှစ၍ စာအုပ်အပြင်အဆင်နှင့် ထုတ်လုပ်မှုကို ခေတ်မီမီလုပ်ကိုင်တတ်သူဖြစ်သည်။ အခြားသော မိန်းမမှုနှင့် တစၦပုံပြင်(တစ္ဆေညွန့်ပေါင်း ဟူသော ဦးခ၏စာအုပ်များမှာလည်း ထိုခေတ်က စာအုပ်သမားတိုင်း လေးစားခဲ့ရသော စာအုပ်များဖြစ်ကြသည်။” ဟူ၍ဖြစ်သည်။

ဆရာကြီး ဒေါက်တာကျော်စိန် (၁၉၃၂- )[ပြင်ဆင်ရန်]

(စိတ်ပညာပါမောက္ခ၊ ပါမောက္ခချုပ်၊ ပညာရေးဝန်ကြီး-ငြိမ်က သူ၏ဘဝကို လွှမ်းမိုးသော စာအုပ် ၃ အုပ်အနက် တစ်အုပ် အပါအဝင်ဖြစ်သော ချွေတာခြင်း စာအုပ်အကြောင်းကို တင်ပြဖူးသည်။ ထိုစာအုပ်များသည် ”ကျွန်တော် ဆယ်ကျော်အရွယ်က ဖတ်ရှုခဲ့ခြင်းဖြစ်၍ ကျွန်တော်၏အတွေးအခေါ်တို့အပေါ် လွှမ်းမိုးကာ လက်ရှိဘဝပုံစံမျိုးဖြစ်အောင် တွန်းအားပေးခဲ့သော စာအုပ်များ ဖြစ်သည်”ဟု ဆိုပါသည်။ ထို့အပြင်”ပဉ္ဒရူပံဦးခသည် ပြည်မြို့မှ စာပုံနှိပ်တိုက်ပိုင်ရှင်တစ်ဦးဖြစ်ပြီး စာအုပ် ၃ အုပ်ရေးသားထုတ်ဝေခဲ့ရာ (၂) အုပ်မှာ ကျောင်းသုံးစာအုပ်များအဖြစ် ပြဌာန်းခြင်းခံရကြောင်း သိရပါသည်။ စာအုပ် ၃ အုပ်မှာ (၁)ချွေတာခြင်း၊ (၂)မိန်းမမှု၊ (၃) တစ္ဆေညွှန့်ပေါင်းကျမ်း တို့ဖြစ်ပါသည်။”ချွေတာခြင်း” ကို ကျွန်တော် သတ္တမတန်းကျောင်းသားဘဝက ပြဌာန်းစာအုပ်အဖြစ် သင်ယူဖတ်ရှုခဲ့ရပါသည်။ ဤစာအုပ်တွင် (၁)အချိန်ကို ချွေတာခြင်း၊ (၂)ငွေကိုချွေတာခြင်း၊ (၃)အလုပ်ကို ချွေတာခြင်း ဟူ၍ အပိုင်းကြီး ၃ ပိုင်းခွဲကာ တင်ပြထားပါသည်။ “မီးသို့ရိုသေ၊ ကျွန်ကိုစေ၊ မိတ်ဆွေကဲ့သို့ပင်” စသည်ဖြင့် သံပေါက်လင်္ကာဖြင့်လည်းကောင်း၊ “သူဌေးသားက တစ်ကျပ်ပေးနိုင်သော်လည်း ကျွန်ုပ်အဖေမှာမူ သူဌေးမဟုတ်သောကြောင့် တန်ရာတန်ကြေးထက် ပိုမပေးနိုင်ပါ“ ဟူသော သူဌေးကြီး၏လက်တွေ့မျက်မြင်သာ ဓကများကို ပြ၍ လည်းကောင်း၊ နိုင်ငံရပ်ခြားမှ ကြီးပွားတိုးတက်နေသူတို့၏ စံနမူနာကိုပြ၍လည်းကောင်း ဝါကျရှင်းရှင်းနှင့် ရေးထားရာ လွန်စွာမှ ဖတ်၍ ကောင်းလှပါသည်။ ထိုစာအုပ်ကိုဖတ်ရှုပြီးနောက် ကျွန်တော်သည် ငွေကိုချွေတာရန်၊ အချိန်ကိုစနစ်တကျ သုံးစွဲရန်၊ အလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်တတ်ရန် ကြိုးပမ်းခဲ့ပါသည်။ အချိန်ကိုစနစ်တကျ အသုံးချခဲ့သောကြောင့် ဝိဇ္ဇာတန်း ၄ နှစ်၊ မဟာဝိဇ္ဇာတန်း ၄ နှစ်၊ ပါရဂူတန်း ၄ နှစ်ခွဲ စသည်ဖြင့် သတ်မှတ်ထားသောအချိန်အတွင်း အကျအရှုံးမရှိဘဲ ဖြေဆိုအောင်မြင်ခဲ့ပါသည်။


တက္ကသိုလ်ဆရာတည်းဟူသော အလုပ်တစ်ခုတည်းကို စွဲမြဲလုပ်ကိုင်ခဲ့ရာ အလုပ်နှင့်ပတ်သက်၍ အရည်အချင်း ပည့်ဝအောင်၊ တာဝန်ဟူသမျှကျေပွန်အောင်၊ အထက်အောက်ဘေးဘီမှ လုပ်ဖော်ကိုင်ဖက်များနှင့် သဟဇာတဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းကြောင့် ယခုကဲ့သို့သက်ဆိုင်ရာဌာန၏ အကြီးအကဲအဆင့်အထိ ရာက်ရှိခဲ့သည်ဟု ယုံကြည်မိပါသည်။ ဤသည်တို့ကား ချွေတာခြင်းစာအုပ်၏ ဘဝအပေါ် ပဌာန်းမှုများဖြစ်ပါသည်။”ဟူ၍ လည်းကောင်း “ကျွန်တော့်ဘဝ အတွေ့အကြုံအရမူ ချွေတာခြင် စာအုပ်သည် ကျွန်တော်၏စိတ်ပိုင်းဘဝကို လွှမ်းမိုးသည်” ဟူ၍ လည်းကောင်း မိန့်ဆိုခဲ့ပါသည်။ ပဉ္စရူပံဦးခ၏ စာပေများနှင့် စပ်လျဉ်း၍ မြန်မာစာပါမောက္ခ ဒေါက်တာခင်အေး(မောင်မောင်ခင်-ဓနုဖြူ) က ဤသို့ရေးသားဖူးပါသည်။

“စာဖတ်ရှိန်ရစအရွယ်မှာ စာအုပ်နှစ်အုပ်ကို သတိပြုမိသည်။ တစ်အုပ်က “ချွေတာခြင်း” နောက်တစ်အုပ်က “ယုဝတီများရဲ့စက္ခုမိန်းမမ” ဖြစ်သည်။ စာအုပ်များနှင့်အတူ ထိုစာအုပ်နှစ်အုပ်စလုံးကိုရေးသော စာရေးဆရာကြီး၏ အမည်ကိုပါ မှတ်မိနေသည်။ ”ပဉ္စရူပံ ဦးခ” ဖြစ်သည်။ နောက်ပိုင်းတွင် ဆရာငွေဥဒေါင်း၏ စာဝင်္ကပါကို ဖတ်ရသောအခါ ပဉ္စရူပံဦးခအကြောင်းကို ပိုသိရသည်။ ပြည်မြို့ ပဉ္စရူပံပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်၍ ပဉ္စရူပံဦးခဟု ခေါ်ခြင်းဖြစ်သည်။ ထိုစာအုပ် နှစ်အုပ်စလုံး စိတ်ဝင်စားစရာ ကောင်းသည်။ သရုပ်ဖော်ပုံ ကလေးတွေလည်း ပါသည်။ “ချွေတာခြင်း“ ဓိပ္ပါယ်ကို ဖွင့်ဆိုရာ၌ အင်္ဂလိပ်ဘာသာဖြင့် “အီကိုနိုမီ၊ ပါဠိဘာသာဖြင့် သမာဇီဝိတာ၊ မြန်မာဘာသာဖြင့် ချွေတာခြင်း ဟူ၍ ဖွင့်ဆိုတာကအစ စိတ်ဝင်စားဖို့ ကောင်းသည်။ ယုဝတီများရဲ့ စက္ခုမိန်းမမှု ကတော့ အမျိုးသမီးပညာပေးစာအုပ် ဖြစ်သည်။ အမျိုးသမီးတွေကို အပျိုဖျန်း၊ အပျိုစင်၊ အပျိုကြီး၊ အပျိုဟိုင်း ဟူ၍တန်းစီခွဲခြားပြီး ဆောင်စရာ ရှောင်စရာတွေ ကို ရေးပြသွားသည်။ စာအုပ်နှစ်အုပ်စလုံးမှာ မှတ်သားစရာ သံပေါက်ကလေးတွေလည်း ပါဝင်သေးသည်။ “ဓာတ်ပုံကိုပေး၊ ရယ်သွမ်းသွေး၊ စာရေးတတ်တဲ့ပျို၊ နောက်ဆုံးတစ်နေ့ ဒုက္ခတွေ့၊ ကြိတ်၍ရှိုက်ကာငို” ဟူသော သံပေါက်ကလေးကို ယခုတိုင် မှတ်မိနေသည်။ မှတ်သားစရာကောင်းအောင် ထိထိမိမိရေးထားသော သံပေါက်ကလေး ဖြစ်သည်။ ၁၉၅၀ ဝန်းကျင် ကျွန်တော်တို့ ရန်ကုန်ရောက်စက အိမ်တွေမှာ ဆောင်ပုဒ်ကတ်ပြားတွေ ကပ်သည့် အလေ့ရှိသေးသည်။ ကြွေစက္ကူမှာ စာလုံးအကြီးကြီးဖြင့် ခံ့ခံ့ညားညား ရိုက်ထားသည်။ “ကြိုးစားရှာ၊ ချွေတာသုံး၊ မမွဲတစ်သက်လုံး”၊ “လူမိုက်နှင့်ငွေ အတူမနေ”၊ နှုတ်ဖြင့်မြှောက်၍ စားသောသူကို မပေါင်းနှင့်” စသည့် ဆောင်ပုဒ်များ ဖြစ်သည်။ မှတ်သားလိုက်နာဖွယ် ဆောင်ပုဒ် များဖြစ်၍ ဧည့်ခန်းမှာ လေးလေးစားစား နေရာပေးပြီး ကပ်လေ့ရှိကြသည်။ ဆရာငွေဥဒေါင်း၏ ဝင်္ကပါ ကို ဖတ်ရတော့မှ ထိုကတ်ပြားများကို ပဉ္စရူပံဦးခ တီထွင် ရိုက်နှိပ်ခြင်းဖြစ်ကြောင်းသိ ရသည်။ ထိုအကြောင်းများနှင့် ဆက်စပ်ပြီး ကျွန်တော်မမြင်ဖူးသော ပဉ္စရူပံပုံနှိပ်တိုက်ကို စိတ်ထဲမှာ မြင်ယောင်ရင်း ပုံနှိပ်တိုက်တည်ရာ ပြည်မြို့ကိုပါ သတိရနေပါသည်။” ဟူ၍ ဖြစ်ပါသည်။ ။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သန်းဝင်း(မြန်မာစာ) ၊ထင်ပေါ်ကျော်ကြားသောမြန်မာမွတ်စလင်များ E-book မှ