ခွေးတောက်မြစ်ယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ခွေးတောက်မြစ်ယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခွေးတောက်မြစ်နှင့် သရက်ပင်ပင်အမြစ်တို့ ရောယှက်စိုက်သဖြင့် သရက်သီးတွင် အချိုအရသာကင်းပြီး အခါးအရသာ ဖြစ်လာသကဲ့သို့ နီးစပ်ရာ၏ ဓလေ့စရိုက် ကူးစက်သည်။

တစ်နေ့သ၌ ဒဓိဝါဟအမည်ရှိသော မင်းသည် မြစ်အတွင်း၌ ရေကစားစဉ် နတ်တို့သုံးဆောင်သော သရက်သီးတစ်လုံးသည် မြစ်ရေတွင် မျောပါလာကာ မင်းကြီးရေကစားရာ၌ ကာကွယ်ထားသော ပိုက်ကွန်၌ ငြိလေ၏။ ထိုအခါ မင်းချင်းတို့က မင်းကြီးအား သရက်သီးကို ဆက်၏။ မင်းကြီး သုံးဆောင်ကြည့်သော် သရက်သီးသည် အလွန် ချိုမြိန်လှသဖြင့် အစေ့ကို စိုက်စေ၏။ သီးသောအခါ တစ်ပါးသော မင်းတို့အား လက်ဆောင်ပေး၏။ ထိုသို့ပေးသောအခါ အပင်မပေါက်စေအံ့သော်ငှာ အညှောက်ထွက်ရာ နေရာကို ဓားရိုးဖြင့် ထိုးဖောက်၍ ပေးစေ၏။ မင်းတို့သည် သရက်သီးကို စားပြီးသော် အစေ့ကို စိုက်လျှင် အပင်မပေါက်။ ထိုအကြောင်းကို စုံစမ်း၏။ ဒဓိဝါဟနမင်း၏ အစီအမံဖြစ်ကြောင်း သိရလျှင် မင်းတစ်ပါးသည် ထိုသရက်ပင် ပျက်စေအံ့သောငှာ မိမိ၏ ဥယျာဉ်စောင့်ကို ဒဓိဝါဟနမင်းထံ စေလွှတ်ဖျက်စီးစေ၏။ ဥယျာဉ်စောင့်သည် ဒဓိဝါဟနမင်းထံရောက်သော် မင်းကြီးနှစ်ခြိုက်စေအံ့သောငှာ ပွင့်ချိန်မတန်သေးသော ပန်းတို့ကို ပွင့်စေ၏။ သီးချိန်မတန်သေးသော အသီးတို့ကို သီးစေ၏။ ဥယျာဉ်ကို မွေ့လျော်ဖွယ် ပြုပြင်၏။ မင်းကြီးနှစ်ခြိုက်လှသဖြင့် ဥယျာဉ်တွင် ဥယျာဉ်စောင့် ခန့်၏။ ဥယျာဉ်စောင့်သည် သရက်ပင်ကို ခြံရံ၍ တမာပင်ခွေးတောက်ပင်တို့ကို စိုက်လျှင် ချိုမြိန်သော အသီးတို့ ခါးလေ၏။ ထိုအခါ ဥယျာဉ်စောင့်သည် ထွက်ပြေး၏။ ထိုအကြောင်းကို မင်းကြီး သိလျှင် သရက်ပင်ပတ်ဝန်းကျင်၌ ရှိကုန်သော တမာပင်၊ ခွေးတောက်ပင်တို့ကို နုတ်စေ၏။ ခါးသော မြေမှုန့်တို့ကို ဖယ်၍ ချိုသော မြေမှုန့်တိုကို ထည့်စေ၏။ သရက်ပင်ကို နို့ရည်သကာရည်နံ့သာရည် သွန်းလောင်းစေ၏။ ထိုအခါသရက်သီးတို ချိုမြဲ ချိုလေ၏။[၁]

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ခါးတောက်မြစ်ယှက်၊ စိုက်ရောဖက်သား၊ သရက်ပင်မင်း၊ သီးချိုကင်း၏ ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ခါးတောက်မြစ်ယှက်၊ စိုက်ရောဖက်သား၊ သရက်ပင်မင်း၊ သီးချိုကင်းသို့၊" [၈၈၅] ကိုး* ၁၅။
  • "ချိုမှည့်သရက်၊ ခါးတောက်ဖက်သို့၊ ယွင်းပျက်လေတတ်၊ မင်းနှင့်မတ်ကို၊" [၁၁၈၄] အာသံ*၂၁။
  • "တမာခွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှောဖက်၍၊ သရက်ချိုမြ၊ ဘန္တရလည်း၊ ကွယ်ပအပြီး၊ အခါးသီး၏၊" [၁၂၆၆] မဃ*၂၃၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ခုဒ္ဒကနိကာယ်၊ ၁၈၆-ဒဓိဝါဟနဇာတ်။
  2. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၂