ခြောက်ရက်စစ်ပွဲ
| ||||||||||||||||||||||||||||||||
တမ်းပလိတ်:Campaignbox Six-Day War |
ခြောက်ရက်စစ်ပွဲ ကို ဇွန်လစစ်ပွဲ၊ ၁၉၆၇ အာရပ်-အစ္စရေးစစ်ပွဲ သို့ တတိယ အာရပ်-အစ္စရေး စစ်ပွဲ စသည်ဖြင့် ရည်ညွှန်းလေ့ ရှိကြပြီး ၁၉၆၇ ဇွန်လ ၅ ရက်နှင့် ၁၀ ရက် အတွင်း အစ္စရေးနိုင်ငံနှင့်အမေရိကန် ပြင်သစ် အင်္ဂလန်တို့အစ္စရေးဘက်မှအိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီဂျစ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ အစ္စရေးနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများ အကြား အလွန်အမင်းတင်းမာမှုများ ဖြစ်ပွားပြီးနောက် ဇွန်လ ၅ရက်နေ့တွင် အစ္စရေးက အာရပ်တပ်များအား လေကြောင်းတိုက်ခိုက်မှု အမှတ်မထင် ရုတ်တရက် စတင်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။ ရလဒ်မှာ အစ္စရေး အနေနှင့် လျင်မြန်စွာပင် အောင်မြင်မှု ရလိုက်ခြင်း ဖြစ်သည်။ အစ္စရေးသည် အီဂျစ်ထံမှ ဂါဇာကမ်းမြောင်ဒေသ နှင့် ဆီနိုင်း ကျွန်းဆွယ်၊ ဂျော်ဒန်ထံမှ အနောက်ဘက်ကမ်းခြေနှင့် ဂျေရုဆလင် အရှေ့ပိုင်း၊ ဆီးရီးယားထံမှ ဂိုးလန်း ကုန်းမြင့် တို့ကို ရရှိ ထိန်းချုပ်နိုင်ခဲ့သည်။
တကယ်တမ်းဆိုသော် ဤစစ်ပွဲသည် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တစ်ခုဟုဆိုနိုင်ပေ၏။ ဤစစ်ပွဲကို မည်သူကမျှ မတိုက်ချင်ခဲ့ကြဘဲ စစ်ပွဲကြီးအဖြစ် မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့ရပေသည်။ ဤစစ်ကိုမီးမွှေးခဲ့သူ အဓိက တရားခံဟုဆိုနိုင်သူ အီဂျစ်သမ္မတ နာဆာ၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်အား အကျပ်ကိုင်ရန်သာဖြစ်၏။ အမေရိကန်ပြည်၏ဘဏ္ဍာရေး၊ စားနပ်ရိက္ခာ အကူအညီများဖြင့် ရှင်သန်ရပ်တည်ခဲ့ရာမှ ဆိုဗီယက်ပြည်ထောင်စု၏ စစ်ရေးအထောက်အပံ့များဖြင့် ဒေသတွင်း အင်အားတောင့်တင်းလာပြီးနောက် အမေရိကန်ပြည်အပေါ် မိတ်ဆွေမဆန်သည့် ဆက်ဆံရေးများ ပြုလုပ်လာခဲ့သောကြောင့် အမေရိကန်ပြည်က အီဂျစ်နိုင်ငံအပေါ် စီးပွားရေးအထောက်အပံ့အားလုံး ရုပ်သိမ်းလိုက်၏။ ပြည်တွင်းစားသုံးမှုအတွက် အမေရိကန်ဂျုံအပေါ် မှီခိုအားထားနေရသော အီဂျစ်နိုင်ငံတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် မကျေနပ်မှုများ၊ အုံကြွမှုများ ဖြစ်ပေါ်လာခဲ့၏။ ထိုအကျပ်အတည်းမှ အာရုံလွှဲရန် အာရပ်ကမ္ဘာ၏ ထောက်ခံမှုကို ရယူရန်ရည်ရွယ်ကာ ဘုံရန်သူ အစ္စရေးအား ရင်ဆိုင်ရဲသည့် အာရပ်သူရဲကောင်းအဖြစ် မိမိကိုယ်ကိုပွဲထုတ်လေတော့၏။
အီဂျစ်နှင့် အစ္စရေးကြားနယ်စပ်၊ ဆိုင်းနိုင်းသဲကန္တာရအတွင်း တပ်စွဲထားသည့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များအား ပြန်လည်ရုပ်သိမ်းရန်တောင်းဆိုလိုက်၏။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏အမိန့်ဖြင့် ထိုတပ်များ ရုပ်သိမ်းသွားပြီးနောက် သူတို့၏နေရာတွင် အီဂျစ်စစ်တပ်များ၊ ယန္တရားတပ်များကို အစားထိုးချထားလိုက်၏။ အစ္စရေးက ကန့်ကွက်သော်လည်း အခြားမည်သည့် ကမ္ဘာ့နိုင်ငံကမှ အရေးတယူမရှိလှပေ။
ထိုအခါ နာဆာသည် ပိုမိုအတင့်ရဲလာပြီး အစ္စရေး၏အသက်သွေးကြောဟုဆိုနိုင်သော တီရန်ရေလက်ကြားကို ပိတ်ဆို့လိုက်လေတော့သည်။ အာရပ်ကမ္ဘာတွင် နာဆာသည် သူရဲကောင်းကြီးဖြစ်သွားသော်လည်း အစ္စရေးအတွက်မူ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရလေတော့သည်။
၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရေးအခင်းပြီးနောက်တွင် တီရန်ရေလက်ကြားကို မည်သူကမျှမပိတ်ဆို့စေရဟု အမေရိကန်က အစ္စရေးအား အာမခံချက်ပေးထားခဲ့ပြီး၊ အစ္စရေးကလည်း တီရန်ရေလက်ကြားပိတ်ဆို့ခြင်းကို မိမိအားစစ်တိုက်ခြင်းဟု ယူဆမည်ဖြစ်ကြောင်း ပြတ်သားစွာကြေညာထားခဲ့၏။ တကယ်တမ်းတွင် အီဂျစ်၏လုပ်ရပ်အတွက် အမေရိကန်ကရော မည်သည့်နိုင်ငံကပါ အရေးတယူ မရှိလှသည့်အခါ အစ္စရေးအတွက် မိမိကိုယ်ကို အားကိုးရန် ဆုံးဖြတ်ရလေတော့၏။
အံ့ဩစရာကောင်းသည်မှာ ဤမျှဘေးကပ်ဆိုးကျရောက်နေချိန်တွင်ပင် ဒီမိုကရေစီနိုင်ငံဖြစ်သော အစ္စရေးနိုင်ငံရေးလောကတွင် ညီညွတ်မှုမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်မှုများဖြင့် အငြင်းအခုံ ထူပြောနေခဲ့၏။ သို့သော် နောက်ဆုံးတွင် အစ္စရေးပြည်သူတို့၏ ကြားဝင်လှုပ်ရှားတောင်းဆိုမှုဖြင့် ၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရးအခင်း၏ အစ္စရေးစစ်သူရဲကောင်းဖြစ်သူ မိုရှေဒါယန်း ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည်။ သူသည် မျက်လုံးတစ်ဖက်လပ်နေပြီး ထိုမျက်လုံးလပ်ကို အမည်းရောင်သားရေစဖြင့် ဖုံးအုပ်ထားရကာ အစ္စရေးနိုင်ငံ အသက်ရှင်ရပ်တည်ရန် စွန့်စားကြိုးပမ်းမှု၏ ပြယုဂ်သဏ္ဌာန်လည်းဖြစ်လေသည်။ သူ့အား မနှစ်သက်သူများက မလိုတမာပြောကြားကြစေကာမူ အစ္စရေးစစ်တပ်နှင့် အရပ်သားပြည်သူများ၏ စိတ်နှလုံးကို သူ၏ဆွဲဆောင်နိုင်မှုသည် ၁၉၆၇ ခြောက်ရက်စစ်ပွဲအတွင်း အစ္စရေး၏ အံ့ချီးဖွယ် စစ်ရေးအောင်မြင်မှုများ၏ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။
အစ္စရေးနိုင်ငံငယ်လေးသည် မိမိထက် လူသူလက်နက် အင်အားများစွာသာလွန်သော အာရပ်နိုင်ငံများစွာမှစစ်တပ်များကို ခြောက်ရက်အတွင်း ချေမှုန်းနိုင်ခဲ့ကာ မိမိ၏ရပ်တည်မှုသိက္ခာနှင့် ကမ္ဘာ့အသိအမှတ်ပြုမှုကို ရရှိခဲ့သော်လည်း ထိုစစ်ပွဲကြောင့်ပင် ယနေ့အထိမဖြေရှင်းနိုင်သေးသော ပြဿနာသောင်းခြောက်ထောင်ကို ရင်ခွင်ပိုက်ဖြေရှင်းနေခဲ့ရသည်။ အာရပ်နိုင်ငံများလက်အောက်ရှိ ဂါဇာကမ်းမြှောင်၊ ဂိုလန်ကုန်းမြင့်နှင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းကဲ့သို့သော ပြဿနာနယ်မြေများသည် အစ္စရေးအုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး အစ္စရေးအတွက် အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့များဖြစ်သော ဟားမတ်စ်၊ ဖာတာ၊ ဟဇ္ဇ်ဘိုလာစသည်တို့နှင့် ရင်ဆိုင်တိုက်ခိုက်နေရကာ ဆုပ်လည်းစူး၊ စားလည်းရူးအခြေအနေမျိုး ယနေ့ဆိုက်ရောက်နေခဲ့ရသည်။