ချီဘီမာရူကို-ချန်

ဝီကီပီးဒီးယား မှ

ချီဘီမာရူကို-ချန် (အင်္ဂလိပ်: Chibi Maruko-chan; ဂျပန်: ちびまる子ちゃん) သည် ဂျပန်ကာတွန်းဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး မိုမိုကို ဆာကူရာမှ ရေးသားပုံဖော်ထားခြင်း ဖြစ်သည်။ မိုမိုကို ဆာကူရာ၏ ငယ်စဉ်ကာလဖြစ်သော ၁၉၇၄ ခုနှစ်တွင် မာရူကိုအမည်ဖြင့် နေထိုင်ခဲ့ရစဉ်က ရိုးရှင်းသော နေ့စဉ်ဘဝနှင့် သူမမိသားစုအကြောင်းကို သရုပ်ဖော်ထားသည့် ဇာတ်လမ်းဖြစ်ပြီး ဖန်တီးသူ၏ မွေးရပ်ဇာတိဖြစ်သော ရှီဇူအိုကာမြို့တွင် ဇာတ်လမ်းတည်ထားသည်။

"မစ္စမာရူကို" သည်ကျောင်းသူတစ်ဦးဖြစ်သည်။ သူမပါဝင်သရုပ်ဆောင်ထားသော ကာတွန်းဇာတ်လမ်းဇာတ်ကွက်သည် ရိုးရိုးစင်းစင်းမျှသာဖြစ်သည်။ မစ္စမာရူကို သည်နေ့စဉ် ၎င်းမိသားစုနှင့်လည်းကောင်း၊ သူငယ်ချင်းများနှင့်လည်းကောင်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံပုံကို လူ့သဘောသဘာဝနှင့်အညီ ထောင့်စေ့စွာရိုက်ကူးတင်ပြထားသည်။

ယင်းအပြင် ၁၉၇၀ ပြည့်လွန်နှစ်များတဝိုက်က ဂျပန်မိသားစုများ၏ ဘဝနေထိုင်ပုံ ပုံစံတို့ကို တွေ့မြင်ရသည်။ ယနေ့တွင်အသက်အားဖြင့် ၃၀-၄၀ နှစ်ဝန်းကျင်ရှိနေသူများသည် မစ္စမာရူကို ကိုသိသူများသည်။

ဤကာတွန်းဇာတ်လမ်းကို ၁၉၉၀ ဇန်နဝါရီ ၇ ရက်မှ ၁၉၉၂ စက်တင်ဘာ ၂၇ ရက်နေ့အထိ ဖူဂျီရုပ်မြင်သံကြားလိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲအနေဖြင့် ထုတ်လွှင့်ခဲ့သည်။ ဒုတိယရုပ်သံဇာတ်လမ်းတွဲကို ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ ထုတ်လွှင့်နေဆဲဖြစ်သည်။