ချစ်ဆွေ၊ မေမြို့

ဝီကီပီးဒီးယား မှ
မေမြို့ချစ်ဆွေ
မေမြို့ချစ်ဆွေ
အမည်ရင်း ဦးချစ်ဆွေ
အမည်ကွဲ မေမြို့ချစ်ဆွေ၊ အောင်ချစ်
မွေးသက္ကရာဇ် ၁၇၊ ၉၊ ၁၉၃၃

နိုင်ငံသား မြန်မာနိုင်ငံ
အလုပ်အကိုင် တက္ကသိုလ်ဝင်တန်း အောင်မြင်
မွေးရပ်ဇာတိ မေမြို့ (ပြင်ဦးလွင်မြို့)
မိဘ ဦးရင် + ဒေါ်ဖွားရှင်


မေမြို့ချစ်ဆွေကို ၁၂၉၅ ခုနှစ်၊ တော်သလင်းလဆုတ် ၁၄ ရက်၊ တနင်္ဂနွေနေ့ (၁၇၊ ၉၊ ၁၉၃၃) တွင် မေမြို့ (ပြင်ဦးလွင်မြို့) ၌ အဖ ဦးရင်၊ အမိ ဒေါ်ဖွားရှင်တို့က မွေးဖွားသည်။ မေမြို့ (ပြင်ဦးလွင်မြို့) ၁၉၅၂ ခုနှစ်တွင် ၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်းသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စာစစ်ဌာနက ကျင်းပသော မြေတိုင်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မန္တလေး စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ် အထိ မေမြို့ (ပြင်ဦးလွင်မြို့) ဥတ္တရတိုင်း ကြေးနန်းဝန်ရုံးတွင် ဒုတိယတန်း စာရေး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပြင်ဦးလွင် တပ်နယ် စစ်ဘက် ဥပဒေ သင်တန်းကျောင်းတွင် ဥပဒေ စာကြည့်တိုက်မှူး အဖြစ် ၁၉၆ဝ ပြည့်နှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည်။


မေမြို့ချစ်ဆွေသည် ဟံသာဝတီ သတင်းစာ၊ ဗမာ့ခေတ် သတင်းစာ ဆိုင်ရာ မေမြို့ (ပြင်ဦးလွင်) မြို့နယ် သတင်းထောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်း စာကြည့်တိုက်ကဏ္ဍ အတွက် စာကြည့်တိုက် ဆောင်းပါးများ ရေးပေးခြင်းဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။


၁၉၅၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့အလင်း သတင်းစာတိုက် အတွက် သတင်းဆောင်းပါးများ ရေးသားရန် ဗီယက်နမ်နိုင်ငံ ဆေးဂုံမြို့၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့များသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။


၁၉၆ဝ ပြည့်နှစ်တွင် မေမြို့ (ပြင်ဦးလွင်မြို့) စာပေ အသင်းကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ထိုနှစ်မှာပင် မေမြို့ (ပြင်ဦးလွင်မြို့) စာစောင်ကို ထုတ်ဝေခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မေမြို့ (ပြင်ဦးလွင်) မြို့နယ် စာပေလုပ်သား အဖွဲ့ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှ ယနေ့ ၂၀၀၇ ခုနှစ်အထိ မေမြို့ (ပြင်ဦးလွင်မြို့) မြို့နယ် စာပေနှင့် စာနယ်ဇင်း ဥက္ကဋ္ဌနှင့် ဗဟိုဦးစီး ကော်မတီဝင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဆရာသည် မေမြို့ (ပြင်ဦးလွင်မြို့) နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းနှင့် ပြင်ဦးလွင် (၁၀၅) နှစ်မြောက် အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေရာ၌ ဦးဆောင် ပါဝင်ခဲ့သည်။


မေမြို့ချစ်ဆွေသည် ၂၀၀ဝ ပြည့်နှစ်တွင် မေမြို့ (ပြင်ဦးလွင်မြို့) မဟာအံ့ထူးကံသာ ဘုရားကြီး ဂေါပက အဖွဲ့ဝင်၊ ကျောက်တောင်ဇိနမာန်အောင် ဘုရား ဂေါပက အဖွဲ့ဝင်၊ ဗုဒ္ဓဘာသာ လူမှုရေးအသင်း အတွင်းရေးမှူး၊ မေမြို့ (ပြင်ဦးလွင်) ချမ်းမြေ့ရိပ်သာ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုအခါ မိသားစုနှင့် အတူ အမှတ် ၁၅၇၊ က၊ (၅) ရပ်ကွက်၊ လားရှိုးလမ်း၊ ရပ်ကွက်ကြီး (၃)၊ ပြင်ဦးလွင်မြို့တွင် နေထိုင်လျက် ရှိသည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

၁။ ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း ၁၉၇၀

၂။ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း ၁၉၈၀

၃။ မြန်မာ့ကော်ဖီ ၂၀၀၀

၄။ မြန်မာပြည်ဖွားဂေါ်ရခါး ၂၀၀၀

၅။ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး သမိုင်းမှတ်တမ်း ၂၀၀၀

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'