ချင်ဟောက်စုပင်

ဝီကီပီးဒီးယား မှ
Artemisia annua
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Asterales
မျိုးရင်း: Asteraceae
မျိုးဇာတ်: Anthemideae
မျိုးစု: Artemisia
မျိုးစိတ်:
A. annua
ဒွိနာမ
Artemisia annua
Synonyms[၁]

Artemisia chamomilla C.Winkl.

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် ပေါများစွာ ပေါက်ရောက်လျက်ရှိသော ချင်ဟောင်၊ သို့မဟုတ် သိပ္ပံပညာရှင်များအခေါ် Artemisia annua အပင်မှ ထုတ်လုပ်သည့် ချင်ဟောက်စုသည် ငှက်ဖျားရောဂါကုသရာတွင် ထက်မြက်သော ဆေးတစ်လက်ဖြစ်သည်။

ငှက်ဖျားရောဂါကု ပထမဆုံးဆေးကို ၁၆ ရာစုနှစ်များ အတွင်း စင်ကိုးနားအပင်၏ အခေါက်များမှ ရရှိခဲ့သည်။ ထိုဆေးကို ပီးရူးနိုင်ငံမှ ဒေသခံတိုင်းရင်းသားများ သုံးစွဲသည်ကို တွေ့ရှိခဲ့ပြီးနောက် ဂျီဆု သာသနာပြုအဖွဲ့ဝင်များက ဥရောပတိုက်သို့ သယ်ဆောင်သွားခဲ့ကြသည်။ စင်ကိုးနား အပင်၏ အခေါက်ကို အသုံးပြု ဖော်စပ်သော ကွီနိုင်ဆေးကိုမူ ၁၈၃၄ ခုနှစ်တွင် ပြင်သစ်လူမျိုး ဆေးပညာရှင်တစ်ဦးက ဖော်ထုတ်နိုင်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်အထိ ကွီနိုင်သည် ငှက်ဖျားရောဂါရှင်များ၏ တစ်ခုတည်းသော အားကိုးစရာဆေးဖြစ်ခဲ့သည်။

နောက်ပိုင်းကာလတွင် ကလိုရိုကွင်း၊ အေမိုဒိုင်ယာကွင်း၊ ပလူဒရင်း၊ မက်ပါကရင်း၊ ဆာလဖာဒေါ့ဆင်း၊ ပိုင်ရီမီသမင်း၊ ပရိုင်မာကွင်းစသည့် ဆေးသစ်များ ပေါ်ပေါက်လာခဲ့သည်။ သို့သော် ဆေးသစ်များသည် မည်သို့ပင် အစွမ်းထက်စေကာမူ ငှက်ဖျားရောဂါပိုးများက ဆေးကို တစပြီးတစ ယဉ်ပါးလာခဲ့သည်။ ထို့ကြောင့် ယခုခေတ်တွင် ငှက်ဖျားရောဂါက လူသားတို့အကြား ပြန်လည်ခေါင်းထောင်လာခဲ့သည်။ တချိန်က အားထားရသည်ဆိုသော ကွီနိုင်ဆေးနှင့် လူသားတို့အကြား ကျယ်ကျယ်ပြန့်ပြန့် မသုံးစွဲရသေး သည့် နောက်ဆုံးပေါ် မီဖလိုကွင်းဆေးကိုပင် ရောဂါပိုးများက ယဉ်ပါးစပြုနေပြီ ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ငှက်ဖျားရောဂါ အမြစ်ပြတ်ရေးအတွက် လူသားတို့ အားထားရမည့် ချင်ဟောက်စုခေါ် ဆေးတစ်မျိုး ပေါ်ပေါက်ခဲ့သည်။ အမှန်မှာ ယင်းဆေးကို တရုတ်နိုင်ငံ၌ စတင်ထုတ်လုပ်အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၅ဝဝ ကျော်ခဲ့ပြီ ဖြစ်သည်။ အေဒီ ၃၄ဝ ခန့်တွင် ဂျီဟောင်း အမည်ရှိ တရုတ်သမားတော်ကြီး ရေးသားခဲ့သော ဆေးကျမ်း တွင်ပင် ထိုဘယဆေးပင်ကို ငှက်ဖျားရောဂါကု ဆေးတစ်လက် အဖြစ် ဖော်ပြထားခဲ့သည်။

၁၉၆၇ ခုနှစ် နောက်ပိုင်းကာလတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ တိုင်းရင်းဆေးနည်းကောင်းများ ပြန်လည် ဖော်ထုတ်ရေး အစီအစဉ်အရ ချင်ဟောင်အပင်ကို ခေတ်ပေါ် စမ်းသပ်နည်းများဖြင့် သုတေသန ပြုခဲ့ကြသည်။ ၁၉၇၁ ခုနှစ် တွင် ၎င်းအပင်မှ အစွမ်းထက်သော တရုတ်အခေါ် ချင်ဟောက်စု၊ အနောက်တိုင်းအခေါ် အာတီမီဆီနိုင်း ဆေးသစ် ကို ဖော်ထုတ်နိုင်ခဲ့သည်။

ထိုဆေးဖြင့် တရုတ်နိုင်ငံအတွင်း၌ ငှက်ဖျားရောဂါသည် လူနာပေါင်း ၂ဝ၉၉ ဦးကို ကုသပေးခဲ့ရာ ရောဂါသည်အားလုံး ပျောက်ကင်းခဲ့သည်။ ကလိုရိုကွင်း ငှက်ဖျားရောဂါကုဆေးဖြင့် ကုသ၍မရသော ဝေဒနာ ရှင် ၁၄၃ ဦးနှင့် ဦးနှောက်တွင်းသို့ ရောဂါပိုးဝင်ပြီး သတိလစ်နေသော ရောဂါရှင် ၁၄၁ ဦးကိုလည်း ဤဆေးဖြင့် ကုသခဲ့ရာ အောင်မြင်ခဲ့သည်။

ထို့ကြောင့် ချင်ဟောက်စု ဆေးကို အမြောက်အမြား ထုတ်လုပ်နိုင်ရေးနှင့် ကမ္ဘာတဝန်းလုံး၌ အသုံးပြု နိုင်ရေး အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ပြီး ၁၉၈၁ ခုနှစ် အတွင်းတွင် တရုတ်ပြည်၌ စည်းဝေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ယင်းဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ရေးအတွက် သုတေသီများအား ငွေကြေးအကူအညီများ ပေးခဲ့သည်။

ကံအားလျော်စွာ ချင်ဟောက်စုဆေးကို မြန်မာနိုင်ငံမှ ငှက်ဖျားရောဂါကျွမ်းကျင်သော ဆရာဝန်ကြီးများ စမ်းသပ်ခွင့်ရခဲ့သည်။ ရန်ကုန်၊ သာယာဝတီ၊ ကျိုင်းတုံ ဆေးရုံကြီးများ၌ ဝေဒနာရှင် ၁ဝဝ တိတိကို စမ်းသပ်ကုသခဲ့ရာ ဤဆေး၏ အစွမ်းသည် ကွီနိုင်ထက်ပင် အားကိုးရကြောင်းတွေ့ခဲ့ရသည်။ ထိုတွေ့ရှိချက် များကို ၁၉၈၅ ခုနှစ်တွင် ကျင်းပသော ဆရာဝန်ညီလာခံ၌ စာတမ်းသုံးစောင်ဖြင့် တင်ပြခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ၌ ထို ဘယဆေးပင်ကို စိုက်ပျိုးပြီး ချင်ဟောက်စုဆေး ထုတ်လုပ်နိုင်ရန် ကြိုးပမ်း လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List Artemisia annua L.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)