ခိုးငွေ့

ဝီကီပီးဒီးယား မှ
နိုက်ထရိုဂျင် အောက်ဆိုဒ်ငွေ့ပါရှိသော လေလုံပုလင်းပြွန်တစ်ခု ; နီညိုညို နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်နှင့် အရောင်မဲ့ ဒိုင်နိုက်ထရိုဂျင် တက်ထရောဆိုဒ်တို့သည် မျှခြေအနေအထား၌ ရှိနေပုံကို ပြသထား၏။

ရူပဗေဒတွင် ခိုးငွေ့ (သို့) ရေငွေ့[မှတ်စု ၁](အင်္ဂလိပ်: vapour or vapor) သည် အဆုံးစွန်ကူးပြောင်း အပူချိန် (critical temperature) တစ်ခုထက်နိမ့်သော အပူချိန်တစ်ခုခု၌ ရှိသည့် အရာဝတ္ထုတစ်ခု၏ 'အငွေ့'အဆင့်(အနေအထား) တစ်ခုဖြစ်သည်။[၁] ဤနေရာ၌ဆိုလိုသည်မှာ အပူချိန်ကို မလျော့ချဘဲ ဖိအား တိုးမြှင့်လိုက်ခြင်းဖြင့် ရေငွေ့သည် အရည်အဖြစ် ငွေ့ရည်ဖွဲ့နိုင်သည်။ ရေငွေ့သည် 'အငွေ့' ၌တွဲခိုဆိုင်းနေသောအရာ (aerosol) နှင့် မတူ ကွဲပြား၏။[၂] အဲရာဆောလ် (aerosol) ဆိုသည်မှာ အငွေ့တစ်ခုအတွင်း အရည်၊ အခဲ တို့၏ အလွန်သေးငယ်လှသော အမှုန်လေးများ၏ တွဲခိုဆိုင်းနေခြင်းဖြစ်သည်။[၂]

ဥပမာအနေဖြင့် ရေ၌ အဆုံးစွန်ကူးပြောင်း အပူချိန် (critical temperature) သည် ၆၄၇ ကယ်လ်ဗင် (၃၇၄ ဒီဂရီ စင်တီဂရိတ်; ၇၀၅ ဒီဂရီ ဖာရင်ဟိုက်) ရှိ၍ ထိုအပူချိန်၌ အရည်သဏ္ဌာန်ဖြစ်နေသော 'ရေ'တည်ရှိနိုင်သော အမြင့်ဆုံးအမှတ် အပူချိန်ဖြစ်၏။ ပုံမှန်အပူချိန်၌ လေထုတွင် အငွေ့သဏ္ဌာန်ဖြစ်နေသော 'ရေ' (သို့) ရေငွေ့ သည် ၎င်း၏တစ်ပိုင်းဖိအား (partial pressure) ကို လုံလောက်စွာ တိုးမြင့်လိုက်လျှင် အရည်အဖြစ် ပြန်လည် ကူးပြောင်း (သို့) ငွေ့ရည်ဖွဲ့နိုင်သည်။ condensation ဟု အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုနိုင်သည်။

ရေငွေ့သည် အရည် ( သို့ အခဲ) နှင့် ယှဉ်တွဲတည်ရှိနိုင်သည်။ ဤအချက်မှန်ကန်နေသမျှကာလပတ်လုံး အထက်ဖော်ပြပါ အဆင့်နှစ်ခု (ငွေ့ - ရည်/ခဲ) သည် မျှခြေအခြေအနေတစ်ခုတွင် ရှိနေလိမ့်မည်ဖြစ်ပြီး အငွေ့၏ တစ်ပိုင်းဖိအား (partial pressure) သည် အရည်(အခဲ) ၏ မျှခြေအနေအထား ရေငွေ့ဖိအားနှင့်လည်း တူညီနေလိမ့်မည်ဖြစ်၏။[၁]

ဂုဏ်သတ္တိများ[ပြင်ဆင်ရန်]

ဖိအား-အပူချိန် ပြောင်းလဲမှုအဆင့်ပြပုံတွင် ခိုးငွေ့-အရည် (vapor-liquid) ၏ အဆုံးစွန်ကူးပြောင်းမှတ် (critical point) သည် အငွေ့-အရည် (liquid-gas) အဆင့်နယ်နိမိတ်မျဉ်း၏ မြင့်မားသော အပူချိန်အစွန်း၌ တည်ရှိသည်။ (အစိမ်းရောင်အစက်မျဉ်းသည် ရေ၏ ပုံမှန်မဟုတ်သော သဘောသဘာဝကို ပြသထား၏။)

ရေငွေ့သည် အပူချိန်တစ်ခု၌ ဖြစ်နေသော အငွေ့အဆင့်ကို ရည်ညွှန်းဆိုလို၍ ယင်းအပူချိန်၌ တူညီသောအရာဝတ္ထုတစ်ခု၏ အငွေ့သည် အရည် (သို့) အခဲ အနေအထားများနှင့်လည်း ယှဉ်တွဲတည်ရှိနေနိုင်သည်။ သို့သော် အထက်၌ဖော်ပြသော အပူချိန်တစ်ခုဆိုရာ၌ အဆုံးစွန်ကူးပြောင်း အပူချိန်ထက် နိမ့်ရပေမည်။ (ဥပမာ - ရေ၏ အဆုံးစွန်ကူးပြောင်း အပူချိန်သည် ၃၄၇ °C (၆၄၇ K) ဖြစ်၍ အရည်အနေအထားဖြစ်သော 'ရေ'တည်ရှိနိုင်သည့် အမြင့်ဆုံးအမှတ်ဖြစ်သည်။) အကယ်၍ ရေငွေ့သည် အရည် (သို့) အခဲ အဆင့်နှင့် တွေ့ထိပါက အဆင့်နှစ်ဆင့် (ငွေ့ - ရည် (သို့) ငွေ့ - ခဲ ) သည် သာမိုဒိုင်းနမစ်အရ မျှခြေအနေအထားတွင် ရှိလိမ့်မည်။ [မှတ်စု ၂] အငွေ့ (gas) ဆိုသည်မှာ ဖိညှစ်နိုင်သော ငွေ့ရည် (fluid) အဆင့်ကို ဆိုလိုသည်။ တစ်သမတ် အမြဲဖြစ်နေသော အငွေ့များ (fixed gas) ဆိုသည်မှာ ထိုအငွေ့၏ အပူချိန်၌ ထိုအငွေ့သည် အရည်လည်း မဖြစ်နိုင်၊ အခဲလည်း မဖြစ်နိုင်သော အငွေ့များကို ဆိုလိုသည်။ ဥပမာပြရပါက စံသတ်မှတ်ထားသော ပတ်ဝန်းကျင်အပူချိန်တွင်ရှိနေသော 'လေ' ဖြစ်သည်။ ရေငွေ့ထုတ်လွှင့်ရန်အတွက် အရည် (သို့) အခဲ မှာ (မဖြစ်မနေ) ဆူပွက်စရာမလိုအပ်ချေ။

ရေငွေ့သည် အများသိမြင်ရင်းနှီးနေကြသော ဖြစ်စဉ်များဖြစ်သည့် တိမ်တိုက်ဖွဲ့စည်းခြင်းနှင့် ငွေ့ရည်ဖွဲ့ခြင်း များအတွက် အထူးအရေးပါ၏။ ရေငွေ့ကို ပုံမှန်အားဖြင့် ပေါင်းခံနည်းစနစ်များနှင့် headspace extraction နည်းစနစ်များတွင် အသုံးချကြသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. ဤဆောင်းပါးတွင် အချို့နေရာများ၌ 'ရေငွေ့'ဟုသုံးနှုန်းသော်လည်း ရေငွေ့အပါအဝင် 'vapor' ဖြစ်နိုင်သည့် အရာဝတ္ထုပစ္စည်းတိုင်းကို ဆိုလိုပါသည်။
  2. ဤ၌ မျှခြေအနေအထားဆိုသည်မှာ အငွေ့က အရည်နှင့် ထိပါက အငွေ့သည် အရည်အဖြစ်ပြောင်းလဲစဉ် အရည်ကလည်း အငွေ့အဖြစ် ပြောင်းလဲသော အနေအထားကို ဆိုလို၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ R. H. Petrucci, W. S. Harwood, and F. G. Herring, General Chemistry, Prentice-Hall, 8th ed. 2002, p. 483–86.
  2. ၂.၀ ၂.၁ "Chemical evaluation of electronic cigarettes" (2014). Tobacco Control 23 (Supplement 2): ii11–ii17. doi:10.1136/tobaccocontrol-2013-051482. ISSN 0964-4563. PMID 24732157.