မင်းကြီးကတော် ခင်ဆုံ

ဝီကီပီးဒီးယား မှ
(ခင်ဆုံ (မင်း​ကြီး​က​တော်) မှ ပြန်ညွှန်းထားသည်)

ခင်ဆုံ (မင်းကြီးကတော်) (ခရစ် ၁၇၉၀ - ၁၈၆၀ ခန့်)သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားသော မြန်မာအမျိုးသမီး စာဆိုတော်တစ်ဦး ဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက် မြေထဲဝန်၏သမီး ဖြစ်သည်။ ဘကြီးတော်မင်း (စစ်ကိုင်းမင်း) လက်ထက်တွင် ကဗျာလင်္ကာများကို ဖွဲ့ဆိုသဖြင့် ထင်ရှားသည်။ ခင်ဆုံသည် မြဝတီမင်းကြီးနှင့် ခေတ်ပြိုင်စာဆိုတော်တစ်ဦး ဖြစ်သည်။ ဘကြီးတော်ဘုရားလက်ထက် ဇလွန်မြို့စား ရွှေလှံဗိုလ်နှင့်လက်ထက်ခဲ့ရာ 'ရွှေလှံဗိုလ် ကတော်ခင်ဆုံ' အဖြစ် ထင်ရှားသည်။ ရွှေဘိုမင်းလက်ထက်တွင် ရွှေလှံဗိုလ်သည် ကောင်းတုံဝန်ကြီးဖြစ်လာရာ'မင်းကြီးကတော်ခင်ဆုံ' အဖြစ် ဆက်လက် ထင်ရှားသည်။ နောင်တွင် ကွပ်ရွာကို စားရသဖြင့် ' ကွပ်ရွာစား မင်းကြီးကတော်ခင်ဆုံ' အဖြစ် ထင်ရှား၏။

ခင်ဆုံသည် ဘကြီးတော်မင်းလက်ထက်မှစ၍ ရွှေဘိုမင်း (သာယာဝတီမင်း)၊ ပုဂံမင်းနှင့် မင်းတုန်းမင်းလက်ထက်တော်များတိုင် ကဗျာလင်္ကာများ ရေးဖွဲ့သည်။ ခင်ဆုံ၏ ကဗျာဂီတတွင် သီချင်းခန့်ပတ်ပျိုး၊ တေးထပ်၊ သဖြန်ဒွေးချိုး၊ လေးဆစ်သဖြန် စသည်တို့ပါဝင်သည်။ ပန်းပျိုးသီချင်းများကို ရေးသားခြင်းဖြင့် ခင်ဆုံသည် တူရိယာ ဂီတဘက်တွင် နှံ့စပ်ကျွမ်းကျင်ကြောင်း သိရသည်။

ခင်ဆုံ၏ ကဗျာများတွင် နက်နဲသော ပါဠိဝေါဟာရများကို သုံးစွဲထားသဖြင့် ပါဠိကျမ်းဂန် တတ်မြောက်ကြောင်းကိုလည်း သိသာသည်။ အဖွဲ့အနွဲ့ ယဉ်ကျေး၍ နန်းမူနန်းဟန်ပါသည်။ တင်စားဖွဲ့နွဲ့ပုံများကို တွေ့မြင်ရသဖြင့် စိတ်ကူးထက်မြက်ကြောင်း ထင်ရှားသည်။ ခင်ပွန်းသည် ကောင်းတုံမင်းကြီးမှာ စောစီးစွာ ကွယ်လွန်သော်လည်း ခင်ဆုံသည် နောက်အိမ်ထောင်မပြုဘဲနေခဲ့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)