ကြော်ငြာသီချင်း

ဝီကီပီးဒီးယား မှ

မြန်မာပြည်၏ စားသုံးသူများထံ ကြော်ငြာလိုသူများသည် တောရော မြို့ပါမကျန် ပရိသတ်အရေအတွက် အများဆုံးသို့ ထိရောက်စေနိုင်မည့် ရုပ်မြင်သံကြားလိုင်း(TV Channel) များတွင် ကြော်ငြာများ ထည့်သွင်းလေ့ရှိကြသည်။ ထိုသို့ကြော်ငြာများ ရိုက်ကူးထည့်သွင်းရာတွင် ကြော်ငြာအများစုသည် နောက်ခံသီချင်း Playback ဖြင့် ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်များက အမူပိုပို သရုပ်ဆောင်ပြကြလေ့ ရှိသည်။ ထိုကြော်ငြာများအတွက် သုံးစွဲသည့် သီချင်းများကို ကြော်ငြာသီချင်းများဟု ခေါ်သည်။

ကြော်ငြာသီချင်းအများစုကို သီဆိုကြသည့် အဆိုတော်များမှာ ဂရေဟမ်(Graham) နှင့် ရတနာဦး တို့ဖြစ်သည်။ ကြော်ငြာသရုပ်ဆောင်များအကြားတွင် အထင်ရှားဆုံးမှာ မင်းသမီး ထက်ထက်မိုးဦးဖြစ်သည်။ သူမသည် ရုပ်မြင်သံကြား ကြော်ငြာများတွင် ဆယ်စုနှစ်တစ်ခုကြာ စိုးမိုးဦးဆောင်ခဲ့သူဖြစ်သည်။ ထက်ထက်မိုးဦး၏ ကြော်ငြာအများစုအတွက် နောက်ခံသီဆိုသူမှာ ရတနာဦးဖြစ်သည်။ ကြော်ငြာသီချင်းများ ပေါက်သွားလျှင် ပရိသတ်ပါးစပ်ဖျားတွင် စွဲကျန်နေတတ်သည်။ ကြော်ငြာသီချင်းအများစုမှာ ကမ္ဘာကျော်တေးသီချင်းများကို မြန်မာစာသားထည့်ထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ သီချင်းအသစ် ထွက်ပြီးမကြာသေး၊ မြန်မာပြည်ရှိ ရုပ်မြင်သံကြားပေါ်တွင် ကြော်ငြာသီချင်းအဖြစ် ကြားနိုင်မည်ဖြစ်သည်။

ကြော်ငြာတွင် သီချင်းနှင့် သရုပ်ဆောင်မှုကို ငြီးငွေ့ကြောင်း စတင်ပြောကြားသူမှာ ကြော်ငြာများစွာ လက်ခံရိုက်ကူးခဲ့သူ မင်းသား လွင်မိုးဖြစ်သည်။ သူသည် ကြော်ငြာများကို ပုံစံအမျိုးမျိုးနှင့် ဆန်းသစ်ရိုက်ကူးမှုကို အားပေးလိုသဖြင့် သီချင်းများဖြင့် ရိုက်ကူးမည့်ကြော်ငြာများကို လက်မခံပါဟု ပြောခဲ့သူဖြစ်သည်။ မည်သို့ဆိုစေ ထက်ထက်မိုးဦးခေတ် နောက်ပိုင်း ကြော်ငြာများသည်လည်း ငယ်ရွယ်လှပသော မော်ဒယ်လေးများက လှတပတ သရုပ်ဆောင်ပြထားသော ကြော်ငြာသီချင်းများဖြင့်သာ ဆက်လက်ခရီးဆက်နေဆဲဖြစ်သည်ကို တွေ့ရပေသည်။