ကြီး၊ ဦး (ဝန်စာရေး)

ဝီကီပီးဒီးယား မှ

ဝန်စာရေး ဦးကြီး (၁၂၁ဝ - ၁၂ရဝ ခန့်)[ပြင်ဆင်ရန်]

မြန်မာ သက္ကရာဇ် ၁၂၆၃ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၁ ခုနှစ်တွင် နှောင်းခေတ် မြန်မာ ဝတ္ထုများ အနက် ရှေးအကျဆုံး ဖြစ်ပေသော ဂျိမ်း (စ်) လှကျော်၏ 'မောင်ရင်မောင် မမယ်မ' ဝတ္ထုကို 'ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်' က ရိုက်နှိပ် ထုတ်ဝေသည်။ ဤဝတ္ထုမျိုးမှာ ရှေးအခါက မပေါ်ပေါက်ဘူးသော ကြောင့်လည်း လူကြိုက် အလွန် များပေ၏။ ထိုအခါ 'ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်' နှင့် အပြိုင်အဆိုင် ဖြစ်သော 'ဟံသာဝတီ သတင်းစာ ပုံနှိပ်တိုက်' ပိုင်ရှင် မစ္စတာ ရစ်ပလေက မိမိ၏ အယ်ဒီတာ များကို 'ဤ ဝတ္ထုမျိုး မရေးနိုင် ကြပါလား' ဟု မေးမြန်းရာ အယ်ဒီတာ တဦး ဖြစ်သူ ဝန်စာရေး ဦးကြီးက သူ ရေးပါ မည်ဟု ကတိကဝတ် ပြု၍ 'ချဉ်ပေါင်ရွက်သည် မောင်မှိုင်း' ဝတ္ထုကို စတင် ရေးခဲ့ လေသည်။ သို့နှင့် နှောင်းခေတ် ဝတ္ထု သမိုင်းတွင် ဒုတိယမြောက် ပေါ်ပေါက် လာပေသော 'ချဉ်ပေါင်ရွက်သည် မောင်မှိုင်း' ဝတ္ထုကို မြန်မာ သက္ကရာဇ် ၁၂၆၆ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၄ ခုနှစ်တွင် 'ဟံသာဝတီ သတင်းစာ ပုံနှိပ်တိုက်' က ရိုက်နှိက် ထုတ်ဝေ လိုက်လေသည်။


ဤအကြောင်းနှင့် စပ်လျဉ်း၍ မြန်မာ သက္ကရာဇ် ၁၃၁၅ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၅၃ ခုနှစ် ဒီဇင်ဘာလထုတ် 'မြဝတီ မဂ္ဂဇင်း' အတွဲ ၂၊ အမှတ် ၂၊ 'ငွေဥဒေါင်း'၏ 'မြန်မာ မဂ္ဂဇင်း သမိုင်း' ဆောင်းပါးတွင် 'ဆရာကြီး သခင် ကိုယ်တော်မှိုင်း' (ဦးလွန်း) အား ကလောင် အမည် များမှာ မစ္စတာ မောင်မှိုင်း ဟူသော ကလောင် အမည်မှ အစပြု သည်ဟု အချို့က ဆိုကြရာ ဟုတ် - မဟုတ်၊ မှန်- မမှန် မေးမြန်း စုံစမ်း ကြည့်သော အခါ ဆရာကြီးက အောက်ပါ အတိုင်း ဖြေကြား လိုက်ကြောင်းဖြင့် မှတ်တမ်း တင်ထား၏။


"... အေး၊ ဟုတ်ကောင်း ဟုတ်ပါ လိမ့်မယ်။ နို့ပေမဲ့ စာအုပ် မှာသာ ဖြစ်ပါ လိမ့်မယ်။ သတင်းစာတွေ ထဲမှာတော့ ငါတို့ အရင် နာမည်ဝှက်နဲ့ ရေးသူတွေ ရှိနေ ပါပြီ။ 'နတ်ကြီး' တို့၊ 'မဲမှုတ်' တို့၊ 'ကြွက်စုတ်' တို့ ပေါ့ကွာ။ ငါလဲ အဲဒီ နာမည် တွေကို အတု ယူပြီး 'မစ္စတာ မောင်မှိုင်း' လို့ မှည့်လိုက် တာပဲ။ ရည်ရွယ်ချက် ကတော့ အဲဒီ အချိန်က ခွေးမသား - အင်္ဂလိပ်ကို အတု ယူပြီး တို့မြန်မာ တွေက 'မစ္စတာ' တို့တဲ့ အမည်ကို သုံးနေ ကြလို့ အဲဒီ အချိန်က လူကြီးတွေ အင်မတန် ကဲ့ရဲ့ ခံရတဲ့ 'မောင်မှိုင်း' အမည်နဲ့၊ 'မစ္စတာ' တွဲပြီး ချိုးလိုက် တာပဲ။ ဖြစ်ပုံက ဒီလိုကွ။ အဲဒီ အချိန်က ဟံသာဝတီ ပုံနှိပ်တိုက်ကြီးနဲ့ ခေတ်ပြိုင် ဖြစ်တဲ့ ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်က ဂျိမ်း (စ်) လှကျော် ဆိုတဲ့သူ ရေးတဲ့ 'မောင်ရင်မောင် မမယ်မ' ဝတ္ထု ထွက်လာတယ်။ ဒီလို ဝတ္ထုမျိုးက တခါမှ မထွက်ဘူး သေးတော့ ပရိသတ်က သဘော ကျတယ်။ အဲဒါကို ဟံသာဝတီ တိုက်ရှင် မစ္စတာ ရစ်ပလေကြီး သိတော့ သူ့အယ်ဒီတာ တွေကို ဒီလို ဝတ္ထုမျိုး မရေးနိုင် ကြဘူး လားလို့ မေးတယ်။ ဒီတော့ ဟံသာဝတီ အယ်ဒီတာ တယောက် ဖြစ်တဲ့ ဝန်စာရေး ဦးကြီးက သူ ရေးမယ် ဆိုပြီး 'ချဉ်ပေါင်ရွက်သည် မောင်မှိုင်း' ကို ရေးတာပဲ။ ဝတ္ထု ထဲမှာ မောင်မှိုင်းက ကြာသမား ပေါ့ကွယ်။ ဒီဝတ္ထုဟာ ကာလသား လူငယ်ပိုင်း မှာတော့ ဟိုးလေး တကျော် ဖြစ်သွား တာပေါ့။ နို့ပေမဲ့ လူကြီးပိုင်းက နှိပ်ကွက်လို့ တိတ်တိတ်ပုန်း ဖတ်ကြ ရတယ်။ ငါက အဲဒီ လူကြီးတွေ ရွံတဲ 'မောင်မှိုင်းကို' သူတို့ အင်မတန် ခံတွင်း တွေ့နေတဲ့ 'မစ္စတာ' နှင့် တွဲပေး လိုက်တာပဲ။ ဘာပြော ကောင်းမလဲ၊ 'မစ္စတာ' တွေ ပွက်လော ရိုက်ကုန်ပြီး အဲဒီ ကတည်းက တစတစ ပျောက်ကုန် တော့တာပဲ ...။"


အထက်ပါ မှတ်တမ်းကို ကြည့်ခြင်း အားဖြင့် ကလောင် အမည်များ သမိုင်း၊ 'ချဉ်ပေါင်ရွက်သည် မောင်မှိုင်း' ဝတ္ထု အကြောင်း အပြင် ဝန်စာရေး ဦးကြီးသည် မြန်မာ သက္ကရာဇ် ၁၂၆၆ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၄ ခုနှစ် ဟံသာဝတီ သတင်းစာ စာပုံနှိပ် တိုက်၌ အယ်ဒီတာ တဦး အဖြစ် ထမ်းရွက် နေကြောင်း ကိုလည်း သိကြ ရပေသည်။ ဦးကြီးအား 'ဝန်စာရေး' ဦးကြီးဟု ခေါ်တွင်ကြောင်းနှင့် ပတ်သက်၍မူ မြန်မာ သက္ကရာဇ် ၁၂၇၃ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၁၁ ခုနှစ်က ထပ်မံ ရိုက်နှိပ် ထုတ်ဝေသော 'ချဉ်ပေါင်ရွက်သည် မောင်မှိုင်း' ဝတ္ထု၊ ပထမ တွဲ၏ နိဒါန်းတွင် -

"... ရတနာပုံ ရွှေမြို့တော်ကြီးကို ဒုတိယမြောက် ရွှေနန်းစံတော် မူသော ဘုရင် ဧကရာဇ် မင်းမြတ် လက်ထက်တော်က အမြောက်၊ ဆင်၊ မြင်း၊ ဝင်း၊ ဒိုင်း ရ - စို့ ဆိုင်ရာ ကုန်းကြောင်း စစ်သည် ဌာနချုပ် တိုင်တား မြို့စား မင်းကြီး၏ ဝန်စာရေးကြီး ဦးမောင်ကြီး ..."

ဟု တွေ့ရှိ ရသည့် အတိုင်း သီပေါမင်း တရားကြီး လက်ထက် တိုင်တား မင်းကြီး ထံ၌ ဝန်စာရေး အဖြစ် ထမ်းရွက် ခဲ့ဖူးကြောင်း သိကြရ ပြန်ပေသည်။


ဦးကြီး ရေးသည့် အခြား ဝတ္ထုများ အကြောင်း နှင့်သော်ကား မြန်မာ သက္ကရာဇ် ၁၃၁၇ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၅၆ ခုနှစ် ဇန်နဝါရီလထုတ် 'မြဝတီ မဂ္ဂဇင်း'၊ အတွဲ ၄၊ အမှတ် ၃ တွင် ပါရှိသည့် 'သူရိယကန္တိ' ၏ 'မြန်မာ ဝတ္ထု ဂန္ဂဝင် အကျဉ်း' ၌ ဝန်စာရေး ဦးကြီးသည် 'ချဉ်ပေါင်ရွက်သည် မောင်မှိုင်း' ဝတ္ထု အပြင် 'စိန်ကလေး' ဝတ္ထုနှင့် 'မြကလေး' ဝတ္ထု တို့ကို အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၅ ခုနှစ် အတွင်း ရေးသား ထုတ်ဝေ ကြောင်းနှင့် ဖော်ပြ ထားပေသည်။ ထိုဝတ္ထု သုံးပုဒ်မှ တပါး အခြား ဝတ္ထုများ ရေးသား သေးသည်ဟု အမှတ်အသား မရှိ။ သို့ရာတွင် ထိုဝတ္ထု သုံးပုဒ်မှ အပ 'ခင်ခင်ညွန့်' ဝတ္ထု ကိုပါ ရေးသား သေးကြောင်း နှင့်လည်း မြန်မာ သက္ကရာဇ် ၁၂၆၇ ခုနှစ် ဝါဆိုလ အတွင်း ရန်ကုန်မြို့၊ ၂၅ လမ်း စာဆိုတန်း၊ တိုက်နံပါတ် ၆၄၊ ကဝိန္ဒာသီရိ ပုံနှိပ်တိုက်မှ ရိုက်နှိပ် ထုတ်ဝေသော 'မောင်မှိုင်း ဝတ္ထု' တတိယတွဲ၏ အဆုံး ကြော်ငြာ စာမျက်နှာတွင် ပါရှိသည့် အောက်ပါ ကြော်ငြာစာကို ကြည့်ခြင်း အားဖြင့် သိကြရ ပေသေးသည်။


"... ချစ်မိတ်ဆွေ အများတို့ ထင်ရှား သိသာ စေရန် ထပ်မံ၍ ကြော်ငြာ လိုက်ပါသည်။ ယခု 'မောင်မှိုင်း ဝတ္ထု' အသွားအလာမှာ အများ တကာတို့ နှစ်သည်ကို ငဲ့၍ ရေးရသည် ဖြစ်သောကြောင့် အနုအရင့် ရောပြွမ်း၍ နေပါသည်။ အယဉ်အကျေးနှင့် ထီးနန်း အမူအရာမှာ 'မြကလေး ဝတ္ထု'နှင့် 'ခင်ခင်ညွန့်ဝတ္ထု' များကို ဝယ်ယူ ကြည့်ရှုတော် မူကြပါ။ ကျွန်ုပ်တို့ ဆရာကြီး ဝန်စာရေးကြီး ဦးကြီး စီမံ ရေးသားသော စာအုပ် မှန်က အဖိုး မဆုံးနိုင်ဟု စိတ်ချ ယုံကြည် ပြီးလျှင် ရန်ကုန်မြို့၊ သိမ်ကြီးဈေး၊ အီဘရာဟင်၊ မူဆာဖွားတို့ စာအုပ်ဆိုင်သို့ တအုပ်လျှင် ၁ိ - ၄ ပဲ ကျနှင့် မြန်မြန် ဝယ်ယူ ကြည့်ရှုတော် မူကြပါ။ အမြို့မြို့ စာအုပ် ဆိုင်တိုင်း မှာပင် ရနိုင်သည် ချစ်မိတ်ဆွေ"

[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်သော ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ'
  1. မောင်မှိုင်း ဝတ္ထု၊ ပထမတွဲလာ နိဒါန်း။
  2. မောင်မှိုင်း ဝတ္ထု၊ တတိယတွဲလာ ကြော်ငြာ။
  3. မြဝတီ မဂ္ဂဇင်း အတွဲ ၂၊ အမှတ် ၂ လာ 'ငွေဥဒေါင်း'၏ 'မြန်မာ မဂ္ဂဇင်း သမိုင်း' ဆောင်းပါး။
  4. မြဝတီ မဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၃ လာ 'သူရိယကန္ဈိ' ၏ 'မြန်မာ ဝတ္ထု ဂန္ဈဝင် အကျဉ်း' ဆောင်းပါး။]