ချဉ်ပေါင်ရွက်သည် မောင်မှိုင်း (ဝတ္ထု)

ဝီကီပီးဒီးယား မှ

ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုသည် မြန်မာကာလပေါ် ဝတ္ထုများအနက် ဒုတိယ ထွက်ပေါ်လာသော ဝတ္ထုဖြစ်သည်။ ပထမဆုံး မြန်မာကာလပေါ် ဝတ္ထုဖြစ်သည့် မောင်ရင်မောင် မမယ်မ ဝတ္ထုနှင့် တစ်နှစ်တည်းမှာပင် လအနည်းငယ်ခြားပြီးနောက် ထွက်ပေါ်လာသည်။ ဤဝတ္ထုကို ရေးသားသူမှာ သီပေါမင်းတရား လက်ထက် ရာဇဝတ်ရေးဌာနနှင့် အမြောက်၊ ဆင်၊ မြင်း၊ ဝင်း၊ ဒိုင်း ခုနစ်စို့ဆိုင်ရာ ကုန်းကြောင်းစစ်သည် ဌာနချုပ် တာဝန်ခံ တိုင်တားမင်းကြီး၏ ဝန်စာရေးဦးကြီးဖြစ်သည်။

မောင်ရင်မောင် မမယ်မဝတ္ထု ထွက်ပေါ်လာပြီးသည့် နောက်ပိုင်းတွင် စာဖတ်ပရိသတ်သည် အာသာမပြေပဲ အလားတူ ကာလပေါ် ဝတ္ထုများကို တောင့်တလျက်ရှိကြောင်း ဟံသာဝတီတိုက်ရှင်က သိမြင်သောကြောင့် ဦးကြီးအား ပန်ကြားသည်တွင် ဦးကြီးက မိမိရေးသားပါမည်ဟု အာမခံပြီးလျှင် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကို ခေတ်အကြိုက် လိုက်လျောအောင် ရေးသားခဲ့သည်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကို ၁၉၀၄ ခုနှစ် တစ်နှစ်တည်းမှာပင် ပထမနှင့် ဒုတိယတွဲဟူ၍ ၂ တွဲ ခွဲခြားကာ ဟံသာဝတီပုံနှိပ်တိုက်မှ ဦးစွာ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ အများနှစ်သက် စွဲလမ်းသဖြင့် တတိယတွဲကို ဆက်လက် ရေးသားခဲ့သည်။ စတုတ္ထတွဲ ဆက်လက်ရေးသားရန် မူလက ရည်ရွယ်ခဲ့သော်လည်း မရေးဖြစ်ခဲ့ချေ။ ထိုနောက် ၁၉၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၄၀ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၆၀ ခုနှစ်တွင် စတုတ္ထအကြိမ် ထိုဟံသာဝတီပုံနှိပ်တိုက်မှပင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ မူလက ၃ အုပ်ခွဲ၍ ရိုက်နှိပ်ခဲ့သော်လည်း စတုတ္ထအကြိမ်တွင်မူ ၂ အုပ်နှင့်ပြီးအောင် စီမံထုတ်ဝေခဲ့သည်။

စာအရေးအသား[ပြင်ဆင်ရန်]

ဝန်စာရေး ဦးကြီးကား ရှေးအထက်ကျော်ကာလက အိပ်ဖန်အလှည့်ကျ အဖော်အသင်းတို့အား တညဉ့်လုံး မအိပ်ချင်အောင် ဖွဲ့ဆင်ပုံခင်း ပပြောဆိုခဲ့ဖူးသူ ဖြစ်သည်လည်းတဝ၊ ကဗျာလင်္ကာ လောကီရေးရာကို ရှာဖွေစပ်စု ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်လည်း တကြောင်းတို့ကြောင့် မောင်မှိုင်းဝတ္ထုကို ရေးရာတွင် စကားပြေ သက်သက်ချည်းမဟုတ်ပဲ ကာရန်နဘေ ရောစွက်ကာ ဖတ်ရှု၍ ပြေပြစ်အောင် ရေးသားထားသည်။ ဤသို့ ရေးရာတွင် အခန်းကဏ္ဍများ ခွဲထားခြင်း မရှိပဲ တောက်လျှောက် တဆက်တသည်း ရေးသားထားသည်။ မောင်မှိုင်းဝတ္ထုမှာ ရှေးမြန်မာမင်း လက်ထက်ကို နောက်ခံပြုထားသည်ဖြစ်၍ ယင်းကို ဖတ်ရှုခြင်းအားဖြင့် ရှေးခေတ်၏ ဖြစ်ပျက်ဆက်ဆံလေ့ရှိသော ကာလဒေသ သဘာဝ ပတ်ဝန်းကျင်ကိုလည်းကောင်း၊ ခေတ်ကာလအလျောက် စီကုံးဖွဲ့နွဲ့ရေးသားပုံကို လည်းကောင်း၊ လောကဓမ္မ သံဝေဂတို့ကိုလည်းကောင်း ကြေးမုံပြင်သဖွယ် ထင်ထင်ရှားရှား မှတ်သးတွေ့မြင်နိုင်မည် ဖြစ်သည်။

ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုတွင် ဦးကြီးသည် ဇာတ်ကောင်တစ်ဦးကို မူလထား၍ ဖွဲ့နွဲ့ရေးသားထားသည်။ ထိုအဓိက ဇာတ်ကောင်ကို မောင်မှိုင်းဟူ၍ ရွေးချယ်သည်မှာ အကြောင်းမဲ့မဟုတ်။ ဘိုးတော်ဘုရားလက်ထက်တွင် ပညာရှိ ပိဋကတ်တော်အုပ် ဦးပညာ၏သား မောင်မှိုင်းဆိုသူသည် ဖခင်၏ ဂုဏ်ကျေးဇူးကြောင့် ဖခင်ကွယ်လွန်သောအခါ ဘိုးတော်ဘုရား၏ သူကောင်းပြုခြင်းကို ခံရသည်။ ဘုရင်၏ မြှောက်စားခံရမှုကို အခွင့်ကောင်းဟူ၍ ပရမ်းပတာ ပြုမူပြောဆို လိမ်လည်ပွေနောက် ခဲ့ဖူးသည်။ ထိုမောင်မှိုင်း အကြောင်းများကို ရှေးအခါကပင် ချဲ့ထွင်ပြောဆိုခဲ့ကြသဖြင့် မောင်မှိုင်းမှာ လူရှုပ်လူပွေ တစ်ဦးအဖြစ်ဖြင့် ထီးထဲနန်းထဲတွင် စကားစဉ် ရှိခဲ့ဖူးသည်။ ထိုကြောင့်လည်း ဦးကြီးသည် မိမိ၏ ဝတ္ထုတွင် အဓိကဇာတ်ကောင်ဖြစ်သူအား သဘာဝနှင့် လျော်ကန်အောင် မောင်မှိုင်းဟု အမည်ပေးလိုက်ခြင်း ဖြစ်ဖွယ်ရှိသည်။

ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထု ပေါ်ထွက်လာသောအခါ ဇာတ်လိုက်ဖြစ်သူ မောင်မှိုင်းကို စာဖတ်သူတို့က စက်ဆုပ်ရွံမုန်းကြသည်။ မောင်မှိုင်းဟူသော အမည်သည် သူတပါးသားပျို သမီးပျိုများကို လိမ်လည်လှည့်ဖြားကာ ဖျက်ဆီးလေ့ရှိသော သူယုတ်မာ ကြာသမားတစ်ယောက်၏ အမည်ဖြစ်ကြောင်း သိရှိအမှတ်အသား ပြုထားကြသည်။ ထိုခေတ်က မောင်မှိုင်းဟု တင်စားခေါ်ဝေါ်ခံရသူသည် လွန်စွာနာကြည်းသည် ဟူ၏။

ချဉ်ပေါင်ရွက်သည် မောင်မှိုင်းသည် ချဉ်ပေါင်ရွက် ရောင်းနေရာမှ ကျောက်ပန်းတောင်းစား မောင်မောင်ကြီးအသွင်တမျိုး၊ ကျောက်ကုန်သည် မောင်ကလေးအသွင်တဖုံ၊ ဘုရင့်အဝယ်တော် ခင်မောင်ကြီးအသွင်တနည်း၊ ဇနီးမယား အများအပြားယူလျက် ဉာဏ်ရှိသလောက် ပြုသမျှအောင်မြင်၍ ဘုရင်မင်းမြတ် အထူးမြှောက်စားခြင်းကို ခံရကာ အတွင်းဝန် မြစ်စဉ်ဝန် ပုဂံမြို့စား မင်းကြီး မင်းလှဇေယျ မင်္ဂလာဟူသော ဘွဲကို ရရှိပြီးလျှင် မယားအပေါင်းလည်း မြို့စား ရွာစားအဖြစ် အသီးသီး ချီးမြှောက်ခြင်း ခံရလေသည်။

အခါတပါး၌ ဝတ္ထု၏ ဇာတ်ကောင်ဖြစ်သော အတွင်းတန်မောင်မှိုင်း စဉ်းစားသုံးသပ်သည်ကို ကောက်နုတ်ဖော်ပြခြင်းဖြင့် မောင်မှိုင်းအကြောင်း တစိတ်တဒေသနှင့်တကွ ဦးကြီး၏ အရေးအသား စာဟန်ကိုပါ ခန့်မှန်းနိုင်သည်။

‘‘ထိုအခါက ပုဂံအတွင်းဝန်မင်း စိတ်က အောက်မေ့သည်မှာ အောင်ငမှိုင်း ငမှိုင်း လူ့ပြည်တိုင်းမှာ သမိုင်းတစောင် ရာဇဝင်မှာ စာတင်ဖို့ ပြောင်လောက်ပြီ။ ချဉ်ပေါင်ရွက်က အရင်းထူတော့ သင်းမူလ ပထမငယ်ရည်း ခင်လေးကြီးက ဥိးစိးဘူတ ပုဆိုးနှင့်ငွေ စိန်နှင့်ရွှေကို အခြေစ၍ မသည်ကနောက် အပုံကြီးဟန်ပြီးလျှင် ကြံတိုင်းကို ပေါက်ပေသည်။ အောက်မင်းလှနယ် မဧကြွယ်ကို ဆွယ်အပြီး မမကြီးကို တက်ကစီးယူ ပရိယာယ်နှင့် ဥစ္စာကို ချူသောခါ စိတ်တူဧမြ ပေးရှာကြသည်ကို နေရာတကျ တဖက်လှဲ့ ငတေနှင့်ကဲ့ပြီးမှ တကယ့်အဟုတ် ကျောက်ကုန်သည် လုပ်ပြီးလျှင် ကျောက်ထုပ်နှင့်လည် ဒေါ်ပြောင်းက စပ်သွယ်၍ မယ်ဝန်ကို ထုတ်ချောက် အပြောကလေး ဟန်သေကြောင့် အကြံကြီး မြောက်ခဲ့သည်။ အောက်မြို့ ရန်ကုန် စုန်ပြန်ကြရာ ခါလာဖော့တို့က နှစ်ကျော့လောက် ညာပေး၍ ဘာဘူကြီးသမက် ဘီဘီနှင့် လက်ထပ်၍ သုံးထပ်ပေါ်တက်ပြီးလျှင် တချက်ထဲနော် သုံးသိမ်းလောက် ကော်ဒါနဲ့ ရွှေဖဝါးတော်သို့ အမြန်တခါတည်း ဆန်ပြီးလျှင် ဉာဏ်ရှိသလောက် သူများနှင့် လက်ထပ်ဖို့ မဏ္ဍပ်တွေ ဆောက်ပြီးမှ ကြားဖောက်၍ကူ ခင်လေးကြီး ငယ်ရည်းစားကို အားစိုက်၍ ယူပြီးလျှင် မူမူရင်ရင် မြင်မြင်သမျှ လှလှနုနု ပုပုပြတ်ပြတ် ဆံပတ်အုပ်လုံး ဆံထုံးမောက်မောက် ဆံတောက် မမှီ့တမှီ စည်းကြိုးနီနှင့် ကုမ္မာရီ ပျိုအလှတို့ကို လိုသမျှ တမျိုးတမျိုး ခွဲပြီးလျှင် ကိုးလှည်းလောက် မယားဖြူဖြူတို့ကို တခြားသူ မသိအောင် ကြိတ်လို့မို့ တိတ်တိတ်ကလေး ယူခဲ့လှလေပြီ။ ကာမရိပ်ငြိမ် အတွင်းဝန်ဘဝ ထင်သလိုရသော်လည်း တဆိတ်ကမှပင် တင်းမတိမ်ပဲ လူတို့၏စည်းစိမ်ကို အရှိန်မပျက်နိုင်အောင် မက်မောတွယ်တာ၍ တဏှာကို အလိုများပြီး တရားကို မေ့လျော့တတ်ချေသည်။ ဟယ် ကာမာဘဝ ဘုံဘဝတွင် လောဘတွယ်တာ ကိလေသာကြောင့် တဏှာထွေးရစ် ဖြစ်ချင်တိုင်းဖြစ်ပြီးလျှင် နစ်တုံပေါ်တုံ ရူပါရုံကြောင့် ကာမဂုဏ်ပွား ဥပါဒါန် မပြုတ်သမျှ ဒုက္ခတွေ များစေဖို့ မယားက စနက် ကိလေသာ ဆိုတဲ့စက်ကို မီးစက်၍လောင် သံသရာက မထွက်နိုင်ဖို့ကို ကြက်ငှက်ကို လှောင်ဘိသကဲ့သို့ နှောင်အိမ်က မလွတ် ဘယ်တော့မှ မကျွတ်နိုင်ပဲ ဝဋ်နှိပ်စက်ရာ ခံရတာကို လွန်စွာနှစ်သက် ရွက်သူတို့ ဝက်ကဲ့သို့ စုံမက်မိမှား အဝိဇ္ဇာတရားကို လားလားမှမမြင် ငါစည်းစိမ်ရှင်ကပဲဟု ဂုဏ်ထင်တဲ့ မာနမာန်စွယ်ကို ပြပြီးလျှင် ဒေါသနှင့်နှောက်၊ မင်းသံနှင့် ခြောက်လိုက်ပြီးလျှင် အောက်လူအများ ကြောက်တာနှင့် ပြားရလေသည်။ သူ့မယား မျက်ရည်ယိုမှ ကိုယ့်မယား ချမ်းသာသည်ဆိုသော ဥပမာကဲ့သို့ ယခုအခါ ကုသိုလ်ကြွသော်လည်း ဥဒါဟိုပ မလျော်တာကို မမိုက်မှားရအောင် နုပျိုအလှ အမော်ကညာကြိုက်တဲ့ မယားတွေနှင့် အမှုပိုစပြီး အလော်မာကို မလိုက်စားပဲ သည်မယား ရှစ်ယောက်နှင့်ပင် တင်းတိမ်ရတော့မည်ဟု စိတ်ကိုချုပ်၍ အောက်မေ့မိလေ၏။’’

သို့သော် ဤသည်တွင် မဆုံးသေးပဲ ဝင်းမှူးသမီး ခင်ခင်၊ တံငါသည်သမီး ဖဲညွန့်အပြင် မိတ္ထီလာ၊ ရမည်းသင်း၊ ယင်းတော်၊ လှိုင်းတက်၊ သာဂရမြို့များသို့ ဝတ္တရားဖြင့် သွားရောက်စဉ် မိကောင်းဖခင် သမီးပျိုကလေးများကို မိဘတို့ သဘောတူသောကြောင့် ဥစ္စာပစ္စည်း ပေးကမ်းချီးမြှောက်လျက် တစ်မြို့တစ်ယောက် ကောက်ယူခဲ့လေသေးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)