ကြည်စိုးထွန်း
စည်သူ ကြည်စိုးထွန်း | |
---|---|
မွေးဖွား | မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ | ၉ ဒီဇင်ဘာ၊ ၁၉၄၅
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၇၇ – လက်ရှိ |
မိဘ(များ) | ဦးထွန်း၊ ဒေါ်လှ |
ရရှိသည့်ဆုများ | ဒိုး (ဒါရိုက်တာဆု, ၁၉၈၉) သူ့ကျွန်မခံပြီ (ဒါရိုက်တာဆု, ၁၉၉၇) ဆန်ရေ (ဒါရိုက်တာဆု, ၂၀၀၂) ဆဌဂံ (ဒါရိုက်တာဆုနှင့် ဇာတ်ညွှန်းဆု, ၂၀၀၆) |
ကြည်စိုးထွန်း (၁၉၄၅ ဒီဇင်ဘာ ၉ ဖွား - ) သည် မြန်မာနိုင်ငံသား ရုပ်ရှင် ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းဆရာ၊ စာရေးဆရာ၊ တစ်ဦးဖြစ်သည်။ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ငါးဆုရရှိထားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ အကယ်ဒမီ အကဲဖြတ် စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ စသည့် တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ MRTV-4 ရုပ်သံလိုင်းတွင် မှတ်မှတ်ထင်ထင် မြန်မာ့ရုပ်ရှင် အမည်ဖြင့် ရှေးကာလမှစ၍ ခေတ်သစ်ကာလအထိ ရုပ်ရှင်နှင့်ပတ်သက်သော အကြောင်းအရာများကို တင်ဆက်ခဲ့သောသူတစ်ဦးလည်းဖြစ်သည်။
ဘဝအကျဉ်း
[ပြင်ဆင်ရန်]ကြည်စိုးထွန်းကို ၁၉၄၅ တွင် ဦးထွန်း၊ ဒေါ်လှတို့က ဖွားမြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဘူမိဗေဒဘာသာရပ်ကို ဆည်းပူးခဲ့ပြီး ၁၉၇၇ ၌ ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။[၁] ပထမဆုံးစတင်ရိုက်ကူးသော ရုပ်ရှင်မှာ ၁၉၈၀ တွင် ထွက်ရှိသော ချမ်းမြေ့ပါစေ ဖြစ်၍ [၂] အခြားထင်ရှားသော ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများစွာလည်း ရရှိခဲ့သည်။ ၂၀၀၅ မှ ၂၀၀၇ အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး[၂] ထို့နောက်ပိုင်းတွင် "အကယ်ဒမီ အကဲဖြတ် စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ" အဖြစ်လည်း တာဝန်ယူခဲ့သည်။[၃]
မြန်မာ့ရုပ်ရှင်လောကနှင့်ပတ်သက်၍ ဗဟုသုတစုံလင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် MRTV-4 ရုပ်သံလိုင်းတွင် အသံတိတ်ခေတ်မှစ၍ ခေတ်သစ်ပိုင်းအထိ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်များကိုလည်း ၂၀၀၉ မှစ၍ ထုတ်လွှင့်ခဲ့သည်။ ၂၀၁၁ ၌ ကြည်စိုးထွန်း၏ မောင်ကျောက်ခဲနှင့် အခြားဝတ္ထုတိုများ စာအုပ်သည် ဆရာဝန်တင်ရွှေဆု ချီးမြှင့်ခံရခဲ့သည်။[၄]
၂၀၁၁ တွင် အစာအိမ်ကင်စာခံစားရ၍ စင်္ကာပူနိုင်ငံ၌ ဆေးကုသမှု ခံခဲ့ရသည်။ ၂၀၁၂ တွင် ဒေါ်သီတာလင်းတည်ထောင်သော Laurel Art Academy သို့ ပူးပေါင်းခဲ့၏ ။
ထင်ရှားသည့် ရုပ်ရှင်များ
[ပြင်ဆင်ရန်]ကြည်စိုးထွန်း၏ ထင်ရှားသောဇာတ်ကားအချို့မှာ:[၂]
- ဒိုး (၁၉၈၉) - (ဒါရိုက်တာဆု)
- စုန်ရေ (၁၉၉၀)
- မသုဓမ္မစာရီ (၁၉၉၄)
- သူ့ကျွန်မခံပြီ (၁၉၉၇) - (ဒါရိုက်တာဆု)
- ဆန်ရေ (၂၀၀၂) - (ဒါရိုက်တာဆု)
- ပေးဆပ်သူတို့နှလုံးသား (၂၀၀၄)
- ဆဌဂံ (၂၀၀၅) - (ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု)
- ချစ်ခြင်းငယ်ပြိုင် (၂၀၀၅)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kyi Soe Tun။ International Film Festival Rotterdam (IFFR)။
- ↑ ၂.၀ ၂.၁ ၂.၂ U Kyi Soe Tun။ International Film Heritage Festival။
- ↑ ချစ်ပိုး (25 March 2019)။ အကယ်ဒမီမှာ ပုဂ္ဂိုလ်စွဲ မထားဖို့ ဒါရိုက်တာ ကြည်စိုးထွန်း ပြော။ The Irrawaddy။
- ↑ Zon Pann Pwint (12 May 2014)။ Pressing questions with director Kyi Soe Tun။ Myanmar Times။ 26 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။