မာတိကာသို့ ခုန်သွားရန်

ကျောင်းသားနေ့

ဝီကီပီးဒီးယား မှ
ကျောင်းသားနေ့ အထိမ်းအမှတ်ပွဲ

ကျောင်းသားနေ့

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကျောင်းသားနေ့မှာ ဒီဇင်ဘာလ ၂ဝ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ၁၉၃၈ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့၍ ဖြစ်ပေါ်လာပုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ကျောင်းသားများသည် ဗြိတိသျှအစိုးရလက်အောက်တွင် အခါအခွင့်သင့်တိုင်း လွတ်လပ်ရေးအတွက် ဆန္ဒပြခြင်း၊ တောင်းဆိုခြင်း၊ ကြွေးကြော်ခြင်းများကို ပြုခဲ့ကြသည်။ ထို ၁၉၃၈ ခုနှစ်မှာ ဝန်ကြီးချုပ် ဒေါက်တာဘမော် ခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရလက်ထက် ဖြစ်လေသည်။ ထိုနှစ် နိုဝင်ဘာလ ၃ဝ ရက် (သက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆန်း ၉ ရက်) နေ့တွင် ရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့၏။ သပိတ်သမား ၁၂ဝဝ ကျော်တို့သည် အရေး ဆိုရန် ရန်ကုန်မြို့သို့ ခြေလျင်ချီတက်ခဲ့ရာ၊ မကွေးသို့ ရောက် လာကြသည်။ မကွေးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုဘဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေတို့ ရေနံချောင်း ကျောင်းသားသပိတ်ကိစ္စအတွက် ရောက်နေကြ သည်နှင့် ကြုံကြိုက်နေသည်။ အမျိုးသားအရေးဖြစ်၍ ထိုကျောင်းသားခေါင်းဆောင် ၂ ဦးက ရေနံမြေသပိတ် ကိစ္စတွင် ကူညီတရားဟောရာ၊ အစိုးရက ဖမ်းဆီးလိုက်၏။ ထို့ကြောင့် ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသား ကိုယ်စားလှယ်များသည်၎င်း၊ တက္ကသိုလ်သမဂ္ဂသည်၎င်း၊ အစည်းအဝေးများကျင်းပကာ မိမိတို့ခေါင်းဆောင်များ အဖမ်း ခံရသည်ကို ကန့်ကွက်သောအနေဖြင့် မြန်မာနိုင်ငံ ကျောင်းသား အားလုံးက ၃ ရက် သပိတ်မှောက်ပေးရန် ဆုံးဖြတ်ကြသည်။၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ကိုအောင်ကျော်သည် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့တွင် ပါဝင်သည့်အလျောက် အရေးတော်ပုံ အတွက် အစီအစဉ်များဖြင့် မအားမလပ် ဖြစ်နေလေသည်။ ရေနံမြေသပိတ်သမားများအား ဆူပူအောင် လှုံ့ဆော်ရေး တရားဟောမှုဖြင့် တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့အား အစိုးရက ဖမ်းဆီးလိုက်သောအခါ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆုတ် (ရ)ရက်နေ့ ညဉ့်တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအသင်းတိုက်၌ ကိုအောင်ကျော်အပါအဝင် သမဂ္ဂအမှုဆောင်အဖွဲ့က ရန်ကုန်နှင့် မကွေး၌ အစိုးရက ထုတ်ထားသော ပုဒ်မ ၁၄၄ ရုပ်သိမ်းရန်နှင့် ဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင်များကို အမြန်လွှတ်ရန် အစိုးရထံ တောင်းဖို့ ဆုံးဖြတ်ချက် ချကြသည်။ သို့ရာတွင် တောင်း ဆိုချက်များမရရှိသည့်အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်း ပေါင်းစုံမှ ကျောင်းသားများနှင့် မြို့မကျောင်းသားများ သည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် ဝင်းအတွင်း စုရုံးပြီးနောက် ပုဒ်မ ၁၄၄ ကန့်ကွက်သည့်အနေနှင့် စီတန်းလမ်းလျှောက် ဆန္ဒပြကြရာ ကိုအောင်ကျော်က ကြွေးကြော်သံများကို ရှေ့မှတိုင်၍ လိုက်ရသည်။ ထို့ပြင် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့လုံး ဆိုင်ရာ ကျောင်းသားများ စုပေါင်း၍၊ ရန်ကုန်မြို့ အတွင်းဝန် များ ရုံးကြီးကို ဝိုင်းကာ ဝင်ပေါက်ထွက်ပေါက်ကို ပိတ်လျက် သပိတ်တားကြ၏။ နံနက် ၁၁ နာရီ အချိန်တွင် သပိတ်တား ပြီး၍ ပြန်ကြရန် လူစုပြီး ရုံးကြီးကိုလှည့်ပတ် ကြွေးကြော်ကြ သည်။ ထိုသို့ကြွေးကြော်သော ကျောင်းသားများကို စပတ်လမ်း နှင့် ဖရေဇာလမ်းထောင့်တွင် မြင်းစီးပုလိပ်များက မြင်းနှင့် တိုက်၊ တုတ်နှင့်ရိုက်လေသည်။ ကျောင်းသားကျောင်းသူ အများ အပြားပင် ဒဏ်ရာရရှိကြသည်။ ကျောင်းသားခေါင်း ဆောင် ၁ ဦး ဖြစ်သော ယုဒသန်ကောလိပ် ဥပစာအထက်တန်းမှ ကိုအောင်ကျော်မှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းစွာရ၍ ကွယ်လွန် သွားရှာလေ၏။

ကွယ်လွန်ကြောင်းသိသည်နှင့် မိဘဆွေမျိုးများဝမ်းနည်း ကြေကွဲစွာ ရောက်ရှိလာကာ အလောင်းကို ဇာတိချက်မြေသို့ ယူခွင့်ပြုရန်တောင်း သော်လည်း ကျောင်းသားများ၏ဆန္ဒအရ ရန်ကုန်မြို့တွင်ပင် ခုနစ်ရက် ထားပြီးလျှင် ပြာသိုလဆန်း ၈ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်ရာ မကြုံစဖူး အထူးစည်ကား သိုက် မြိုက်လှလေသည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် သွေးမြေကျခဲ့ရသည့် အစိုးရ၏ အပြုအမူကို ကန့်ကွက် သည့် အနေဖြင့် မြို့မ-ဦးဘလွင် သည် လွှတ်တော်အမတ် အဖြစ်မှ နုတ် ထွက်ခဲ့သည်။ ကေအိုင်အိချ်ဘွဲ့ကိုလည်း အစိုးထံ ပြန်လည် ပေးအပ်ခဲ့သည်။ ကိုအောင်ကျော်၏ဂူကို ကြံတောသုဿာန်ရှိ နိုင်ငံရေးခေါင်းဆောင်ကြီး ဦးထွန်းရှိန်ဂူနှင့်ယှဉ်၍ သီးသန့် ပြုလုပ်ထားလေသည်။ မြန်မာတစ်နိုင်ငံလုံး လည်း ဝမ်းနည်းကြေ ကွဲသောအထိမ်းအမှတ်ဖြင့် တစ်ချိန်တည်းလိုပင် ဆွမ်းသွတ် အမျှဝေခြင်းပြုကြသည်။ အာဇာနည်ကိုအောင်ကျော်အကြောင်း ဖွဲ့နွဲ့စပ်ဆိုသော သီချင်းများလည်း အတော်များများ ပေါ်ပေါက် ခဲ့လေသည်။

ထိုအခါ ကျောင်းသားလောကနှင့်တကွ တစ်နိုင်ငံလုံး သိမ့်သိမ့်တုန်အောင် လှုပ်ရှားကာ အမျိုးသားစိတ် ဓာတ်များ အလွန်တက်ကြွလာကြသည်။ ကိုအောင်ကျော်ကိုလည်း တိုင်းပြည်လူထုက 'နေမျိုးသီဟသူရ'ဘွဲ့ဖြင့် ခြီးမြှောက်သည်။ သူ၏ဈာပနမှာလည်း မကြုံဘူးအောင် အထူးစည်းကားလှ လေသည်။ ဤသို့ ကျောင်းသားနှင့် လူထု၏ အမျိုးသားစိတ်ဓာတ် တော်လှန်ရေးစိတ်ဓာတ်တို့ကို တိုးတက်ဖြစ်ပေါ်စေခဲ့သော ဒီဇင်ဘာလ ၂ဝ ရက်နေ့ကို အမှတ်တရ ဖြစ်စေရန်၊ 'ကျောင်းသားနေ့'ဟု သတ်မှတ်ခဲ့ကြ၏။ ကျဆုံးရှာသော ကိုအောင်ကျော်ကို ဂုဏ်ပြုသောအားဖြင့် 'ဗိုလ်အောင်ကျော်နေ့' ဟုလည်း တွင်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)