ကျိုက်မတ်ကော်စေတီတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကျိုက်မတ်ကော်စေတီတော် သည် သုဝဏ္ဏဘူမိ − ဟံသာဝတီ − ဥဿာပဲခူး စသည့် မွန် − မြန်မာမင်းအဆက်ဆက်တို့တည်ထားကိုးကွယ်ခဲ့သည် ရှေးဟောင်းသမိုင်းဝင်စေတီတော်တစ်ဆူ ဖြစ်၏။ မြတ်စွာဘုရား ဆံတော်ကိန်းဝပ်စံပယ်တော်မူရာ စေတီတော်ဖြစ်ပြီး ဉာဏ်တော်အတောင် ၂၁၀ ရှိသည့်အတွက် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် ဉာဏ်တော်အမြင့်ဆုံး စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

တည်နေရာ[ပြင်ဆင်ရန်]

စေတီတော်သည် ကဝမြို့ ၏ အရှေ့ဘက် ၃ မိုင် ၅ ဖာလုံအကွာတွင် တည်ရှိသည့် ဖလေးရွာ တွင် တည်ရှိသည်။ ဖလေးရွာသည် ကဝ − အုန်းနှဲ ကားလမ်းဘေး ၆ ဖာလုံအကွာတွင် တည်ရှိသည်။ စေတီတော်မြတ်ကြီး၏ ကုန်းတော်သည် ပဲခူးရိုးမ၏ တောင်စွယ်တစ်ခု ဖြစ်သည့် ဟင်္သာကုန်း − ကျိုက်ပဒိုင်၊ တာဝ − ဖလေး − မိုးဂနိန်းကုန်းတန်းတွင် တည်ရှိသည်။ ထိုကုန်းတန်းကို နာဂဟတ္ထိကုန်း သို့မဟုတ် ကျိုက်ဒေးကော်ဟု ခေါ်ဆိုခဲ့ကြသည်။ မြန်မာတို့က ထိုကုန်းတော်ကို နာဂဟတ္ထိကုန်းတော်ဟု ခေါ်ဆိုခဲ့ကြသည်။

စေတီတော်မြတ်ကြီး၏ တည်ရာကုန်းတန်းသည် လည်ပင်းသဏ္ဌာန် ရှိသဖြင့် ရှေးခေတ်မွန်တို့သည် ကျိုက်ဒေးကော်ဟု ခေါ်ဆိုခဲ့ကြသည်။ ကျိုက်ဒေးကော်၏ အဓိပ္ပါယ်မှာ ကျိုက် = ဘုရား၊ ဒေး = တောင်၊ ကော် = လည်ပင်း၊ တောင်လည်ပင်းဘုရားဟု အဓိပ္ပါယ်ရ၏။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သုဝဏ္ဏဘူမိသို့ မြတ်စွာဘုရား ကြွတော်မူခြင်း[ပြင်ဆင်ရန်]

မဟာသက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင် ဖြစ်၏။ ထိုအချိန်တွင် သုဝဏ္ဏဘူမိတိုင်း၊ သုဓမ္မဝတီ သထုံပြည်ကြီးတွင် တိဿဓမ္မသီဟရာဇာ (မဟာသီရိမာသောကမင်း) သည် စိုးစံလျှက် ရှိ၏။ ထိုအချိန်ကာလတွင် မဇ္ဈိမဒေသ၌ မြတ်စွာဘုရားသည် သတ္တဝါဝေနေယျတို့အား တရားလှည့်လည်ဟောကြားလျက် ရှိ၏။

တစ်နေ့သောအခါ မြတ်စွာဘုရား၏ သာဝကတစ်ဦးဖြစ်သည့် ဂဝံပတိရဟန္တာသည် ဘဝဟောင်းက မိခင်၊ အတိတ်ဘဝက မွေးစားဖခင် သီဟကုမာရရသေ့၊ ဘကြီးတော် တိဿကုမာရရသေ့နှင့် နဂါးဥဖွားနောင်တော် သုဝဏ္ဏဘူမိပြည့်ရှင် မဟာသီရိမာသောကမင်းတို့ကို ကျေးဇူးဆပ်လိုသဖြင့် သထုံပြည်သို့ ကောင်းကင်ခရီးဖြင့် ကြွရောက်တော်မူ၏။ ထို့နောက်တွင် မိစ္ဆာဒိဋ္ဌိအယူလွှမ်းမိုးလျက်ရှိနေသော မိခင်ဖြစ်သူနှင့် ဆွေမျိုးများကို တရားများ ဟောကြားတော်မူ၏။ ထို့နောက် ရသေ့နှစ်ပါးနှင့် ဘုရင်မင်းမြတ်တို့သည် မြတ်စွာဘုရားအား ဖူးတွေ့လိုသဖြင့် ပင့်ဆောင်ပေးရန် ပြောကြား၏။

ထို့နောက် မထေရ်သည် မဇ္ဈိမဒေသသို့ ပြန်သွားကာ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် (၁) ထိုဒေသတွင် သာသနာတော် ထွန်းလင်းမည်ကိုလည်းကောင်း၊ (၂) အတိတ်ဘဝက ဆွေတော်မျိုးတော်များ ကျွတ်တမ်းမဝင်ကြသေးသည်ကို လည်းကောင်း၊ (၃) သတ္တဝါများ ကျွတ်တမ်းဝင်ကြစေလို၍ လည်းကောင်း စသည့် အကြောင်းခြင်းရာများကြောင့်သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် မင်းနှင့် တကွသော တိုင်းသူပြည်သားများကို တရားရေအေးများ တိုက်ကျွေးတော်မူ၏။ မင်းနှင့် ပြည်သူတို့သည်လည်း မြတ်စွာဘုရားနှင့် နောက်ပါ ရဟန္တာ ၅၀၀ တို့ကို ဆွမ်းတို့ဖြင့် ခုနစ်ရက်တိုင် လုပ်ကျွေး၏။[၁]

ဆံတော်ပေးသနားခြင်း[ပြင်ဆင်ရန်]

ထိုကဲ့သို့ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေစဉ် ကေလာသတောင်ထိပ်နေ ရသေ့ကြီး၊ အတွင်းမိုးဂနိန်း အနောက်တောစွန်းနေ ရသေ့ကြီး အပါအဝင် ရသေ့ ခြောက်ပါးတို့သည် မြတ်စွာဘုရားထံမှ ပူဇော်ရန် အလို့ငှါ ဗုဒ္ဓပူဇနိယပစ္စည်းကို တောင်းခံလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဆံတော်မြတ် ခြောက်ဆူ ပေးသနားတော်မူ၏။ ထို့နောက် ရသေ့တို့သည် မိမိတို့ နေရပ်များသို့ မြတ်စွာဘုရား၏ ဆံတော်ကို ပင့်ဆောင်ကာ ကိုးကွယ်တော်မူခဲ့သည်။

အတွင်းမိုးဂနိန်းနေ ရသေ့ကြီးသည်လည်း မိမိ၏ နေရပ်သို့ ပြန်လာခဲ့သည်။ ထိုအခါ အတူနေ ရသေ့နှစ်ပါးသည် မြတ်စွာဘုရား၏ ဆံတော်ကို မိမိတို့ ပူဇော်ခွင့် မရကြဟု စိတ်နှလုံး မသာမယာ ဖြစ်ကြ၏။ ထိုအခါ အတွင်းမိုးဂနိန်းနေရသေ့ကြီးသည် စိတ်နှလုံး မသာမယာ မဖြစ်ကြဘဲ “မြတ်စွာဘုရား၏ ဆံတော်အား မိမိတို့ သုံးဦး ပူဇော်ခွင့် ရပါစေသတည်း” ဟု အဓိဋ္ဌာန်လေရာ ဆံတော်သည် သုံးဆူ ဖြစ်သွား၏။ ထိုအခါ ရသေ့သုံးပါးသည် တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ယူကာ မိမိတို့ နေထိုင်ရာ အရပ်ဒေသများတွင် အများသူငါ ဖူးမြော်နိုင်ရန် စေတီတည်ကြသည်။

ထိုရသေ့သုံးပါး တည်ထားကိုးကွယ်တော်မူခဲ့သည် စေတီတော်များမှာ မိုးဂနိန်းစေတီတော်၊ ကျိုက်မတ်ကော် စေတီတော်နှင့် ကျိုက်သီရိဓမ္မသိုက်စေတီတော်တို့ ဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဦးစေတနာ. ဆံတော်ရှင်ကျိုက်မတ်ကော်စေတီတော်မြတ်ကြီး