ကောလိယမြို့ဟောင်း

ဝီကီပီးဒီးယား မှ

ကောလိယမြို့ဟောင်း[ပြင်ဆင်ရန်]

ကောလိယမြို့ဟောင်းသည် ရှေးမှတ်တမ်းများ၌ ကောလိယအမည်ဖြင့်ပင် တည်ရှိခဲ့ပြီး ယခုတိုင်မြို့ရိုးမြို့ရာများကျန်ရှိ နေသေးသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ (ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ မြို့ရိုးကျေးရွာ။)မြောက်လတ္တီတွဒ် ၁၇ဒဂရီ ၄၉မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၉မိနစ်တွင် တည်ရှိ၏။ ရန်ကုန်-မန္တလေးမီးရထားလမ်း ပေါ်ရှိ ဒိုက်ဦးမြို့၏ အနောက်မြောက်စူစူး(၃)မိုင်ခန့်တွင် တည်ရှိသည်။ ကောလိယသည် မြို့ရိုး တံတိုင်း ကျုံးဟောင်းရာများကို တွေ့နိုင်သေးသည်။

ဒိုက်ဦးမြို့၏ မြောက်ဘက်စွန်း၊ ဒရယ်မြီးကျေးရွာမှ တစ်ဆင့်အညာစုကျေးရွာကို ဖြတ်၍ လက်ပန်သုံးခွရွာသို့သွားသည့် လမ်းအတိုင်း သွားရောက်နိုင်သည်။ ကောလိယမြို့ဆိတ်သုဉ်း ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ သို့ရာတွင် များစွာပွန်းတီးပျက်စီးနေပြီဖြစ်သည့် မြို့ရိုးတံတိုင်း၊ အရာဟောင်းများကို တွေ့မြင်နိုင်သေး၏။ မထင်မရှားသည့် ကောလိယရွာငယ်ကလေးသည် မြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးတစ်လျှောက်လုံးတွင် အိမ်ခြေအနည်းငယ်ဖြင့်ရှိလေသေးသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ကောလိယသည် စတုဂံပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းတစ်ခုဖြစ်၏။ မြို့ရိုးများဖြောင့်တန်းပြီး ထောင့်မှန်ခေါ်လောက်သည့် မြို့ထောင့်များရှိသည်။ မြို့ရိုးအတွင်း၌ အရှေ့နှင့်အနောက်အလျား ၇၅၀မီတာနှင့် တောင်မြောက်အနံ၊ ၃၆၀မီတာခန့်မျှရှိသည်။ မြို့ရိုးတံတိုင်းကို ရံလျက် ရှေးယခင်က ကျုံးထားရှိခဲ့ဖူးသည်။ သို့ရာတွင် ယခုအခါတွင် လယ်မြေများဖြစ်နေကြချေပြီ။ မြို့ရိုးတံတိုင်းမှာလည်း အရှေ့အနောက်ဝင်ရိုး တိတိကျကျဆောက်လုပ်ထားခြင်းမဟုတ်ဘဲ ယခုခေတ်သုံးသံလိုက် အိမ်မြှောင် အရဆိုလျှင် မြောက်မှ(၁၃) ဒီဂရီမျှစောင်း၍ တည်ရှိနေသည်ကို တွေ့ရ၏။

အတွင်းမြို့ရိုးနှင့် မီတာ၁၀ဝကျော်ပတ်လည်တွင် အပြင်ထပ်တစ်ထပ်ရှိသေးဟန်တူ၏။ သို့ရာ တွင် အရှေ့ဘက်မှတစ်ပါး ကျန်နေရာများ၌ တံတိုင်းမှာ မြင့်မို့မှုမရှိလှတော့ပေ။ အပြင်ထပ်တံတိုင်း ကိုပါ မြို့ရိုးအရံအထားအနေဖြင့် ထည့်၍တွက်လျှင် အလျား ၈၅၀မီတာနှင့် အနံ ၆၅၀မီတာ ကျော်ကျော်ခန့်ရှိပေသည်။ သို့ဖြစ်၍ မြို့ဟောင်းတစ်ခုလုံး၏ ပမာဏမှာ ဧရိယာအတွင်းမြို့ခွင် ဧရိယာထက် ၂ဆခွဲကျော် ၃ဆနီးပါးခန့်ကြီးလေသည်။


ပွန်းတီးမှု[ပြင်ဆင်ရန်]

ကောလိယမြို့ဟောင်းမှာ များစွာ ပွန်းတီးခဲ့ပြီး တောင်ဘက်မြို့ရိုးတစ်လျှောက်လုံးတွင် ကောလိယရွာကလေးတည်ရှိသည်။ ဤတောင်ဘက်ပိုင်းသည်ပင်လျှင် ကုန်းခေါင်ခေါင်ရှိပြီး မြောက်ဘက်ပိုင်းမူကား ရေကန်ကြီးတစ်ခုသဖွယ်ရေလွှမ်း လျက်ရှိလေပြီ။ အထူးသဖြင့် မိုးတွင်းဆို လျှင် ဆိုဖွယ်မရှိ။ မြောက်နှင့်အရှေ့ဘက်မြို့ရိုးများက အရံအတားအဖြစ်နှင့် ဆည်ဘောင်သဖွယ်ဖြစ် နေကာ မြို့တွင်းမှရေများမှာ ကန်ဆည်ထားသလို မြို့ဟောင်းအရှေ့မြောက်ဘက်တွင် ရေများစုနေ ဟန်ရှိသည်။ မြို့ရိုးများမှာများစွာ နိမ့်လျောပွန်းတီးခဲ့ပြီ။

စစ်တမ်းတွင် ကောလိယမြို့၏ နယ်ပယ်အကျယ်အဝန်းနှင့် ပတ်သက်၍၊ ကောလိယ မြို့သူကြီး ဗညားအိန္ဒာကျော်၏ လျှောက်ထားအစစ်ခံချက်ကို ပြည့်စုံပီပြင်စွာ ဖော်ပြထားပြီးဖြစ်၍ ထပ်၍မရေးတော့ပါ။ သက္ကရာဇ် ၁၁၆၄ခုနှစ် ကောလိယမြို့နယ်၏ လူဦးရေမှာ အရွယ်ရောက်ပြီး အမျိုးသား ၁၈၇ အမျိုးသမီး ၁၈၁နှင့် ကလေး-ယောက်ျား မိန်းမ စုစုပေါင်း ၅၂၄ ဦးရှိသည်ဟု စစ်တမ်းအရ သိရှိရ၏။ လူဦးရေနည်းလှပေသည်။

ကောလိယမြို့ဟောင်းနေရာသည် ယခုအချိန်အထိ မြို့ရွာစည်ပင်မှုတိုးချဲ့မှုကို မတွေ့ရ။ ယခင် ၁၉၅၈-ခုနှစ်ရိုက်ကူးသည့် ဓာတ်ပုံနှင့် ၁၉၈၀ခန့်ရိုက်ကူးသည့် ဓာတ်ပုံများကို လေ့လာကြည့် ရှုခြင်းဖြင့် မြို့ပြဧရိယာတိုးချဲ့ စည်ပင်လာမှုကို မတွေ့ရချေ။ (မူလစာရေးဆရာ = ဦးအောင်မြင့်)

မည်သို့ပင်ဆိုစေ ကောလိယ မြို့ဟောင်းကိုမူအခြေအနေမပျက် ထိန်းသိမ်းထားသင့်ပေ သည်။ ဖြိုဖျက်ခြင်းလုံးဝမပြုသင့်ပါ။ ရှေးယဉ်ကျေးမှုအမွေအနှစ်တစ်ခုပင်ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.facebook.com/notes/maung-maung-than/%E1%80%B1%E1%80%80%E1%80%AC%E1%80%9C%E1%80%AD%E1%80%9A%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/284853634875736