ကောက်ဘဇားမြို့

ဝီကီပီးဒီးယား မှ
ကောက်ဘဇားရှိ ဟိုတယ် မိုတယ်များ တည်ရှိရာဇုန်

ကောက်ဘဇားမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရှိ မြို့တစ်မြို့ ဖြစ်ပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရာ ဆိပ်ကမ်းမြို့ နှင့် ခရိုင် အုပ်ချုပ်ရေး မြို့တစ်မြို့လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော သဘာဝ သဲသောင်ပြင် ကမ်းခြေ ရှိသည့် အတွက် ထင်ရှားသည်။ ထို ကမ်းခြေမှာ ၁၂၅ ကီလိုမီတာမျှ ရှည်လျားပြီး အနိမ့်အမြင့် ပြေပြစ်ကာ အပြတ်အတောက် မရှိပေ။ စက်မှုလက်မှု ဆိမ်ကမ်းမြို့ ဖြစ်သော စစ်တကောင်းမြို့ ၏ တောင်ဘက် ၁၅၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ကောက်ဘဇားမြို့ကို ပနိုဝါမြို့ ဟုလည်း သိရှိကြပြီး အဓိပ္ပာယ်မှာ ပန်းပွင့်ဝါ ဟု အဓိပ္ပာယ်ရသည်။ အခြားသော အမည်ဟောင်းတစ်ခုမှာ ပလောင်ကီးမြို့ ဖြစ်သည်။

ယခုလက်ရှိ ကောက်ဘဇားမြို့၏ အမည်မှာ ဗြိတိသျှ အိန္ဒိယတွင် တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ကြီး ဟီရမ် ကောက် (၁၇၉၉ သေဆုံး) ကို အစွဲပြု၍ မှည့်ခေါ် ထားခြင်း ဖြစ်သည်။ ဝါရမ် ဟေ့စတင်း ဘင်္ဂလားပြည်နယ်၏ ဘုရင်ခံ ဖြစ်ပြီးသည့် နောက်တွင် ဗိုလ်ကြီးကောက်အား ပလောင်ကီးနယ်၏ စူပရီတင်းဒင့် အဖြစ် ခန့်ထားခဲ့သည်။ ဗိုလ်ကြီးကောက်ကို ရခိုင်မှ ဒုက္ခသည်များနှင့် ဒေသခံများ အကြား ရာစုနှစ်များစွာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် အထူး တာဝန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ကြီးကောက်သည် ကြင်နာတတ်သော နှလုံးသား ရှိပြီး ပြည်သူတို့၏ အခြေအနေမှာ သူ့ကို စိတ်မကောင်း ဖြစ်စေသည်။ သူသည် ဒုက္ခသည်များကို ပြန်လည် ထူထောင်ရေး တာဝန်ကြီးကို ထမ်းဆောင်ခဲ့ပြီး သိသိသာသာ အောင်မြင်မှု ရရှိခဲ့သည်။ သို့သော်လည်း သူ၏ အလုပ်တာဝန်များ မပြီးဆုံးမီ ၁၇၉၉ တွင် အချိန်မတိုင်မီ ကွယ်လွန်သွားခဲ့သည်။ သို့သော်လည်း သူလုပ်ဆောင်ခဲ့သော အလုပ်များက ဒေသခံတို့၏ နှလုံးသားတွင် စွဲထင် ကျန်ရစ်ခဲ့သည်။ ပြန်လည် ထူထောင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် သူ့အား အမှတ်ရသော အနေနှင့် ဈေးတစ်ခုကို တည်ထောင်ခဲ့ပြီး ကောက်၏ ဈေး သို့ Cox's Bazaar ဟု နာမည်ပေးခဲ့သည်။