ကိပ်တောင်းမြို့

ဝီကီပီးဒီးယား မှ
ကိပ်တောင်းမြို့ မြင်ကွင်း

ကိပ်တောင်းမြို့သည် တောင်အာဖရိကနိုင်ငံ တွင် ရှေးအကျဆုံးနှင့် ဒုတိယအကြီးဆုံးမြို့ ဖြစ်သည်။ ထို့ပြင် ဂွတ်ဒ်ဟုပ်အငူပြည်နယ်၏ မြို့တော်ဖြစ်၍ တောင်အာဖရိကပြည်ထောင်စု အစိုးရရုံးစိုက်ရာမြို့လည်း ဖြစ်လေသည်။ မြို့၏တည်နေရာမှာ ဂွတ်ဒ်ဟုပ်အငူ၏မြောက်ဘက် မိုင် ၃၀ ခန့်အကွာ တေဗယ်ပင်လယ်အော်၏ကမ်းခြေပေါ်တွင် ဖြစ်သည်။ ကုန်းဘက်ပတ်လည်တွင် မြင့်မားသော တောင်တန်းကြီးများက နယ်နိမိတ်သဖွယ်ကာရံလျက်ရှိသည်။ မြို့နှင့်ကပ်လျက်တည်ရှိသော တေဗယ်တောင်တန်းမှာ နှစ်မိုင်ခန့်ရှည်လျား၍ အချို့နေရာများတွင် ပေ ၃၅၀၀ ကျော်မြင့်သည်။ အရှေ့ဘက်၌ ဒဲဗဲပိခေါ် ‘သေမင်းတောင်ထွတ်’ သည် လွင်ပြင်၏ အစွန်းဖြစ်သကဲ့သို့ အနောက်ဘက်၌ လိုင်းယင်းစဟက်ခေါ် ‘ခြင်္သေ့ဦးခေါင်း’ တောင်ထိပ်သည် အစွန်းဖြစ်လေသည်။ ထိုတောင်ထိပ်နှစ်ခု ကြားရှိလွင်ပြင်၌ ကိပ်တောင်းမြို့သည် တင့်တယ်ခန့်ညားစွာ တည်ရှိသည်။ ကိပ်တောင်းမြို့ကို တည်ခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်လှပြီ ဖြစ်သော်လည်း ခေတ်မှီအောင် ပြုပြင်ပေးထားသောကြောင့် တောင်အာဖရိကပြည်ထောင်စုတွင် အလှပအခန့်ညားဆုံးမြို့တမြို့ ဖြစ်နေပေသည်။ မြို့၏ဗဟိုလမ်းမကြီးဖြစ်သော အက်ဒါလီလမ်းမကျယ်ကြီးမှာ လွန်စွာစည်ကား၍ ခေတ်မီ အဆောက်အအုံများနှင့် တင့်တယ်လှသည်။ ထိုလမ်းမှ ပင်လယ်ကမ်းခြေသို့ ကိုက် ၆၀၀ ရှည်သည့် အညောင်းပြေ လမ်းရှောက်ရန် ဆိပ်ခံတန်တားရှည်ကြီးဖြင့် ဆက်သွယ်ထားသည်။ ဥပဒေပြုလွှတ်တော် အဆောက်အအုံ၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်ကျောင်း၊ ဒတ်ချ်လူမျိုးတို့ ဆောက်ခဲ့သည့် ရဲတိုက်ကြီးနှင့် အစိုးရအဆောက်အအုံများစွာတို့မှာ အက်ဒါလီလမ်းမကြီး တလျှောက်နှင့် အစိုးရရိပ်သာတွင် တည်ရှိသည်။ မြူနီစီပယ်ဥယျာဉ်များကိုလည်း တွေ့ရ၏။ ဆိပ်ခံတံတားလမ်း အဝင်ဝအနီးတွင် မြို့ကိုစတင်တည်ထောင်ခဲ့သူ ဗန်ရီးဗိ၏ ကြေးရုပ်ရှိသည်။ ထိုနေရာမှ မနီးမဝေးတွင် ၁၉၂၄ ခုနှစ်က ဖွင့်လှစ်ခဲ့သော စစ်အထိမ်းအမှတ်ကျောက်တိုင်ရှိလေသည်။ မြို့၏ရာသီဥတုမှာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည့်အလျောက် သင့်တင့်မျှတသည်။ ကျန်းမာရေးအတွက် အစိုးရက ခေတ်မီနည်းစံနစ်များကို စီမံလျက်ရှိ၏။ ကိပ်တောင်းမြို့သည် တောင်အာဖရိကပြည်ထောင်စု၏ စည်ကားသော ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ ခန့်ညားသော ဆိပ်ကမ်းများရှိ၍ ကုန်တင်ကုန်ချ ပြုလုပ်ရာတွင် ခေတ်မှီကိရိယာများကို အသုံးပြုသည်။ ခရီးသည်များသည် ကိပ်တောင်းမြို့မှ တဆင့် ဂျိုဟန္နက်စဗတ်မြို့၊ ရိုဒီးဇီယားမြို့နှင့် ဒါဗန်မြို့များသို့ မီးရထားဖြင့် သွားကြသည်။ ဥရောပတိုက်မှ ဩစတြေးလီးယားတိုက်သို့ ကုန်များသယ်ယူ ပို့ဆောင်သော သင်္ဘောများဆိုက်ကပ်ရာ ဗဟိုဆိပ်ကမ်းလည်း ဖြစ်၏။ ထွက်ကုန်များမှာ အများအားဖြင့် သစ်သီးစို၊ သစ်သီးခြောက်၊ ပန်းနှင့် ဝိုင်အရက်များဖြစ်၏။ အခြားအရေးပါသော ထွက်ကုန်မှာ သားမွေး၊ ဆိတ်မွေး၊ သားရေနှင့် ပြောင်းများ ဖြစ်ကြသည်။ ကိပ်တောင်းမြို့တွင် လူမျိုးစုံနေထိုင်၍ အရှေ့တိုင်းသားမူဆလင်များ၊ ဒတ်ချ်လူမျိုး အဆက်အနွယ်များကို တွေ့နိုင်သည်။ မြို့၏ လူဦးရေမှာ ၂၀၀၇ ခုနှစ် သန်းခေါင်စာရင်းအရ သုံးသန်းခွဲခန့်ရှိသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)