ကိန္နရာအက

ဝီကီပီးဒီးယား မှ

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားလူမျိုးများ၏အရေးအပါဆုံး ယဉ် ကျေးမှုအကကို ညွှန်ပြပါဆိုလျှင် "ကိန္နရာအက"ကို ညွှန်ပြရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရှမ်း လူမျိုးတို့၏ရိုးရာယဉ်ကျေးမှုတွင် အစဉ်အလာကြီးမားစွာ တည်ရှိခဲ့သော ကိန္နရာအကကို မဖော်ပြလျှင် ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှုသည် ပြီးပြည့်စုံနိုင်လိမ့်မည် မဟုတ်ချေ။

ရှမ်းအမျိုးသားတို့၏ကိန္နရာ ကိန္နရီလက္ခဏာကို အောက်ပါအတိုင်း အကျဉ်းချုပ်မှတ်သား နိုင်ပေသည်။
၁။ ရွှေရောင်အဆင်းရှိပြီး အတီး အမှုတ် အက အခုန် ကျွမ်းကျင်သည်။
၂။ သိမ်မွေ့နူးညံ့သည့်အမူအရာရှိသည်။
၃။ ပန်းဝတ်မှုံ ဝတ်ဆံများကိုသာ စားသည်။
၄။ ပသာဒငါးပါးနှင့်ပြည့်စုံသည်။
၅။ ဘုရားပွင့်သည့်နေ့တွင် ဝမ်းသာရွှင်မြူးစွာ ကခုန်သည်။
အထက်ပါ အင်္ဂါလက္ခဏာငါးချက်မှာ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုများနှင့်သင့်တင့်ညီညွှတ် မှုရှိသည့်အပြင် ဘုရားဟော ဇာတ်တော်များနှင့်လည်း ကိုက်ညီမှု ရှိပေသည်။

ကိန္နရာအက စခဲ့ပုံ[ပြင်ဆင်ရန်]

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး မယ်တော်ဖြစ်ခဲ့ ဖူးသော သန ္တုဿိတနတ်သားအား အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်မှ သင်္က ဿနဂိုရ်ပြည်သို့ဆင်းသက်တော်မူခဲ့သည်။ ထိုသို့ဆင်းသက်တော်မူရာ၌ လူ နတ် ဗြဟ္မာ ကိန္နရာ ကိန္နရီ တို့ပါမကျန် မြတ်စွာဘုရားရှင်အား လာရောက်ဦးညွှတ်ပူဇော်ကြသည်။ ထိုသို့ ဘုရားရှင်အား လာရောက်ပူဇော်ကန်တော့ကြသည့်သတ္တဝါအပေါင်းတို့တွင် လှပ ကြော့ရှင်း ဖော့ယမင်းကဲ့သို့ နွဲ့နှောင်းပျော့ပြောင်းသော ဟန်အမူအရာရှိသည့်ကိန္နရာ ကိန္နရီတို့လည်း ပါ ဝင်ကြ၏။ ကိန္နရာ ကိန္နရီတို့သည် မြင်းမိုရ်တောင်မှ ဆင်းသက်လာကြသည်ဟူ၏။ လူတစ်ပိုင်း ငှက်တစ်ပိုင်းပင်ဖြစ်သော်လည်း အခြားသောသတ္တဝါများထက် လှပနွဲ့နှောင်း စွာ ပူဇော်ကန်တော့ကြသည်ဆို၏။ ကိန္နရာ ကိန္နရီတို့သည် မြတ်စွာဘုရားရှင်အား ယဉ်ကျေးသိမ်မွေ့စွာ ပူဇော်ကန်တော့ပြီး ကခုန်မြူးတူးကာ မြင်းမိုရ်တောင်သို့ ပျံသွားကြတော့သည်။ မြတ်စွာဘုရားရှင်အား လာရောက်ဖူးမြော် ပူဇော်ကန်တော့ကြသည့်ပရိသတ်များမှာ ကိန္န ရာတို့၏လှပဆန်းသစ်သော အမူအရာနှင့်ကကြိုးကကွက်များမှာ မျက်စိထဲမှ မထွက်နိုင်ကြသဖြင့် တသ သ လွမ်းတမြေ့မြေ့ ကျွမ်းမတတ် ခံစားကြရသည်ဟူ၏။ ထို့ကြောင့် ပန်တျာနှင့်ပတ်သက်၍ကျွမ်းကျင်သူတို့က မြင်တွေ့လိုက်ရသည့်ကိန္နရာကကြိုး ကကွက်များကို အတုယူပြီး လူဖြင့် အစားထိုး ကပြခဲ့ကြသည်။ ထိုအချိန်မှစ၍ "ကိန္နရာအက"စတင်ဖြစ်ပေါ်လာကြောင်း ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ သိရှိရပေသည်။

စကြဝတေးမင်းလက်ထက်[ပြင်ဆင်ရန်]

စကြဝတေးမင်းလက်ထက် ကိန္နရာအက ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ 'ကိန္နရာအက'ဖြစ်ပေါ်လာပုံတစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။ စကြဝတေးမင်း စိုးစံစဉ်ကာလက ဘုန်းတန်ခိုးအာဏာထက်မြက်သည့်မင်းဖြစ်သည့်အား လျော်စွာ တစ်နှစ်လျှင် တစ်ကြိမ် လူ နတ် တိရစ ္ဆာန်များ လာရောက်ပူဇော်ကန်တော့ကြရသည်။ လာရောက်ပူဇော်ကြသည့်သတ္တဝါအပေါင်းတို့တွင် ကိန္နရာ ကိန္နရီငှက်တို့သည် လှပရှုချင်စ ဖွယ်ရှိပြီး ယဉ်ကျေးသိမ်မွေ့သော ဟန်အမူအရာနှင့်ပြည့်စုံကြ၏။ နူးညံ့ပျော့ပျောင်း ဖရောင်းသဖွယ်ဖြစ် ၏။ အများနှင့်မတူ တစ်မူထူးခြားသည့်ကကြိုးကကွက်များဖြင့် သီဆိုမြူးတူး ကခုန်ပျော်ရွှင်လေ့ရှိကြ သည် ဆို၏။ ကိန္နရာတို့သည် နှစ်စဉ်နှစ်တိုင်း စကြဝတေးမင်းအား လာရောက်ပူဇော်ကန်တော့လေ့ရှိရာ တွေ့မြင်ရသူတို့မှာ လွမ်းဆွတ်ကြည်နူး ရွှင်မြူးပီတိ ဖြစ်ကြရပြီး စွဲတသသဖြင့် ရှုမဝအောင် ဖြစ်နေကြရ ၏။ စကြဝတေးမင်း မရှိသည့်နောက် မင်းအဆက်ဆက် ပြောင်းလာခဲ့ကြရာ မင်းတို့၏စရိုက် မတူညီကြသဖြင့် ကိန္နရာ ကိန္နရီငှက်များလည်း လာရောက်ပူဇော်ကန်တော့ကြသည့်စဉ်အလာမှာ ပျောက်ကွယ်သွားတော့သည်။ မိဘဘိုးဘွားများက ကိန္နရာတို့အကအကြောင်း ထုံးဟောင်းသက်သေရှိခဲ့ပုံများကို သား စဉ်မြေးဆက် ပြောပြခဲ့ရာ ကိန္နရာတို့၏ဟန်ပန်အမူအရာဖြင့် ကကြိုးကကွက်များကို တွေ့မြင်လိုကြသည့် ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် ဘုရင်မင်းမြတ်က တောကျွမ်းသည့်မုဆိုးကြီးအား ခေါ်ယူကာ ကိန္နရာငှက်ကို လက်ရဖမ်းယူခဲ့ရန် စေလွှတ်လိုက်သည်။ မုဆိုးကြီးက ဘုရင့်အမိန့်တော်အတိုင်း ထောင်ချောက်ဖြင့် ဖမ်းယူရာ ကိန္နရာငှက်ကို ရရှိခဲ့သည်။ ကိန္နရာငှက်သည် မုဆိုးလက်သို့ ရောက်ရှိခဲ့ရသော်လည်း ရက်စက်ကြမ်းကြုတ်သည့်လူ သားများနှင့်တွေ့ဆုံရန် ဝန်လေးနေရှာ၏။ ထို့ကြောင့်ပင် ကိန္နရာငှက်ကို စောင့်ရှောက်ရန် ရှမ်းဘာသာ ဖြင့် ကွန်းန်ခူင်(မြန်မာလို အစောင့်အရှောက်ဘီလူး)ခေါ် လူ့တိရစ ္ဆာန်ကြီးတစ်ဦးက လိုက်ပါလာရ၏။ သုဝဏ္ဏသာမဇာတ်တွင် ကိန္နရာတို့သည် လူကို ကြောက်ရွံ့ထိတ်လန့်ကြောင်း ပါရှိသဖြင့် ရှမ်းလူမျိုးတို့၏အယူအဆနှင့်တူညီနေပုံကို သတိမူသင့်၏။ ကိန္နရာ၏အစောင့်အရှောက် ဘီလူးပါရှိလာ ပုံနှင့်ပန်းချီပန်းပုများတွင် ဘီလူးရုပ်နှင့်ယှဉ်တွဲပါရှိနေပုံများကို သတိမူသင့်၏။(ဤကား စကားချပ်)

အစဉ်အလာအတိုင်း ကပြကြခြင်း[ပြင်ဆင်ရန်]

ရှမ်းပြည်နယ် အချို့သောဒေသများတွင် အထက်ပါအယူအဆအတိုင်း ကိန္နရာတစ်ကောင် မုဆိုးတစ်ယောက်နှင့်ကွန်းန်ခူင်တစ်ကောင်တို့ ပါဝင်ကပြကြသည်ကို တွေ့ရ၏။ ကပြပုံမှာ မုဆိုးကြီးက လေးမြားညွှတ်ကွင်းများ ကိုင်ဆောင်၍ လှည့်လည်နေဟန်၊ ကိန္နရာ မှာ ကွင်းလယ်၌ ကပြနေဟန်၊ ထို့နောက် မုဆိုးကြီးက ထောင်ချောက်များကို ပြင်ဆင်ပြုလုပ်နေဟန်၊ ကိန္နရာကို လေးမြားဖြင့် ပစ်ခတ်နေဟန် စသည်ဖြင့် သရုပ်ဖော်ကပြကြသည်။ ကိန္နရာကို စောင့်ရှောက်ရန် လိုက်ပါလာသည့်ကွန်းန်ခူင်ကမူ ခက်ရင်းခွ သို့မဟုတ် လှံ တစ်ချောင်းကို ကိုင်ဆောင်ပြီး ကိန္နရာ၏အနီးတွင် ရှိနေရသည်။ ကွန်းန်ခူင်သည် လူများအကြား မရောက်ရှိဖူးသဖြင့် ထိတ်လန့်နေဟန်၊ ကိန္နရာအား လူတို့ ရန်မပြုနိုင်စေရေးအတွက် ချောက်လှန့်နေဟန် စသည်ဖြင့် ဟာသရသပေါ်လွင်စွာ လှုပ်ရှားပြသရသည်။ ပွဲကြည့်ပရိသတ်များမှာ အထူးနှစ်ခြိုက်ကြသည်။ ဘုရင့်အမိန့်တော်အရ မျက်စိသူငယ်၊ နားသူငယ်ဖြင့် လူပုံအလယ် ရောက်ရှိလာရသော ကိန္နရာအပေါ် ကရုဏာစိတ်များ ဖြစ်ပွားကြရသည်။ မုဆိုးကြီး၏ ကြမ်းကြုတ်ခက်ထန်မှု ဒေါသရောင်များ လွှမ်းမိုးနေသဖြင့် ရုဒ္ဒရသ ပေါ်လွင်ထင်ရှားစေသည်။ ကွန်းန်ခူင်အဖြစ် သရုပ်ဆောင်သူမှာ ကြောက်လန့်ဖွယ်ရှိသည့်မျက်နှာဖုံးတပ်ဆင်ထားကြ သည်။ အဝတ်ကိုလည်း ရှမ်းစက္ကူများကို မွေးရှည်သဏ္ဌာန်ပြုလုပ်ပြီး ဝတ်ဆင်ထားသည်။ ကိန္နရာကသူ အမောအပန်းဖြေနေခိုက် မုဆိုးက ရိုးရာသီချင်းကိုလက်တန်းသီဆိုကြသည်။ ကပြသည့်အဖွဲ့ထဲမှာ ဝါသနာပါသူများလည်း ဝင်ရောက်၍ ဆိုနိုင်သည်။ အိမ်ရှေ့၊ ခြံရှေ့ စသည်တို့၌ ကပြသည့်အခါ အိမ်ရှင်၊ ခြံရှင်များအား ကျေးဇူးတင်ကြောင်း၊ စည်းစိမ်ဥစ္စာ တိုးပွားစေကြောင်း စသည့်ဆုတောင်းသီချင်းမျိုးကို စပ်ဆိုလေ့ရှိကြသည်။

ကိန္နရာ ကိန္နရီဝတ်စုံ[ပြင်ဆင်ရန်]

ရှမ်းကိန္နရာကမည့်သူ၏ဦးခေါင်းတွင် မကိုဋ်ပါသည့်ခေါင်းကို မျက်နှာစွပ်ထားရသည်။ တောင်ပံနှင့်အမြီးကို သုံးထပ်မှခုနစ်ထပ်အထိ ပြုလုပ်ကြသည်။ ခုနစ်ထပ်ရှိလျှင် သုံးထပ်မှာ အသေပြု လုပ်ထားကြသည်။ ကျန်လေးထပ်ကိုမူ အရှင်ပြုလုပ်ထားရသည်။ [ကိန္နရာအသေး(အငယ်)ဆိုလျှင် တောင်ပံနှင့်အမြီးနှစ်ထပ်သာ ရှိသည့်ဝတ်စုံကို အသုံးပြုကြသည်။] ကိန္နရာတောင်ပံကို လက်မောင်းရင်းနှင့်လက်ကောက်ဝတ်တွင် ကြိုးဖြင့်ချည်ထားကြသည် နောက်ထိန်းကြိုးနှစ်ချောင်းကို လည်ပင်းမှာသိုင်းပြီး ခါးပတ်၌ချည်ထားကြ၏။ တောင်ပံနှင့်အမြီးကို လှ လှပပလှုပ်ရှားစေရေးအတွက် နောက်ထိန်းကြိုးကို အသုံးပြုခြင်းဖြစ်သည်။ တောင်ပံအရောင်ကို ဖဲအ စိမ်းရောင်ဖြင့် အသုံးပြုကြသည်။ အချို့က ပိတ်ပါးအစိမ်းရောင်ဖြင့် ပြုလုပ်ကြသည်။ "မြကြောစိမ်းစိမ်း မြရည်လိမ်း"ဆိုသည့်နှယ် သဘာဝကျသော စီစဉ်မှုတစ်ရပ် ဖြစ်သည်။ အင်္ကျီကို ရင်စေ့ချုပ်ထားပြီး ရင်ပတ်၌ ရွှေပြားငွေပြား ကပ်ထားလေ့ရှိကြသည်။ နတ်ဝတ် တန်ဆာကဲ့သို့ ပြုလုပ်ထားကြသည်။ ရွှေချည်ထိုး ဘောင်းဘီခံပြီး ပုဆိုးတောင်ရှည်ကို ခါးတောင်းကျိုက် ၍လည်း ဝတ်ဆင်ကြ၏။ ကိန္နရီမ၏တောင်ပံကို နှစ်ထပ်မှသုံးထပ်အထိ ပြုလုပ်ကြသည်။ ပန်းန်ကူမ်ခေါ်မကိုဋ်မှာ ကိန္နရာနှင့်မတူဘဲ အမျိုးအစားကွဲပြားအောင် ပြုလုပ်လေ့ရှိကြသည်။

ရှေးက ရှမ်းကိန္နရာအက[ပြင်ဆင်ရန်]

ရှေးက ရှမ်းကိန္နရာအကများမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဆို၏။ ကြိုးပေါင်း ၆၀ ကျော်တပ်ပြီး မျက်နှာဖုံးလှလှစွပ်ကာ ရှမ်းဘောင်းဘီနှင့်လက်ကြပ်အင်္ကျီအပေါ်တွင် လယ်ဂျာ၊ ခါးပုံ၊ ခါးစည်း၊ လက်စည်းများအပြင် အိုးစည်သံနှင့်လိုက်၍ ပျော့ပျောင်းသိမ်မွေ့ညက်ညောစွာ ကပြလေ့ရှိကြ သည်ဟုသိရသည်။ အမြီးအတောင်ကို ဖွင့်ချည်ပိတ်ချည်ပြုလုပ်၍ လက်ချောင်းကလေးများတွင် ကြိုးတပ်ပြီး လက်လှုပ်ဟန်ကိုလိုက်၍ အတောင်များ ကြွကြွရွရွဖြစ်စေခဲ့သည်ဆို၏။ အလွန်ပျော့ပျောင်းသောအမျိုး သားများသာ ကပြလေ့ရှိသည်။ ကိန္နရာတို့၏ရိုးရာသဘာဝအတိုင်း ဆင်ယင်ကပြခြင်းဖြစ်၍ လွန်စွာကြည့်ကောင်းသည်ဟု ဆို၏။ နောက်ပြန်ခါးကော့၍ အတောင်ချည်းသာ လှုပ်ရှားကပြသည့်ယဉ်ကျေးမှုအနုပညာရပ်များအား ယခုအခါ မမြင်တွေ့ရတော့သည်မှာ ဝမ်းနည်းဖွယ် ကောင်းလှ၏။ ဤကား ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်အဖြစ် တင်ပြရခြင်း ဖြစ်၏။ ==တစ်လကျော် ကပြရ == ရှမ်းလူမျိုးတို့၏ကိန္နရာအကနှင့်အတူ တိုးနယားအကကိုလည်း ပူးတွဲကျင်းပလေ့ရှိကြ သည်။ ဘုရားသခင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ကြွချီတော်မူစဉ်က တိုးနယားလည်း ပါဝင်သည် ဆို၏။ ထို့ကြောင့် ရှမ်းကိန္နရာအကနှင့်အတူ တိုးနယားအကကိုလည်း ထည့်သွင်းကျင်းပကြသည်။ ရှမ်းပြည်နယ် ကိန္နရာအက(တိုးနယားအက)များ ကပြရာတွင် သီတင်းကျွတ်ပွဲတော်တွင် ကျင်းပပုံမှာ တစ်မူထူးခြားလှ၏။ သီတင်းကျွတ်လပြည့်နေ့တွင် ဥပုသ်သီလ စောင့်ထိန်းကြ၏။ အလှူဒါနပြုလုပ်ကြ၏။ "တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား"ဆိုသည့်စကားပုံအတိုင်း အလှူရေစက် လက် နှင့်မကွာသောသူများ ဖြစ်၏။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ တစ်ညလျှင် ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းကျစီ ပူဇော်ကန်တော့ပွဲ ပြုလုပ်လေ့ရှိသည်။ ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လုံးမှ သံဃာတော်အရှင်မြတ်တို့သည် ပူဇော်ကန်တော့ပွဲ ပြုလုပ်မည့်ကျောင်းသို့ ကြွရောက်လာကြရ သည်။ ပူဇော်ပွဲကျင်းပသည့်ရွာမှ တကာ တကာမများက လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ဖြင့် သံဃာတော် များအား ပူဇော်လှူဒါန်း ဆက်ကပ်ကြသည်။ ထိုသို့အစဉ်အလာအတိုင်း ပြုလုပ်ကြပြီးမှ ရှမ်းကိန္နရာအက၊ တိုးနယားအကများကို အား ပါးတရ ကခုန်ဖျော်ဖြေကြသည်။ ယင်းသို့ တစ်ညလျှင် တစ်ကျောင်းကျ အထက်ပါအစီအစဉ်အတိုင်း ပူဇော်ကန်တော့ပွဲများ ကျင်းပရသဖြင့် ဒေသအတွင်း၌ ဘုန်းတော်ကြီးကျောင်း များလေလေ ရက်ကြာရှည်လေလေ ဖြစ်ကာ ဘုန်းတော်ကြီးကျောင်းများသော နယ်ဒေသများတွင်မူ ကိန္နရာအက၊ တိုးနယားအကများမှာ တစ်လ ကျော်သော်လည်း က၍မပြီးနိုင်၊ ပရိသတ်ကလည်း အီ၍ မငြီးနိုင် ဖြစ်ရသည်။ ==ဆုမွန်တောင်းပြီးမှ ကပြ == အလှူအတန်းပွဲလမ်းသဘင်ရှိလျှင် အလှူရှင်အိမ်ရှင်များအား လာရောက်ကပြမည့်ကိန္နရာ အဖွဲ့က ကြိုတင်အကြောင်းကြားထားရသည်။ အလှူရှင်အိမ်ရှင်များကလည်း ပန်းပေါက်ပေါက်နှင့်ငှက် ပျောသီးများ ပါဝင်သည့်ကန်တော့ပွဲကို ပြင်ဆင်ပေးရသည်။ ထို့နောက် ကိန္နရာအဖွဲ့ခေါင်းဆောင်နှင့်အလှူရှင် အိမ်ရှင်တို့က အချီအချ ပြောဆိုကြရ သည်။ အချီအချ ပြောဆိုရာ၌ နဘေ ကာရံများဖြင့် အတိုင်အဖောက်ညီစွာ ပြောဆိုကြရသည်။

    • အိမ်ရှင်။ ။ အဆွေတို့... ဘယ်အရပ်က လာကြပါသလဲ။ ဘာတွေများ ယူဆောင်လာခဲ့ကြပါသလဲ။
    • အဖွဲ့ခေါင်းဆောင်။ ။ ကျွန်ုပ်တို့မြင်းမိုရ်တောင်ခြေရင်းက လာပါတယ်။ ကပြအသုံးတော်ခံရန်ကိန္န ရာလည်း ပါလာပါတယ်။
    • အိမ်ရှင်။ ။ ကိန္နရာဆိုသည်မှာ ဘယ်လိုငှက်မျိုး ဖြစ်ပါသလဲ။
    • အဖွဲ့ခေါင်းဆောင်။ ။ ကိန္နရာဆိုသည်မှာ ငှက်ကောင်းငှက်မြတ်မျိုး ဖြစ်ပါတယ်။ ကပြအသုံးတော် ခံလျှင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ရွှေငွေရတနာ စည်းစိမ်ဥစ္စာတွေလည်း တိုးပွားလာပါလိမ့်မယ်။
    • အိမ်ရှင်။ ။ အလို... ဒီလိုဆိုရင် ကျွန်ုပ်တို့အိမ်ထဲ ဝင်ရောက်ကပြပါဦးလား။ အဆွေတို့အဖွဲ့အားလုံးကို ကန်တော့ပွဲဖြင့် ခရီးဦးကြိုဆိုပါတယ်။ ဤကဲ့သို့ အချီအချ ပြောဆိုပြီးနောက် အသင့်ပြင်ဆင်ထားသည့်ကန်တော့ပွဲကို အဖွဲ့ခေါင်း ဆောင်အား ပေးအပ်ရသည်။ အဖွဲ့ခေါင်းဆောင်က အိမ်ရှင်(အလှူရှင်)အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန် ရွှေငွေ ရတနာများ ပေါပြည့်ဝရန်နှင့်စည်းစိမ်ဥစ္စာများ တိုးပွားစေရန်အတွက် ဆုမွန်ကောင်းတောင်းပေးရသည်။

ကိန္နရာအဖွဲ့စည်းကမ်း[ပြင်ဆင်ရန်]

ကိန္နရာကမည့်သူသည် ကိန္နရာဝတ်စုံကို ပထမဦးဆုံး ကန်တော့ရသည်။ ကန်တော့ပြီးမှ ဝတ်စုံကို ဝတ်ဆင်ရသည်။ ကိန္နရာဝတ်စုံကို ဝတ်ပြီးလျှင် အိုးစည်ကို ကန်တော့ပြီးမှ ကပြရသည်။ ကပြရာ၌ အိမ်ရှင်များ၏ဆန္ဒအတိုင်း ကပြရသည်။ ရရှိသည့်ဆုငွေကို အဖွဲ့သားအားလုံး ပိုင်ဆိုင်ကြသည်။ ကိန္နရာဝတ်စုံကို အမျိုးသမီးများ မကျော်လွှားရချေ။ ၎င်းပြင် ဝတ်ကြည့်၊ စွပ်ကြည့် ခြင်းများလည်း မပြုလုပ်ရချေ။

အကနှစ်မျိုးနှင့်ကကြိုးကကွက်[ပြင်ဆင်ရန်]

ရှမ်းကိန္နရာတွင်-

  1. လိုင်းကကန်တော့(ကန်တော့ပန်းဆင်အက)နှင့်
  2. လိုင်းကလော်င်အပုမ်(ဝတ္ထုပုံပြင် သရုပ်ဖော်)အကဟူ၍ နှစ်မျိုးရှိသည်။ လိုင်းကကန်တော့(ကန်တော့ပန်းဆင်)အကကို ဘာသာရေးနှင့်ပတ်သက်သည့်ပွဲလမ်း သဘင်များ၌သာ ကပြရသည်။ ကိန္နရာတစ်ကောင်တည်း ကပြရပြီး မျက်နှာဖုံး တပ်ဆင်ရသည်။ ကပြ မည့်နေရာတွင်ရပ်၍ ကိန္နရာဝတ်စုံအလှကို ပြသရသည်။ တောင်ပံနှင့်အမြီးတို့ကို လှပစွာ ဖြန့်ပြရသည်။ ထို့နောက် ကွင်းတစ်ပတ် လျှောက်ပြရသည်။ စ၍လျှောက်သည့်နေရာသို့ ရောက်ရှိမှ ကိန္နရာအကကို ကပြရသည်။ လက်အုပ်နှစ်ဖက်ချီ၍ ဦးခေါင်းကို ဟိုသည်ငဲ့ကာ နွဲ့နွဲ့နှောင်းနှောင်း ဟန်အမူအရာဖြင့် ကန် တော့ပန်းဆင်ပြီးနောက် ကွင်းပတ်၍ ကပြရသည်။ ကပြရာ၌ ပျော်ရွှင်ဝမ်းမြောက် မြူးကြွသည့်ဟန်အမူ အရာဖြင့် ကပြရသည်။ ကွင်းတစ်ပတ်ကပြ၍ မူလနေရာသို့ ရောက်ရှိသောအခါ သိမ်မွေ့သောအမူအရာဖြင့် ကပြ ရင်း ရှေ့သို့တက်ရသည်။ ကွင်းလယ်သို့ ရောက်ရှိလျှင် ကိုယ်ကို နှိမ့်လိုက်၊ မြင့်လိုက်ပြုလုပ်ပြီး တဖြည်း ဖြည်း အောက်သို့ နှိမ့်ချဝပ်တွားဟန်ဖြင့် ရှေ့တည့်တည့်(ရဟန်းသံဃာတော် သို့မဟုတ် လူကြီးများစု ဝေးနေထိုင်ရာ)သို့ ကန်တော့ပန်းဆင် ကပြကြရသည်။ ထို့နောက် ကိုယ်ကို နှိမ့်ထားရာမှ တဖြည်းဖြည်းချင်းထပြီး သုံးကြိမ်ပြည့်အောင် ကန်တော့ ပန်းဆင်ရသည်။ ယင်းသို့ သုံးကြိမ်တိုင်တိုင် ကန်တော့ပန်းဆင်ပြီးလျှင် အိုးစည်တီးသံသို့လိုက်ပြီး ပျော် ရွှင်မြူးကြွ လှပစွာ ကခုန်ဖျော်ဖြေ တင်ဆက်ကြသည်။ ကိန္နရာ၏လှပနွဲ့နှောင်းသည့်ခန္ဓာကိုယ်နှင့်အတူ မြီးဖျားတောင်ပံတို့ကို ဖြန့်လိုက်၊ စုလိုက်၊ ခေါင်းကိုငဲ့လိုက်၊ စောင်းလိုက်ဖြင့် ကပြနေသည့်ကိန္နရာအကမှာ ပရိသတ်များ မှင်တက်မိအောင် အ သည်းသို့ထိမျှ စွဲငြိစေသော ရိုးရာအကပညာတစ်ရပ် ဖြစ်သည်။ လိုင်းကလော်င်အပုမ်(ဝတ္ထုပုံပြင် သရုပ်ဖော်)အကကိုမူ များသောအားဖြင့် ဇာတ်စင်များ ပေါ်တွင် ကပြလေ့ရှိသည်။ ထိုအကကို ကပြရာ၌ ကိန္နရာ ကိန္နရီမောင်နှံစုံ ပါဝင်ကြသည်။ အမျိုးသား(ကိန္နရာ)က မျက်နှာဖုံးတပ်ဆင်ပြီး အမျိုးသမီး(ကိန္နရီ)မှာ မျက်နှာဖုံး မတပ်ကြပါ။ ရှေးဦးစွာ ကိန္နရာဖိုက ကွင်းတစ်ပတ်လျှောက်ပြီး ကပြရာနောက်သို့ ကိန္နရီမက နောက်မှ လိုက်ပြီး ကပြရသည်။ ကိန္နရာဖိုက ကိန္နရီမကို စိတ်မချသည့်ဟန်ဖြင့် ရပ်လိုက်၊ သွားလိုက်၊ ကိန္နရီမ၏ မျက်နှာကို တစ်ဝကြီး ကြည့်လိုက်ဖြင့် ကွင်းတစ်ပတ်ပြည့်အောင် လှည့်၍ကပြရသည်။ ကွင်းလယ်သို့ ရောက်ရှိမှ ဝတ္ထုဇာတ်လမ်းကို စ၍ကပြရသည်။ ကိန္နရာဖိုက ကောင်းကင်သို့ မြားသုံးကြိမ်ပစ်လွှတ်ဟန်၊ မြားကို လိုက်ဖမ်းဟန်၊ မြားမှန်သ ဖြင့် ထိခိုက်နာကျင်လဲကျဟန် စသည်ဖြင့် ပြုလုပ်ရသည်။ နာကျင်သည့်ဒဏ်ကြောင့် ကိုယ်လုံး၊ တောင် ပံနှင့်အမြီးတို့ကို တဖျပ်ဖျပ်ခတ်ကာ ယိမ်းယိုင်နေဟန် ပြုလုပ်ပြရသည်။ ကိန္နရီမက ကိန္နရာကို ပတ်ပြီး ဝမ်းနည်းငိုကျွေး ပူဆွေးသောက ဗျာပါဒမီးတောက်ကာ အပူလုံးကြွ၍ ယူကျုံးမရ ဖြစ်သည့်ဟန်ဖြင့် ကပြရသည်။ ထို့နောက် ကိန္နရီမက သစ္စာတိုင်တည်ပြီး နတ်သိကြားများထံ အကူအညီတောင်းရသည်။ သိကြားမင်းက လာရောက်၍ ကုသပေးသည့်အလား ကိန္နရီမက ဆင်းလိုက်၊ ပျံလိုက်၊ ရစ်ဝဲလိုက်ဖြင့် ကပြရသည်။ ကိန္နရာဖိုမှာ ဒဏ်ရာတဖြည်းဖြည်း သက်သာလာဟန်ဖြင့် လှုပ်ရှားပြီး ထလာကာ ကိန္နရာ ကိန္နရီမောင်နှံ တူစုံတွဲပြီး နွှဲပျော်နေကြဟန် ပြန်လည်ကပြရသည်။ ပရိသတ်များမှာ သေအတူ ရှင်မကွာ မခွဲမခွာ သစ္စာရှိကြသည့်ကိန္နရာ ကိန္နရီမောင်နှံကို ကြည့်ပြီး သဘောကျနှစ်ခြိုက်စွာ အားပေးကြသည်။

လက်ဆင့်ကမ်း ဆောင်ရွက်သင့်[ပြင်ဆင်ရန်]

ဇာတကဝတ္ထုတော်၌ ပါရှိသည့် စန္ဒကိန္နရီဇာတ်ပုံနှင့် အလားတူသည့် ဤရှမ်းကိန္နရာအကမှာ လွန်စွာပင် ကြည့်ကောင်းလှ၏။ ရိုးရာစဉ်ဆက်မပျက် ကကြိုးကကွက်များ တီထွင်၍ ယနေ့တိုင်ရှင်သန် နေလျက်ရှိသော ပြည်ထောင်စုဖွားတိုင်းရင်းသား ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှု အနုပညာရပ်များအား ကျွန်ုပ်တို့ ပြည်ထောင်စုသားများက လက်ဆင့်ကမ်း ထိန်းသိမ်းထားနိုင်ကြမည်ဆိုလျှင် ပို၍တိုးတက် လာနိုင်၏။ အောင်မြင်လာနိုင်၏။ ဂုဏ်ယူစရာ၊ မြတ်နိုးစရာ၊ နှစ်ခြိုက်စရာအပြည့်ရှိသည့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောပပျောက်ခြင်း မရှိရေးအတွက် တိုင်းရင်းသားအားလုံး၌ တာဝန်ရှိ၏။ ရှမ်းလူမျိုးတို့၏ကိန္နရာအက ကိန္နရာအယူအဆနှင့်ယဉ်ကျေးမှုအစဉ်အလာများမှ ကိန္နရာ နှင့်ပတ်သက်သည့်ဓလေ့ထုံးစံများအား သိမြင်ခံစားရသည်မှာ သမိုင်းအတွက် တန်ဖိုးရှိလှ၏။ ယဉ်ကျေး မှုအတွက် အထောက်အကူဖြစ်စေ၏။ မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူစရာကောင်းသည့်ရိုးရာယဉ် ကျေးမှုအမွေအနှစ်များဖြစ်၏။ ယဉ်ကျေးသော၊ သိမ်မွေ့သော၊ ရိုးသားသော၊ အနုပညာရပ်ပေါင်းစုံပါဝင်သော ကိန္နရာအ လှ ကိန္နရာအကသည် ရှမ်းလူမျိုးတို့အတွက်သာမက မြန်မာတစ်မျိုးသားလုံးတို့အတွက် လက်ဆင့် ကမ်းဆောင်ရွက်ရမည့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင် ဖြစ်ပါတော့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စိတြ ရေးသားသော "ကိန္နရာ ကိန္နရီ"စာအုပ် စာမျက်နှာ(၃၆ မှ ၄၄ ထိ)