ဟူအန် ကာလို့စ် ၁

ဝီကီပီးဒီးယား မှ
(ကာလို့ ဝှမ် မှ ပြန်ညွှန်းထားသည်)
စပိန်နိုင်ငံဘုရင် ဝှမ်ကာလို့ (၂၀၁၃)

စပိန်နိုင်ငံ ပထမမြောက်ဘုရင် ဟူအန် ကာလို့စ် (အင်္ဂလိပ်: Juan Carlos) ကို ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် အီတလီနိုင်ငံရောမမြို့တွင် မွေးဖွားသည်။ တစ်ဆယ့်သုံးဆက်မြောက် အယ်လဖွန်းဆိုး ဘုရင် ၏ မြေးတော်ဖြစ်သည်။ မိဘများသည် ဗူးဗွန်းမင်းဆက်ဖြစ်ကြ သော ဗာစီလိုးနားနယ်စား ဒွန်ယွန်ဒီဗူးဗွန်နှင့် မာရီယာတို့ ဖြစ်သည်။

ယူထရိတ်စာချုပ်အရ ဗူးဗွန်းမင်းဆက်သည် ၁၇၁၃ ခုနစ် ပ ဉ္စမဖိလစ်ဘုရင် စိုးစံသည့် အချိန်မှစ၍ စပိန်နိုင်ငံကို အုပ်စိုး ခဲ့သည်။ ၁၈၃၃ ခုနှစ် သတ္တမမြောက် ဖာဒိနန်ဘုရင် နတ်ရွာစံ ပြီးသည့် နောက်ပိုင်း၌ တန်ခိုးအာဏာ မှေးမှိန်ခဲ့သော ဗူးဗွန်း မျိုးနွယ် နန်းဆက်သည် ဝှမ်ကာလို့ လက်ထက်တွင် ပြန်လည် ရှင်သန်၍ လာလေသည်။

ဝှမ်ကာလို့သည် ဖရိုင်ဘတ်မြို့နှင့် ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့များတွင် မူလတန်းပညာကို သင်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ် အသက် ၁ဝ နှစ်အရွယ်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်း ပညာများကို စပိန်နိုင်ငံ မဒရစ်မြို့၌ သင်ကြားသည်။ သူ၏ဖခင် ဘာစီလိုးနားနယ်စား၏ဆန္ဒအရ နိုင်ငံနှင့် မကင်းကွာ စေရန်အတွက် စပိန်နိုင်ငံတွင် ပညာသင်ကြား၍ ၁၉၄၈ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ မက်ဒရစ်မြို့ရှိ ဆန်အိုင်စီဒရို တက္ကသိုလ်တွင် ပညာသင်ကြားသည်။

၁၉၅၅ ခုနှစ်တွင် စရာဂေါ့ဆား စစ်ပညာသင်ကျောင်းဝင် ခွင့် စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ဗိုလ်သင်တန်း တက်ရောက် သည်။

၁၉၅၈ ခုနှစ်တွင် ဒုတိယဗိုလ် ရာထူးသို့ တိုးမြှင့်ခြင်း ခံရသည်။ ထိုနှစ်ကုန်ဆုံးသည့်အခါတွင် လေတပ်ကျောင်းသို့ တက်ရောက်၍ လေယာဉ်မှူးအဖြစ် ဆောင်ရွက်သည်။ ထို နောက် စရာဂေါ့ဆား စစ်ပညာသင်ကျောင်းသို့ လက်တွေ့ လေ့ကျင့်မှု ရရှိရေးအတွက် ဝင်ရောက်သည်။ ကြည်း၊ ရေ၊ လေတပ်များတွင် ဗိုလ်ရာထူး ခန့်အပ်ခြင်းခံရသည်။ ရှစ်နှစ်ကြာသောအခါ ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ စစ်ပညာများကို သင်ကြားပြီး ၁၉၆ဝ ပြည့်နှစ်တွင် ဝှမ် ကာလို့သည် တက္ကသိုလ်ပညာရပ်များကို မဒရစ်မြို့၌ သင်ကြား သည်။

၁၉၆၂ ခုနှစ်တွင် ဂရိနိုင်ငံ ဘုရင်ပေါနှင့် ကြင်ယာတော် ပက်ဒရိကတို့၏ သမီးတော် ဆိုဖီယာမင်းသမီးနှင့် ထိမ်းမြား သည်။ သားသမီးသုံးဦး ထွန်းကားသည်။ ဖိလစ်မင်းသား နန်းလျာ၊ အယ်လီနာ မင်းသမီးနှင့် ခရစ်စတီးနား မင်းသမီးတို့ ဖြစ်သည်။

နိုင်ငံ၏ အခြေအနေ စူးစမ်းလေ့လာ ဗဟုသုတရယူရန် အတွက် ဝှမ်ကာလို့သည် အစိုးရဌာနများ၌ ဝင်ရောက်လုပ်ကိုင် လေ့ကျင့်၍ နိုင်ငံတဝန်းလုံးသို့ ခရီးလှည့်လည်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပါလီမန်လွှတ်တော်က ဝှမ်ကာလို့အား စပိန်မင်းသားဘွဲ့ အပ်နှင်း၍ နိုင်ငံတော် အဓိပတိရာထူးကို ဆက်ခံမည့်သူအဖြစ် ကြေညာသည်။ ၁၉၇၄ ခုနှစ်နှင့် ၁၉၇၅ ခုနှစ်များတွင် နိုင်ငံတော်အဓိပတိ ဗိုလ်ချုပ်ဖရန်ကို နာမကျန်း ဖြစ်သောအခါ နှစ်ကြိမ်တိုင်တိုင် ဝှမ်ကာလို့သည် အဓိပတိ၏ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ဗိုလ်ချုပ်ဖရန်ကို ကွယ်လွန်သောအခါ ဝှမ်ကာလို့ သည် နိုင်ငံတော်၏ အခြေခံဥပဒေကို လေးစားခံယူမည့် အကြောင်း ပါလီမန်တွင် ကျမ်းသစ္စာဆိုသည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စပိန်နိုင်ငံ၏ ဘုရင်မင်းမြတ် အဖြစ် ခံယူသည်။

စပိန်ဘုရင်နှင့် မိဖုရားသည် မဒရစ်မြို့နှင့် သုံးမိုင်ကွာဝေး သော ဇာဇူလာနန်းတော်၌ နေထိုင်ကြသည်။ ဘုရင်ကာလို့သည် အားကစား ဝါသနာပါ၍ ရေခဲပြင်ပေါ် လျှောစီးခြင်း၊ ရွက်လှေ မျှောခြင်း အစရှိသည်တို့တွင် လေ့ကျင့်မှု အတော်အတန် ပြု လုပ်သဖြင့် ကမ္ဘာရွက်လှေပြိုင်ပွဲများတွင် ထူးချွန်ဆုများကို ဆွတ်ခူးခဲ့သူတစ်ဦး ဖြစ်လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)